Search This Blog
28 August, 2011
Dutch Disease (ဒတ်ခ်ျရောဂါ) အကြောင်း သိကောင်းစရာ
နိဒါန်း
လူ့ကိုယ်ခန္ဓာမှာ ဖြစ်ပွားနေတဲ့ ရောဂါလက္ခဏာတွေ စတင်ပေါ်ထွက်လာတဲ့အခါ ဂရုတစိုက်စောင့်ကြပ်ကြည့်ရှုပြီး ကျွမ်း ကျင်သူတွေရဲ့ အကြံဥာဏ်တွေ၊ ကုထုံးတွေကို စနစ်တကျ ခံယူဖို့ လိုအပ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး အခြေအ နေတွေမှာလဲ ရောဂါဝေဒနာတွေ ဖြစ်ပွားလာတတ်တာကြောင့်၊ ကနဦးလက္ခဏာများ စတင်ပေါ်ထွက်လာစဉ် ကတည်းက သတိပြုမိပြီး၊ လိုအပ်သော ကုသမှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ထားမယ်ဆိုရင် ဝေဒနာဆိုးတွေကနေ သက်သာစေနိုင် ပါတယ်။
နိုင်ငံတနိုင်ရဲ့ စီးပွားရေးမူဝါဒတွေမှာ အကြမ်းဖျင်းအားဖြင့် internal objectives (စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ် လက်မဲ့ ရာခိုင်နှုန်းနည်းပါးရေး၊ ငွေကြေးဖောင်းပွခြင်း လျော့နည်းရေးစသည်များ) ပါဝင်သလို၊ external objectives (နိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်း- balance of payments equilibrium ဖြစ်ရေး၊ နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်း ဆောင်တာများအား အားပေးဆောင်ရွက်ရေး၊ ငွေလဲလှယ်နှုန်းများ အလွန်အကျွံ အတက်အကျများမှုအား ကာကွယ်ရေး စသည်များ) လဲ ပါဝင်ပါတယ်။ ဒီလို internal objectives နဲ့ external objectives တွေ အောင်မြင်ရေးအတွက် ငွေလဲ လှယ်နှုန်း (exchange rate) က အရေးကြီးပါတယ်။
ငွေလဲလှယ်နှုန်းလျော့နည်းခြင်း (depreciation of exchange rate) ဖြစ်လာတဲ့အခါ ပြည်တွင်းသွင်းကုန် တန်ဖိုးတွေ မြင့်မားလာပြီး၊ ငွေကြေးဖောင်းပွမှု (inflation) ဖြစ်လာပါတယ်။ စီးပွားရေးမှာ ပြည်ပပို့ကုန်ကဏ္ဍ အားကောင်းလာပြီး၊ သွင်းကုန်တင်သွင်းမှု လျော့နည်းလာပါတယ်။ ဒီလို ပြည်ပပို့ကုန်ကဏ္ဍ အားကောင်းလာချိန်မှာ ပို့ကုန်တွေက သဘာဝ သယံဇာတအရင်းအမြစ်များ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ စသည်များ) ကို အခြေပြုထားခဲ့ရင်၊ ပြည် တွင်းကို နိုင်ငံခြားငွေ အများအပြား စီးဝင်လာပါတယ်။
တပြိုင်နက်တည်းမှာပဲ နိုင်ငံခြားမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှု (Overseas Development Aid) တွေ ကနေ တဆင့် နိုင်ငံခြားငွေတွေ အများအပြား စီးဝင်လာပါတယ်။ ဒီအခါမှာ ပြည်တွင်းမှာ exchange rate volatility ဖြစ် လာပါတယ်။ ငွေလဲလှယ်နှုန်း အဆမတန် မြင့်မားမှု (appreciation of exchange rate) ဖြစ်လာရာကနေ၊ စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍများမှ ပြည်ပပို့ကုန်များရဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအား ကျဆင်းလာပြီး၊ ပြည်ပပို့ကုန်ကဏ္ဍကို ထိခိုက်လာ စေ နိုင်ပါတယ်။ အကယ်၍ နိုင်ငံတနိုင်ငံမှာ သဘာဝသယံဇာတ အရင်းအမြစ်များအား ပြည်ပသို့ ပို့ဆောင်မှု၊ ပြည်ပနိုင် ငံများအား ရောင်းချမှု စတာတွေကနေ နိုင်ငံခြားငွေ အများအပြား ၀င်ရောက်နေပြီး၊ ပုံမှန်မဟုတ်တဲ့ ငွေလဲလှယ်နှုန်း တိုး တက်မြင့်မားလာခြင်းတွေလဲ ဖြစ်နေပြီဆိုရင်၊ တနည်းဆိုရင် ပြည်တွင်းမှာ သုံးစွဲတဲ့ ငွေက ပုံမှန်မဟုတ်ပဲ မာလာပြီဆိုရင်၊ Dutch Disease ရဲ့ ကနဦးရောဂါလက္ခဏာတွေ ပြသနေပြီလို့ ဆိုနိုင်ပါတယ်။
Dutch Disease ဆိုရာဝယ်
မြောက်ပင်လယ် (North Sea) မှာ သဘာဝဓာတ်ငွေ့ တွေ့ရှိပြီးနောက်ပိုင်း၊ နယ်သာလန်နိုင်ငံရဲ့ စီးပွားရေး အဆောက် အုံကို သက်ရောက်မှုတွေအကြောင်း လေ့လာဆန်းစစ်ထားတဲ့ ဆောင်းပါးတပုဒ်ကို (၁၉၇၇) ခုနှစ်မှာ The Economist က ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးရဲ့ အမည်က “The Dutch Disease” ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ သဘာဝဓာတ် ငွေ့ကို ပြည်ပသို့ တင်ပို့ရာကနေ နိုင်ငံခြားငွေ အများအပြား နိုင်ငံတွင်းသို့ စီးဝင်လာခြင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှု လက်မှုကဏ္ဍ အရင်းအမြစ်များ Booming sector သို့ ရွှေ့ပြောင်းသွားခြင်း စသည်များကြောင့် ဈေးနှုန်းနဲ့ ငွေလဲလှယ် နှုန်း ပြောင်းလဲသွားပုံတွေ၊ ငွေလဲလှယ်နှုန်း မြင့်မားလာတဲ့အတွက် အခြားပို့ကုန်ကဏ္ဍမှာ ဈေးကွက်ရှယ်ယာ လျော့နည်း လာပြီး၊ ပို့ကုန်ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်ပုံတွေကို မီးမောင်းထိုးပြထားခဲ့ပါတယ်။
(၁၉၅၉) ခုနှစ်က နယ်သာလန်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး natural resource sector အခြေပြုတဲ့ ပို့ကုန်ဝင်ငွေ တိုးမြင့်လာပါတယ်။ စက်မှုလက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကျဆင်းလာပြီး၊ (၁၉၇၀) ခုနှစ်တွေမှာ စက်မှုကဏ္ဍထဲမှာ လုပ်ကိုင်နေသူတွေ (၁၆) ရာခိုင်နှုန်း လျော့နည်း သွားပါတယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်း က (၁.၁) ရာခိုင်နှုန်းကနေ (၅.၁) ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ share of profits ဟာ (၁၉၆၀) ကာလတွေမှာ (၁၆.၈) ရာခိုင်နှုန်းရှိရာကနေ (၁၉၇၀) ကာလတွေမှာ (၃.၅) ရာခိုင်နှုန်းအထိ ထိုးကျသွားပါ တယ်။
(၁၉၇၀) ကာလတွေမှာ ဗြိတိန်နိုင်ငံမှာလဲ အလားတူ စီးပွားရေးအခြေအနေတွေ ဖြစ်ပွားခဲ့ပါတယ်။ ရေနံဈေးနှုန်းတွေ လေးဆလောက်တက်နေချိန်မှာ စကော့တလန်ကမ်းခြေအနီးမှာ ရေနံရှာဖွေလာနိုင်တဲ့အတွက် ဗြိတိန်နိုင်ငံဟာ ရေနံတင် ပို့တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ဒီလို natural resource sector ကို အလေးပေး ဆောင်ရွက်တဲ့အခါ စတာလင်ပေါင် ငွေလဲ နှုန်း မြင့်တက်လာပါတယ်။ သို့ပေမယ့် ဗြိတိန် အလုပ်သမားတွေရဲ့ လုပ်ခတိုးမြင့်တောင်းဆိုမှုတွေ ထွက်ပေါ်လာပြီး၊ အ ခြားပို့ကုန်တွေကလဲ uncompetitive ဖြစ်လာတဲ့အတွက် ဗြိတိန်မှာ recession ဖြစ်သွားပါတယ်။ ဒါဟာ Dutch Disease ရဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ Angola, Nigeria, Sudan , Venezuela, Sierra Leone, Liberia နဲ့ Congo အပါအ၀င် သဘာဝသယံဇာတ အရင်းအမြစ် ပို့ကုန်ကနေ ရရှိလာတဲ့ နိုင်ငံခြားငွေကြောင့် ငွေလဲနှုန်းတိုးတက်လာတဲ့ နိုင်ငံတွေမှာ Dutch Disease ကို ခံစားနေကြရပါတယ်။
အကျိုးသက်ရောက်မှုများ
Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံတွေနဲ့ ပတ်သက်ပြီး၊ သဘာဝသယံဇာတ အရင်းအမြစ် အမျိုးအစား တမျိုး ဖြစ်တဲ့ ရေနံရဲ့ အကျိုးသက်ရောက်ပုံကို ဥပမာပေး တင်ပြလိုပါတယ်။ ရေနံကရရှိတဲ့ တိုင်းပြည် ၀င်ငွေတွေကလဲ စီးပွား ရေးအဆောက်အအုံကို လွှမ်းမိုးမှု ရှိလာတဲ့အခါ ငွေကြေးဖောင်းပွမှုနှုန်းတွေ မြင့်တက်လာပြီး၊ လူနေမှုစရိတ် စကတွေ တက်လာပါတယ်။ ဒီအချိန်မှာ တခြားစီးပွားရေးကဏ္ဍတွေ ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ လျော့နည်းလာပြီး၊ စီးပွားရေးပြိုင်ဆိုင်မှု (economic competition) ကိုပါ ထိခိုက်စေပါတယ်။
အဲဒီအခါမှာ အစိုးရဟာ ရေနံက ရရှိတဲ့ အကျိုးအမြတ်တွေကို ခံစားရလာတာနဲ့အမျှ လာဘ်စားမှုတွေနဲ့ ဖြုန်းတီးမှုတွေ ဖြစ်လာပြီး၊ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်။ ရေနံက ရရှိလာတဲ့ အကျိုးအ မြတ်တွေကို တိုင်းပြည်တွင်းမှာ ပြန်လည် ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲ၊ ကိုယ်ပိုင် အကျိုးစီးပွားအတွက် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံတာ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ဖြစ်လာပြီး၊ တိုင်းပြည်ရဲ့စီးပွားရေးမှာ ပြန်လည် ရင်း နှီးမြှုပ်နှံခြင်း မရှိတဲ့အခါ အခြေအနေတွေက ဆိုးသထက်ပိုပြီး ဆိုးလာနိုင်ပါတယ်။
Dutch Disease ရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာကြတဲ့အခါ ဘောဂဗေဒပညာရှင် Corden နဲ့ Neary တို့ ရေး ဆွဲခဲ့တဲ့ core model ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီ model အရ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကဏ္ဍများကို သဘာဝ အ ရင်းအမြစ်ကဏ္ဍ (natural resource sector)၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍ စသော သဘာဝအရင်းအမြစ် မဟုတ်သည့် ကုန်သွယ်မှုကဏ္ဍ (non-resource tradables sector) နှင့် ပြည်ပ ကုန်သွယ်ရေးတွင် အသုံးမပြုသော ကုန်စည်များ၊ ၀န်ဆောင်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သော ကုန်သွယ်ရေးမဟုတ်သည့်ကဏ္ဍ (non-tradables sector) ဆိုပြီး ကဏ္ဍသုံးမျိုး ခွဲခြားနိုင်ပါတယ်။
ဒီကဏ္ဍသုံးမျိုးအနက် natural resource sector နဲ့ non-resource tradables sector တွေမှာ ပါဝင်တဲ့ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆန်စပါး၊ စက်မှုထွက်ကုန် စသည်များရဲ့ ဈေးနှုန်းတွေကို ကမ္ဘာ့ဈေးကွက် က သတ်မှတ်ပြီး၊ non-tradables sector က ကုန်စည်များနဲ့ ၀န်ဆောင်မှုများရဲ့ ဈေးနှုန်းတွေ ကိုတော့ ပြည်တွင်းဈေး ကွက်က သတ်မှတ်ပါတယ်။ non- tradables တွေရဲ့ ဈေးနှုန်းနဲ့ tradables တွေရဲ့ ဈေးနှုန်းကို အချိုးချပြီး real exchange rate ကို တွက်ချက်နိုင်ပါတယ်။ အကယ်၍ non- tradables တွေမှာ ၀ယ်လိုအား မြင့်တက်လာတဲ့အခါ ငွေ လဲလှယ်နှုန်းတိုးတက်မှု (appreciation of real exchange rate) ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတွေ တိုးတက်လာတဲ့အခါ ထုတ်လုပ်မှု၊ ထုတ်ကုန်နဲ့ ၀င်ငွေ တိုး တက်မြင့်မားလာပြီး၊ ငွေလဲလှယ်နှုန်းတွေပါ တိုးတက်လာပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုးတက်မှုက ရေရှည်တည် တံ့ခိုင်မြဲပြီး၊ ၀င်ငွေမြင့်မားမှု၊ consumption မြင့်မားမှုတွေကြောင့် တိုင်းသူပြည်သူများရဲ့ လူနေမှုဘ၀ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒီလိုမဟုတ်ဘဲ ငွေလဲလှယ်နှုန်းတိုးတက်မှုက သဘာဝအရင်းအမြစ် သယံဇာတပစ္စည်းများအား ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပနိုင်ငံများသို့ ရောင်းချခြင်း အပေါ်မှာ တည်မှီပြီး ဖြစ်ပေါ်လာတာ ဆိုရင်တော့ အခြားစိုက်ပျိုးရေး ကဏ္ဍ၊ စက်မှု လက်မှုကဏ္ဍများရဲ့ ပြည်ပပို့ကုန် တင်ပို့မှုကို ထိခိုက်နှောင့်နှေးစေပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုကဏ္ဍ တွေကို နောက်ကျကျန်ရစ်ခဲ့သော ကဏ္ဍများ (lagging sector) လို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။
Corden နဲ့ Neary တို့ ရေးဆွဲခဲ့တဲ့ core model ကနေ Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံ နှစ်မျိုးကို ခွဲခြားသတ် မှတ်နိုင်ပါတယ်။ natural resource sector က စန်းပွင့်လာတဲ့အခါ တခြားကဏ္ဍတွေမှာရှိတဲ့ capital နဲ့ labour တွေက ဒီလိုစန်းပွင့်သော ကဏ္ဍ (booming sector) ထဲကို ရောက်ရှိသွားကြပါတယ်။ ဒီအခါမှာ စီးပွားရေးအဆောက်အအုံထဲက တခြားကဏ္ဍတွေမှာ ထုတ်လုပ်မှု လျော့နည်းလာပါတယ်။ non-tradables sector မှာ ဒီလို လျော့နည်းလာတဲ့အခါ ပို့ ကုန် မဟုတ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ဥပမာ- မြေဈေး၊ အိမ်ဈေးတွေလဲ အတိုင်းအဆမရှိ ခုန်တက်သွားတတ်ပါတယ်။ ဒီလို ပြည်တွင်းဈေးကွက်က ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်း မြင့်တက်လာတဲ့ ရာခိုင်နှုန်းတွေနဲ့ အညီ tradables sector ရဲ့ နှုန်းတွေက လိုက်ပြီး မမြင့်တက်နိုင်ပါဘူး။ tradables sector က ကုန်ပစ္စည်းတွေကကြ တော့ အထက်မှာ ဆိုခဲ့တဲ့အတိုင်း ကမ္ဘာ့ဈေးကွက်က သတ်မှတ်တာတွေ ဖြစ်ပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုး တက်မှု (appreciation of real exchange rate) ဖြစ်လာတော့တာပါပဲ။ ဘောဂဗေဒ ပညာရှင်တွေက ဒါကို အရင်းအ မြစ် ရွေ့လျားမှုဆိုင်ရာ အကျိုးသက်ရောက်မှု (resource-movement effect) လို့ သတ်မှတ်ကြပါတယ်။
နောက်ထပ် အကျိုးသက်ရောက်မှုတခုကတော့ သုံးစွဲမှုဆိုင်ရာ အကျိုးသက်ရောက်မှု (spending effect) ပဲ ဖြစ်ပါတယ်။ natural resource sector စန်းပွင့်လာတဲ့အခါ ၀ယ်လိုအားတွေ မြင့်တက်လာပါတယ်။ non-tradables ကဏ္ဍမှာ ၀ယ် လိုအား မြင့်တက်လာတဲ့ အခါမှာ ပြည်တွင်းဈေးကွက်ကို မူတည်တဲ့ non-tradables တွေရဲ့ ဈေးနှုန်းက မြင့်တက်လာ ပါတယ်။ non-resource tradables တွေကတော့ ပြည်ပဈေးကွက်ကို မူတည်တာဖြစ်တဲ့အတွက် ဈေးနှုန်းကို မြှင့်ချင် တိုင်းမြှင့်လို့ မဖြစ်နိုင်ပါဘူး။ ဒီအခါမှာ ငွေလဲနှုန်းက တိုးတက်လာ ပါတော့တယ်။
ဒီလို ငွေလဲနှုန်း တိုးတက်လာတာနဲ့အမျှ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုကဏ္ဍကို အခြေပြုတဲ့ ပြည်ပပို့ကုန် လုပ်ငန်းများကို ထိခိုက်လာပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေသူတွေဆီကနေ ပြည်တွင်းကို ပြန်ပို့တဲ့ ငွေအပေါ်မှာ မှီခိုနေရတဲ့ အိမ် ထောင်စုတွေရဲ့ ရပ်တည်ရေးကိုလဲ ထိခိုက်လာနိုင်ပါတယ်။ တနည်းဆိုရင် လူလတ်တန်းစားတွေကို အများဆုံးထိခိုက် စေပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူလတ်တန်းစား (middle class) ရာခိုင်နှုန်းများလာဖို့ လိုအပ်ပါ တယ်။ လူလတ်တန်းစားရာခိုင်နှုန်း လျော့နည်းလာပြီး ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစား ရာခိုင်နှုန်း မြင့်မားလာခြင်း၊ ရေပေါ်ဆီ လူတန်းစားတွေဖြစ်တဲ့ အုပ်ချုပ်သူများနဲ့ လုပ်ငန်းရှင်များဆီမှာသာ တိုင်းပြည်ရဲ့ ဓနဥစ္စာများကို ရယူသုံးစွဲခံ စားပိုင်ခွင့် များပြားနေခြင်း စတာတွေဟာ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားစေ နိုင်ပါတယ်။
Dutch Disease အား ကုစားခြင်း
Dutch Disease ရဲ့ ရောဂါလက္ခဏာတွေကို ကုစားနိုင်တဲ့ ဆေးမြီးတို နည်းလမ်းတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ရောဂါအန္တရာယ် ပိုပြီး မဆိုးရွားစေရန် ကာကွယ်ခြင်း၊ ကုသခြင်းတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် macroeconomic polices (fiscal policy, monetary policy, structural policies) တွေရဲ့ အခန်းကဏ္ဍက အလွန်အ ရေးကြီးပါတယ်။
(၁) Fiscal Policy
ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့နည်းစေဖို့အတွက် fiscal policy ကို main instrument တခု အ နေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ spending effect ရဲ့ သက်ရောက်မှုက ပိုပြီးဆိုးရွားပါတယ်။ ဒါ ကြောင့် အသုံးစရိတ်များ ထိရောက်ချောမွေ့စေခြင်း (smoothing of spending) ဖြင့် volatility ကို လျော့နည်းစေနိုင် ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် သဘာဝသယံဇာတပစ္စည်းများ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ကျောက်မျက်ရတနာ စ သည်များ) ကနေ ရရှိတဲ့ ၀င်ငွေတွေကို စုဆောင်းခြင်း၊ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ဖို့အတွက် natural resource fund တခု ရှိဖို့လိုအပ်ပါတယ်။ volatility လျှော့ချခြင်း၊ အနာဂတ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း စတဲ့ ရည်ရွယ်ချက် တွေပေါ်မှာ မူတည်ပြီး fund အမျိုးအစား (saving fund, stabilization fund, investment fund) စတာတွေကတော့ ကွဲပြားနိုင်ပါတယ်။
ဝင်ငွေတွေရဲ့ မည်၍မည်မျှသော ရာခိုင်နှုန်းကို အစိုးရအသုံးစရိတ်အတွက်အသုံးပြုပြီး၊ မည်၍မည်မျှသော ရာခိုင်နှုန်းကို natural resource fund မှာ ထည့်သွင်းထားရှိရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ fiscal rules တွေ ချမှတ်ဖို့ လိုအပ်ကြောင်း ဘောဂဗေဒ ပညာရှင်များက အကြံပြုထားကြပါတယ်။ အစိုးရအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး medium-term expenditure framework ပေါ်ထွက်လာဖို့အတွက် စီးပွားရေးပညာရှင်များနဲ့ နိုင်ငံရေးသမားများက ၀ိုင်းဝန်းကြိုးပမ်းကြ မယ်ဆိုရင် ပိုပြီးအသုံးဝင်နိုင်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် တိုင်းပြည်ဝင်ငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှု (transparency) ကို အားကောင်းစေရုံသာမက လာဘ်ပေးလာဘ်ယူမှု (corruption)များနဲ့ တိုင်းပြည်ဘဏ္ဍာကို အာ ဏာအသုံးပြု၍ အလွဲသုံးစားပြုမှုများကိုလဲ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။
ဒတ်ခ်ျရောဂါကို ကုစားဖို့အတွက် fiscal policy ကို အသုံးပြုရာမှာ ပုံမှန်ဝင်ငွေ သတ်မှတ်ချက်နည်းလမ်း (permanent income approach) ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီနည်းလမ်းအရ သဘာဝသယံဇာတ ပစ္စည်းတွေကနေ ရရှိလာမယ့် natural resource revenues ကို ကနဦးတွက်ချက်ပြီး၊ အစိုးရအသုံးစရိတ်အတွက် သင့်လျော်တဲ့ ပမာဏတခု ချမှတ်ပြီး တဲ့အခါ၊ ကျန်ဝင်ငွေများကို တိုင်းပြည်ဥစ္စာဓန (sovereign wealth) အဖြစ် ပြည်ပမှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် အကယ်၍ တချိန်မှာ တိုင်းပြည်ရဲ့ သယံဇာတပစ္စည်းတွေ လျော့နည်းပျောက်ကွယ်လာတဲ့အခါ တိုင်းပြည်ရဲ့ ဥစ္စာဓနတွေကို ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဘောဂဗေဒပညာရှင် Collier ဦးဆောင်တဲ့ ပညာရှင်တွေ ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုပြီးအသုံးဝင်နိုင်တဲ့ “optimal” fiscal rule နည်းလမ်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနည်းလမ်းအရ သဘာဝသယံဇာတကနေ ရရှိလာတဲ့ resource revenues တွေကို ကနဦးအစမှာ ရာခိုင်နှုန်းအနည်းငယ်သာ စုဆောင်းရင်းနှီးမှုတွေ ပြုလုပ်ပြီး၊ တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ တွေအတွက် လျော်ကန်ပေမယ့် စီးပွားရေးအဆောက်အအုံမှာ ပြန်လည် ရင်းနှီးမြှုပ်နှံတာ မဟုတ်ပဲ စစ်အသုံးစရိတ်များ ကြီးမားလာမှုနဲ့ အလွဲသုံးစားလုပ်မှုများကို မည်သို့မည်ပုံ ကာကွယ်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုပါ တွဲစပ်အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ တင်းကြပ်တဲ့ fiscal discipline မရှိပဲ ဒီနည်းလမ်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ခဲယဉ်းနိုင်ပါ တယ်။
(၂) Monetary Policy
Monetary policy ဆိုရာမှာ supply of money ကို ထိန်းချုပ်ခြင်း၊ အတိုးနှုန်းများကို ထိန်းချုပ်ခြင်း စတာတွေနဲ့ သက် ဆိုင်ပါတယ်။ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ တိုင်းပြည်တွင်းမှာ နိုင်ငံခြားငွေ အမြောက်အမြား စီးဝင်လာတဲ့အ ခါ nominal exchange rate ကို တရားသေ သတ်မှတ်ထားတဲ့ monetary policy ကို ကျင့်သုံးနေရင် ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုများနိုင်ပါတယ်။ Taylor interest rate rule နဲ့ လိုက်လျောညီထွေရှိတဲ့ nominal exchange rate flexibilityပေါ်မှာ အခြေခံတဲ့ monetary policy ကို ကျင့်သုံးမယ်ဆိုရင် ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးများကို လျှော့ချနိုင်ပါ တယ်။
အတိုးနှုန်းများကို ထိန်းချုပ်မှုဆိုရာမှာလဲ ဘဏ်လုပ်ငန်းများရဲ့ တည်ငြိမ်မှု (stability) နဲ့ ထိရောက်အားကောင်းမှု (efficiency) တို့ကို သုံးသပ်ပြီး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ bank failure မဖြစ်သွားဖို့အတွက် အလွန် အရေးကြီးပါတယ်။ ဘဏ်လုပ်ငန်းတခုမှာ failure ဖြစ်တာနဲ့ အများပြည်သူရဲ့ ယုံကြည်မှုကို လှုပ်ခါသွားစေနိုင်ပြီး၊ တခြား ဘဏ်လုပ်ငန်းတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဗဟိုဘဏ်ဟာ အစိုးရရဲ့ လက်အောက်မှာ မရှိဘဲ independent central bank ဖြစ်လာခဲ့ရင် monetary policy ရေးရာတွေကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင် ပါတယ်။
(၃) Structural Policies
ဒတ်ခ်ျရောဂါကို ကုစားနိုင်မယ့် နောက်ထပ်မူဝါဒတခုကတော့ trade liberalization ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုပြု လုပ်ခြင်းအားဖြင့် non-tradables sector မှာ ဖြစ်ပွားနေတဲ့ demand pressure ကို လျှော့ချနိုင်ပါတယ်။ နောက်ထပ် မူဝါဒတခုကတော့ အစိုးရအသုံးစရိတ်တွေကို လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ ကုန်စီးဆင်းမှုချောမွေ့စေ သော infrastructure များ ဖွံ့ဖြိုးလာရေး၊ ပညာရေးနှင့် အရည်အချင်းတိုးမြှင့်ရေး စတာတွေမှာ အသုံးပြုခြင်းဖြစ်ပါတယ်။
အစိုးရအသုံးစရိတ်တွေကို များများစားစား အသုံးပြုစရာ မလိုတဲ့ အခြားမူဝါဒတွေကိုလဲ ချမှတ်ဆောင်ရွက် နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများနဲ့ဆိုင်တဲ့ ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ ပို့ကုန်သွင်းကုန် လိုင် စင်လိုအပ်ချက်များ ပယ်ဖျက်ခြင်း၊ ကြိုးနီစနစ်ကျင့်သုံးမှုများအား လျှော့ချခြင်း၊ monopolistic barriers များ လျော့နည်း စေခြင်း စတာတွေ ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) များကို ဖိတ်ခေါ်ခြင်းအားဖြင့်လဲ spillover effects တွေကနေ တဆင့် conditions for learning by doing ကို ဖန်တီးနိုင်ပါတယ်။
နိဂုံး
လူ့ကိုယ်ခန္ဓာမှာ ရောဂါလက္ခဏာတွေ ပြလာတဲ့အခါ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဥာဏ်တွေ ကို ရယူဖို့ လိုအပ်ပါတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေးကဏ္ဍမှာလဲ ပျက်စီးယိုယွင်းစေမယ့် ရောဂါလက္ခဏာတွေ ပြလာ တဲ့အခါ ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဥာဏ်တွေကို ရယူဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆေးပညာရှင်ဆိုရာမှာလဲ ကဏ္ဍတိုင်းမှာ အလုံးစုံကျွမ်းကျင်နေသူတွေဆိုတာ မရှိတာကြောင့် ခွဲစိတ်ဆရာဝန်၊ မျက်စိ အထူးကုဆရာဝန်၊ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် စသဖြင့် အထူးကုဆရာဝန်များစွာနဲ့ ယူနစ်များစွာ ဆေးရုံ တွေမှာ ထားရှိကြရပါတယ်။
ဒီလိုပါပဲ။ စီးပွားရေးပညာရှင် ဆိုရာမှာလဲ ကဏ္ဍတိုင်းမှာ အလုံးစုံကျွမ်းကျင်နေသူတွေ မရှိနိုင်ပါဘူး။ Development Economics, Financial Economics, Labour Economics, Health Economics, Environmental Economics, Economic Growth အစရှိတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ရာလိမ္မာကြတာ ဖြစ်ပါတယ်။ ဒါ ကြောင့်လဲ တိုင်းပြည်တွေမှာ Government Economic Services, Institute of Public Policy စတာတွေ တည်ထောင် ထားရှိခြင်း၊ တက္ကသိုလ်ဌာနများရဲ့ သုတေသနလုပ်ငန်းဆောင်တာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ ပညာ ရပ်ဆိုင်ရာ ဖိုရမ်များ ကျင်းပခြင်း စတာတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်များ ချို့တဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဒတ်ခ်ျရောဂါကို ကုစားနိုင်ရေး၊ ပိုမိုဆိုးရွားမသွား စေရန် ကာကွယ်ဆောင်ရွက်ရေးအတွက် Macroeconomic policies ကဏ္ဍကို ပိုင်နိုင်ကျွမ်းကျင်သော ကမ္ဘာ့အဆင့်မှီ ပညာရှင်များ ( ဥပမာ- ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာအဆင့်မှီတက္ကသိုလ်များ၊ အပြည်ပြည်ငွေကြေးရံပုံငွေအဖွဲ့ စသည်တို့မှ သုတေသီများ) ရဲ့ အကူအညီနဲ့ အကြံဥာဏ်များကို ရယူနိုင်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၆၊ ၈၊ ၂၀၁၁)
(စာရေးသူသည် ယူကေနိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒ အထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူ ဖြစ်ပါသည်)
ရည်ညွှန်းကိုးကား။
Brahmbhatt, M., O. Canuto and E. Vostroknutova (2010). Dealing with Dutch disease, Economic Premise 16, World Bank, Washington, D.C.
Collier, P., F. van der Ploeg, M. Spence and A.J. Venables (2010). Managing resource revenues in developing economies, IMF Staff Papers, 57, 1, 84-118
Corden, W.M. and J.P. Neary (1982). Booming sector and de-industrialisation in a small open economy, Economic Journal, 92, 825-848.
Corden, W.M. (1984). Booming sector and Dutch Disease economics: Survey and consolidation, Oxford Economic Papers, 36, 359-380.
Giavazzi, F., J. R. Sheen, and C. Wyplosz. (1988). “The Real Exchange Rate and the Fiscal Aspects of a Natural Resource Discovery.” Oxford Economic Papers 40 (3): 427–50.
Ismail, K. (2010). “The Structural Manifestation of the ‘Dutch Disease’: The Case of Oil Exporting Countries.” Working Paper 10/103. International Monetary Fund, Washington, DC.
Morshed, A.K.M. and S.J. Turnovsky (2004). Sectoral adjustment costs and real exchange rate dynamics in a two-sector dependent economy, Journal of International Economics, 62, 147-177.
Torvik, R. (2001). Learning by doing and the Dutch Disease, European Economic Review, 45, 285-306.
Williamson, J. 2008. “Exchange Rate Economics.” Working Paper 2. Commission on Growth and Development, Washington, DC.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment