Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

19 August, 2011

“ကျောက်ဖြူမှာ အိမ်ခြံမြေ ဈေးနှုန်း တက်တာကတော့ တနေ့ရွှေ တနေ့ငွေပါပဲ။ ကျောက်ဖြူ မြို့ပေါ်မှာ နေရာ မကောင်း အိမ်မကောင်း ဆိုလည်း အနည်းဆုံး သိန်း ၂၀၀ ကျော် ဈေးနုန်းရှိတယ်။ အရောင်း အဝယ် အကျိုးဆောင် ကုမ္ပဏီလို့တော့ မရှိဘူး။ ကြိုက်ရောင်း ကြိုက်ဝယ် ပါဘဲ။ ၂ ထပ် အိမ်တလုံးဆို အနည်းဆုံး သိန်း ၆၀၀ လောက်ရှိတယ်။ အဲဒါ ခြံနဲ့ဝန်းနဲ့ မဟုတ်ဘူး။ သိန်း ၈၀၀ လောက်ဆို ရင်တော့ နည်းနည်း ကောင်းတာ ရနိုင်တယ်” ဟု ပြောသည်။

အိမ်ခြံမြေများကို ၀ယ်ယူနေသူများမှာ မိုးကုတ်ဘက်မှ ဆင်းလာသော တရုတ်များ၊ တရုတ်-ဗမာစပ် ကပြားများနှင့် တရုတ် နောက်ခံ အကျိုးပြုထားသော ဗမာ ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ တရုတ်များသည် ကျောက်ဖြူမြို့မှ အိမ်ခြံမြေများကို ခေါ်သည့် ဈေးဖြင့် ပေးဝယ်နေသဖြင့် အိမ်ခြံမြေ ဈေးနုန်းများမှာ အဆမတန် မြင့်တက်နေကြောင်း သူက ဆက်ပြောသည်။

“ အရင်တုန်းက ကျောက်ဖြူ သင်္ချီုင်းအနီးက မြေကွက်တွေ ဆိုရင် ငွေ ၂ သိန်းပေးပြီးတောင် ဝယ်မယ့်သူ မရှိဘူး။ အခုကတော့ သိန်းထောင်ချီ တန်ဖိုး ရှိနေပြီ။ ဈေးကြီးတယ်ဆိုတာကလည်း ရင်းနှီး မြှုပ်နှံသူတွေ များတာကိုး။ ဗမာလူမျိုးတွေနဲ့ တရုတ်လူမျိုးတွေက ရေရှည် ကြည့်ပြီး ရင်းနှီး မြှုပ်နှံ ထားကြတယ်။ ရခိုင် လူမျိုးတွေကတော့ အရင်းနှီးလည်း မရှိသလို ရေရှည်ထိ ငွေလည်း စိုက်မထား နိုင်ကြတော့ အိမ်ခြံမြေ ဈေးကွက်မှာ မရင်းနှီးနိုင်ကြဘူးလေ” ဟု သူက ဆက် ပြောသည်။

ကျောက်ဖြူမြို့နယ် အတွင်း အိမ်ခြံမြေဈေးနှုန်း မြင့်တက်နေသော နေရာများမှာ စီးပွားရေးဇုံ အတွင်းပါဝင်သော မဒေးကျွန်း၊ ဂုံးချိန်ကျေးရွာ၊ စေတီယတောင်ရွာနှင့် ကျောက်ဖြူမြို့ပေါ်မှ နေရာများဖြစ်ကြသည်။ 
အလားတူ သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာ အုပ်စုအတွင်းရှိ ပင်လယ်ကမ်းခြေနှင့်နီးသည့် ကျေးရွာများ၏ မြေကွက်များကို ကုမ္ပဏီ တခုက ဈေးကောင်းပေး ဝယ်ယူနေကြောင်း သိရသည်။ အဆိုပါ ၀ယ်ယူနေသော မြေနေရာသည် ငပလီ ကမ်းခြေကဲ့သို့ လှပသော ကမ်းခြေတခုဖြစ်ကြောင်း ဒေသခံ ကျောက္ကလပ် ရွာသား တစ်ဦးက ပြောသည်။

“ သာယာလှပတဲ့ နေရာတွေဆိုတော့ စီးပွားရေးသမားတွေက ၀ယ်ကြတာပေါ့လေ။ အရင်နှစ်တွေကတော့ မြေတဧကကို ကျပ်သိန်း ၃၀ လောက်နဲ့ ဝယ်မည့်သူ မရှိဘူး။ အခု ကုမ္ပဏီတခုက မြေတဧကကို သိန်း ၂၀၀ ပေးပြီး ဝယ်သွားတယ်။ အခြား ကုမ္ပဏီတွေကလည်း မြေဈေးနှုန်းတွေ လာရောက် လေ့လာတာတွေရှိတယ်။ မြေဈေးနှုန်းတွေက တဖြည်းဖြည်း မြင့်တက်လာတယ်။ ဒေသခံတွေကတော့ အဲဒီမြေတွေပေါ်မှာ ဥယျာဉ်ခြံစိုက်ပျိုးတာလောက်သာ လုပ်ကြတယ်။ စီးပွားရေးသမားတွေကတော့ ကမ်းခြေသစ် တခု ဖြစ်လာနိုင်တယ်လို့ ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကျောက္ကလပ်ကျေးရွာ အုပ်စုရှိ ကမ်းခြေသည်လည့် ငပလီကဲ့သို့ လှပသော ကမ်းခြေရှိပြီး ငပလီကမ်းခြေမှ ဘင်္ဂလားပင်လယ်အော် တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ငပလီကမ်းခြေရှိ လုံးသာရွာမှ သဗြုချိုင်သို့ တနာရီခန့် စက်လှေစီးပြီး ယင်းမှတစ်ဆင့် ကျောက္ကလပ်အုပ်စုသို့ သွားရောက်နိုင်ကြောင်းသိရသည်။

ထိုသို့ လှပသည့် ကမ်းခြေရှိခြင်းကြောင်း ကုမ္ပဏီများက ကမ်းခြေသစ် ဖြစ်လာနိုင်သည့် မျော်လင့်ချက်ဖြင့် ဟိုတယ်များ ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံ ဝယ်ယူနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက္ကလပ်ကျေးရွာ အုပ်စုတွင် ကျောက္ကလပ်ရွာ၊ မော်ရုံရွာ၊ မော်ရွှေလေးရွာ၊ မော်ရှည်ရွာ၊ ကွင်ဝိုင်းရွာများ ပါဝင်ပြီး ဒေသခံများမှာ သီဟိုဠ်ခြံ၊ အုန်းခြံ၊ စသည့် ဥယျာဉ်ခြံ စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်ကြသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါသည့် စစ်တွေမြို့တွင်လည်း လူမျိုးခြား စီးပွားရေး သမားများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ကြိုးစားသော်လည်း ဒေသခံများက အိမ်ခြံမြေများကို မရောင်းချသည့် အတွက် အရောင်းအဝယ်မရှိသလောက်ဖြစ်နေကြောင်း သိရသည်။ အလားတူ ကြားခံဆိပ်ကမ်း တည်ဆောက်မည့် ပလက်ဝမြို့နယ်တွင်လည်း စီးပွားရေး သမားများက ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ကြိုးစားနေကြကြောင်း သိရသည်။ 

 နိရဉ္စရာသတင်းဌာနမှကူးယူဖေါ်ပြသည်         http://www.narinjara.com/detailsbur.asp?id=3400

18 August, 2011

လားဂတ်မယ်

လားဂတ်မယ်

ချစ်တေလို့ ငါရို့ပြောဂေ
မုန်းနိန်ရေလူ ဇာသူရိုဖို့လဲ.....
အမျိုးမှန်ဂေ အာလုံးညီညွတ်
ချစ်နိန်ဂတ်ပါဖို့ရာ.....။။


          မျိုးစောင့်တရား လက်ကိုင်ထားပြီး
         လားရာဘက်တူရေ ဒေခရီးကို
         တခွန်ဝံလက် လီမှာလွှင့်ဗျာလ်
        သာကီနွယ်ဖွား ငါရို့လားဖို့
       အာဃာတ ငါ့မာန ခဝါချသင့်ဗျာလ်......
      ယေဇူးနန့်....       
          မျိုးမာန်ဟုန် အကုန်သွန်း
          ( အဖ) ပန်းတိုင်ရောက်အောင်လားဂတ်မယ်..။
          အရင်းကိုစစ် အမြစ်မြီမာ ဆိုရေပိုင်
         ဘိုးဘေး ဇူဇာရို့ စွန်းဆောင်ချက်
    အောင်မြင်ရေ ဒေလမ်းစဉ်ကို
          ငါရို့လက်ကိုင်းထား
          ခေါင်းဆောင် ခေါင်းရှောင်
         ထိုလူ ဒေလူအမုန်းမပွား
           အဖြေရှာသင့်.အဖြေရှာသင့်ဗျာလ်ထော်....
         ယင်းပိုင်ဆိုဂေ
          သွီးစည်းညွှတ်အားလုံးလွတ်ဖို့
         (အဖ ) ပန်းတိုင်ရောက်အောင်လားဂတ်မယ် .......။
                                                                             ဝရာဇ်သီး
အသွီးသားသက်သေတည်
 
 *သြော်...ငါသည်
    လခြမ်းမြီမှ အဖသွီးနန့်
    အသိစိတ်နိုးထ
     ကြီးပြင်းလာဂတ်ဗျာလ်...။
 
*ငါသည် ရခိုင်
    မျိုးပြိုင်မနေ ရှုတ်ချ ကဲ့ရဲ့
     ပျက်စီးပြယုဂ် ငါမလုပ်လို့ ။
 
*အသီွးသက်တည်
    လခြမ်းမြီကို ၊ ကျူးကျော်ရန်မူ
     နယ်ချဲ့သူအား၊ ရှောင်ကွယ်မလား
       ဝတီသားရို့ သတ်တိကိုမွီး
       ဓါးကိုသွီးဗျာလ်...
      စိတ်ချင်းပေါင်းစပ် လက်ချင်းထပ်ကာ
     တွန်းလှန်ဖယ်ရှား ၊ စီးပွါးစည်ပင်
ငါရို့ဆောင်အံ့.....။
                                   .ဝရာဇ်သီး

ဖက်ဒရယ်စနစ် ဘိုဘိုကျော်ငြိမ်း

ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက်ရဲ့  ဦးနှောက် ရိုက်စားမှုကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုက လက်တွန့် ကုန်တယ်။

ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်း တယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။

ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည်မထူထောင်နိုင်။ တိကျခိုင်မာ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှ မြန်မာပြည် တွင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံး မိမိတို့နယ်မြေ၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ပြတ်ပြတ်သားသား တိတိကျကျ သိရှိကြမှာပါ။

တိုင်းရင်းသားတွေအပေါ် တရားမျှတမှုရှိဖို့ အဖြေရှာတဲ့ နေရာမှာ ဖက်ဒရယ် စံနစ်ဟာ အဖြေတခု ဖြစ်နိုင်စရာရှိပါတယ်။ သို့သော် ဖက်ဒရယ် စနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သတိရှိရန်လည်း လိုပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ်စနစ်ကို နက်နက်ကြည့်ပြီး  ဖက်ဒရယ်စံနစ်မှာ ရင်ဆိုင်ရမယ့် စိမ်ခေါ်မှုများ (challenges)ကို တွေးတောနိုင်ကြဖို့ ဖြစ်ပါတယ်။

အချက်ကျကျ ဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားသင့်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဖြစ်တဲ့အတွက် (ဥပဒေ)ရေးရာတွေ ပါဝင်လာသလို၊ နိုင်ငံရေးမူ (principles)နဲ့ အတွေး အခေါ်တွေ ပါဝင်လာတာမို့ အချိန်ယူ လေ့လာသင့် တယ်လို့ ယူဆမိလို့ပါ။

အမေရိကန်ဥပမာ

စာရေးသူ၏အမြင်ကိုပြောရလျှင် နိုင်ငံအများမှာ မျှတခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲခဲ့သူများသည်၎င်း၊ ခိုင်မာသည်ထက် ခိုင်မာအောင် ပြင်ဆင်နိုင်ခဲ့သူများမှာ၊ တိုင်းပြည်ကို ကိုယ်စား ပြုနိုင်တဲ့ လူတော် နိုင်ငံရေးသမား များ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားစစ်လျှင် တိုင်းပြည် ကောင်းကျိုးကို ရှေ့ရှုနိုင်မှုကြောင့်လို့ ခံယူမိပါတယ်။

ဥပမာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဟုဆိုလိုက်လျှင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် (စံ)အဖြစ် အများကသတ် မှတ်ကြရပါတယ်။ အမေရိကန် နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်မြောက်ရေးတွင် အဓိက ပါဝင်ဦးဆောင်သွားသူတဦးမှာ အမေရိကန် လွပ်လပ်ရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ဂျော့ ဝါရှင်တန်၏ စစ်ဘက် လက်ထောက် ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အက်လက်ဆန်ဒါးဟယ်မတင် Alexander Hamilton ဆိုသူဖြစ်သည်။

အမေရိကန် နိုင်ငံရေးသမားများကို ဖက်ဒရယ်စံနစ် ဘာကြောင့်လိုကြောင်း သဘောပေါက် လက်ခံ လာရန် ဖက်ဒရယ်လစ် စာတမ်း (၈၅) စောင်ကို ဂျိန်းမဒ္ဒာဆင် (James Madison ) နှင့် ဂျွန်ဂျေး (John Jay) တို့နှင့်အတူ ရေးပြပြီး ပြည်နယ်တွေ လက်ခံလာအောင် တိုက်တွန်း နိုင်ခဲ့လို့  အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အတည်ပြု နိုင်ခဲ့ကြတာဖြစ်သည်။

စာတမ်း (၈၅) စောင်တွင် အများစုကို ရေးသွား သူမှာ အက်လက် ဆန်ဒါး ဟယ်မတင် ဖြစ်ပါတယ်။ နိုင်ငံခြားရေးနဲ့ ပတ်သက်လာလျှင် ဂျွန်ဂျေးရဲ့ စာတမ်း နံပတ် () ကို ခုထိ မှီငြမ်း ကြရသလို၊ ဒီမိုကရေစီနှင့် ပတ်သက်လာလျှင် ဂျိန်းမဒ္ဒာဆင်၏ စာတမ်း နံပတ် (၅၁) သည် အလွန် တန်ဖိုး ရှိပါတယ်။ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ ဗဟို အစိုးရ (ဝါ) ဖက်ဒရယ် အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြင်ဆင် သတ်မှတ်ထားတဲ့ ပထမပြင်ဆင်ချက် ဆယ်ခု စုပေါင်း ပြီး Bills of Rights လို့ခေါ်ကြပါတယ်။

ဒီပြင်ဆင်ချက်တွေကို ပထမ ကွန်ကရက်သို့ ရေးဆွဲတင်သွင်း သူမှာ ဂျိန်းမဒ္ဒာဆင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို တချို့က အမေရိကန်ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ၏ ဖခင်ဟု သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဂျိန်းမဒ္ဒာဆင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်လာပါတယ်။

ဂျွန်ဂျေးဟာ အမေရိကန်လွပ်လပ်ရေးဖခင် တော်လှန်ရေးသမား တဦးအပြင် အမေရိကန် ပြည်ထောင်စုရဲ့ ပထမဦးဆုံးသော တရားသူကြီးချုပ် ဖြစ်လာပါတယ်။ အက်လက်ဆန်ဒါး ဟယ်မတင် ဟာ အမေရိကားမှာ မွေးဖွားသူ မဟုတ်တဲ့ အတွက် သမ္မတ ဖြစ်ခွင့် မရှိပါ။

သို့သော် သူသည် ပထမဦးဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်ရုံမက နိုင်ငံတော်ဘဏ်ကို စတင် တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သမ္မတ ဂျော့ဝါရှင်တန်၏ အစိုးရအဖွဲ့မှာ အာဏာအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ခေတ်က အာဏာအကြီးဆုံးပါတီ ဖက်ဒရယ်လစ် ပါတီ (Federalist Party) ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ထိုစဉ် အခါက ဒီပါတီရဲ့အဓိက ပြိုင်ဖက် ပါတီမှာ ဒီမိုကရက်တစ်-ရီပတ်ဖလင်ကင်ပါတီဖြစ်ပြီး ဂျိန်း မဒ္ဒာဆင် နဲ့ သောမတ်ဂျက်ဖါဆင် တို့က ဦးဆောင်ကြပါတယ်။

သောမတ်ဂျက်ဖါဆင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြု အစည်းအဝေးပြုလုပ်စဉ်က ပြင်သစ်တွင် သံအမတ်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပေမယ့် သူ့မိတ်ဆွေ ဂျိန်းမဒ္ဒာဆင်က ဖြစ်စဉ် အလုံးစုံကို စာရေး အကြောင်းကြားလျက် ရှိပါတယ်။

ယနေ့ခေတ်မှာ အလွန်အရေးပါတဲ့ အုပ်ချုပ်ရေးနဲ့ ဘာသာရေးခွဲခြားရမည် (Separation of Church and State) ဟူသော (အသိ) (အဆို) ဟာ ပင်မဥပဒေမှာ မပါ ၊ သောမတ်ဂျက်ဖါဆင်၏ ဆွေးနွေး ချက် များကို ကိုးကားကာ (စံ) အဖြစ် မှတ်ယူထားကြခြင်းပါတယ်။ ယနေ့ ခေတ်မှာ ဖွဲ့စည်းအုပ်ချုပ် ပုံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကြတိုင်း ဖက်ဒရယ်လစ် စာတမ်း (၈၅) ခု ကို ရည်ညွန်း ကြရပါတယ်။

ဥပမာ သမ္မတဘုရ် ၏ အီရတ်စစ်ပွဲ ကြီးကြပ်မှု အပေါ် အငြင်းအခုန်ဖြစ်ကြစဉ်က သမ္မတ ရာထူးနဲ့ အတူ တွဲဖက် ပါဝင်လာတဲ့ အာဏာ (Embedded Power of the Presidency) ဆိုတာကိုကိုင်ဆွဲပြီး ငြင်းဆို ခုခံခဲ့ကြပါတယ်။ ဖက်ဒရယ်လစ် စာတမ်းကို တိုင်တွယ်ပြီး ငြင်းဆို ကြပါတယ်။ ဒါ့ကြောင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်လာရင် ဖက်ဒရယ်လစ် စာတမ်းဟာ တိုင်တည်ကိုးကားစရာ ဖြစ် ပါတယ်။

အမေရိကန်နိုင်ငံမှာ ဖက်ဒရယ်လစ် လူ့ဘောင်အဖွဲ့အစည်း (Federalist Society for Law and Public Policy Studies)ဟာ ၁၉၈၂ ခု နှစ်က ရေးလ် ၊ဟားဗတ် နှင့် ရှီကာကို တက္ကသိုလ်တွေက ဥပဒေ ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ကြရာက ယနေ့ဆိုလျှင် တရားသူကြီးချုပ် အဖွဲ့အဝင်တွေအပြင် နာမည်ကျော် တရားသူကြီးများနဲ့ ဥပဒေပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းကြီးဖြစ်နေပါပြီ။

လွပ်လပ်ရေး ခေါင်းဆောင်တွေရဲ့အတွေး၊ မူ (Principles) (အနှစ်)(Essence) တို့မှာအနှစ် ၂ဝဝ ကျော် သည့်တိုင် တန်ဖိုးရှိနေသေးကြောင်း သာဓကပင်ဖြစ်ပါတယ်။ အမေရိကန် ဖွဲ့စည်း အုပ်ချုပ် ပုံဥပဒေကို ဦးဆောင် ရေးဆွဲသွား သူများမှာ လွပ်လပ်ရေးဖခင် နိုင်ငံရေးသမားများသာမက ဥပဒေ ပညာရှင်များ လည်းဖြစ်ကြပါတယ်။

စာဖတ်သူလူငယ်များကို သတိပြု စေလိုသည်မှာ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ပုံသဏ္ဍန် (Form & Format) ဆိုတာနှင့် အနှစ်သာရ (Essence) တို့ကို ခွဲမြင်စေချင်ပါတယ်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် အာဏာကို တနေရာတည်းမှာ စုပုံမထားဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ တရားရေးဟူ၍ (ခွဲခြား) ထားပြီး တဘက်နှင့် တဘက် ထိန်းထားခြင်းကို အာဏာခွဲဝေမှု (Separation of Power) ဟု အမည်တပ်ကြပါတယ်။

နံမည်ကြီးသလောက် တန်ဖိုးရှိသော တခြား (မူ) တခုမှာ (လွပ်လပ်စွာ ပြောဆိုခွင့်) Freedom of Speech ဖြစ်ပါ တယ်။ ဒီ (မူ) (Principles) ဆိုတာတွေဟာလည်း အမေရိကန် ဖွဲ့စည်း အုပ်ချုပ် ပုံဥပဒေရဲ့ (အနှစ်သာရများ) ဖြစ်၍ တန်ဖိုးအရှိဆုံးဖြစ်ခြင်းကြောင် အလေးပေး သတိပြု လေ့လာ စေချင်ပါတယ်။

အမေရိကန်တို့ဆီမှ (မူ)  နဲ့ (အနှစ်)  တို့ကို ရယူနိုင်အောင် ကြိုးစားစေချင်တယ်။ ဖြစ်နိုင်လျှင် ဖက်ဒရယ်လစ် စာတန်းကို ဖတ်စေချင်ပါတယ်။ အင်တာနက်ပေါ်မှာ (အွန်လိုင်း) ဖတ်နိုင်ပါတယ်။

တရုတ်ဥပမာ

တရုတ်နိုင်ငံဟာ ကွန်မြူနစ်အမည်ခံ တပါတီ အာဏာရင်စံနစ် ဖြစ်တဲ့အတွက် ဘာဥပမာ ယူစရာ ရှိသလဲလို့ အပေါ်ယံကြော မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ သို့သော် အတွင်းကျကျ လေ့လာလျှင် တိန်ရှောက်ဖိန် ပြင်ဆင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ပါတီ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမှာ အတုယူစရာတွေ နေရှိပါတယ်။ တရုတ်ပြည် နိုင်ငံရေးမှာ ပါတီသည်သာ ပဓာဏ မဟုတ်ပေဘူးလား။

စာရေးသူရဲ့အမြင်ကို ပြောရပါလျှင် တိန်ရှောက်ဖိန်နဲ့ ချောင်အင်လိုင်းတို့ဟာ (၂ဝ) ရာစုနှစ်အတွင်း ထွန်းပေါက်လာတဲ့ အတော်ဆုံး ဉာဏ်အထက်မြက်ဆုံး နိုင်ငံရေးသမားများလို့ သတ်မှတ်နိုင်ပါတယ်။

တိန်ရှောက်ဖိန်ကို တရုတ်ပြည်ကြီးရဲ့ စီးပွားရေး တိုးတက်အောင် ပြောင်းလဲပေးခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်အဖြစ် သာ ထင်လွယ်မြင်လွယ် မြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်ဘဲ ဘယ်နိုင်ငံမှ စီးပွားရေး ရေရှည် တိုးတက်ကြီးပွားအောင် မကြံဆောင်နိုင်ပါဘူး။

ဒါ့ကြောင့် နိုင်ငံရေး တည်ငြိမ်အောင် ဖေါ်ဆောင်ပေးသွားတဲ့ တိန်ရှောက်ဖိန်ရဲ့ ဦးဆောင်မှုဟာ စီးပွားရေးနည်းတူ တရုတ်တွေအတွက် လွန်စွာတန်ဖိုးကြီးပါတယ်။ ဒါ့ကြောင့် တရုတ်ပြည် စနစ်ကိုလည်း လေ့လာရုံမက အတုယူစရာ  တွေကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစား သင့်ပါတယ်။

မော်စီတုံးက အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့ အာဏာရှင်စစ်စစ် ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဖြတ်သန်းရတဲ့ အဆင့်() ဆင့်ရှိပါတယ်။ အာဏာတည်ဆောက်ခြင်းနဲ့ အာဏာ ထိန်းသိမ်းခြင်း တို့ဖြစ်ကြပါတယ်။ အာဏာတည်ဆောက်တဲ့ ကာလမှာ၊  အတွင်းအပြင် ရန်သူနဲ့ ရန်သူလို့ ထင်ရသူတွေကို ဖယ်ရှား သုတ်သင်ရတဲ့ အတွက် တိုင်းပြည်တည်ဆောက်ရေးကို အများအားဖြင့် ဂရုမပြုနိုင်ကြပါဘူး။

အာဏာ တည်ဆောက်ပြီးသကာလ အာဏာ ထိန်းသိမ်းရေးကို ဦးစားပေးရပြန်ပါတယ်။ ဒါ့ကြောင့် အာဏာတည် မြဲသော အာဏာရှင်များသည် တိုင်းပြည် အုပ်ချုပ်ရေးထက် မိမိအာဏာ ထိန်းသိမ်း ရေးကို အရေးပေးကြရပါတယ်။ မော် ကိုကြည့်လျှင် မော်သည် ဥက္ကဋ္ဌ ရာထူးကိုသာ ကိုင်ထားပါတယ်။ အုပ်ချုပ်ရေး (အစိုးရ)ကို ချောင်အင်လိုင်းနှင့် သာ လွှဲထားပါတယ်။

ဒါပေမယ့် ပေါ်လစ်ဗြူရိုကအစ ဘယ်သူ ဘယ်နေရာခန့်ဆိုတဲ့ အာဏာကို မော်ကကိုင်ထားပြီး ထိပ်က ဘယ်သူ ဘာလုပ်နေတယ် ဆိုတာကို အချိန်ပြည့် ထိုင်ကြည့်နေရပါတယ်။ 

ဒီလောက် သတိရှိတာတောင် ခုန်ပြန် ကျော်လွှား အစီအစဉ် ခွက်ခွက်လန်အောင် ကျဆုံးပြီးနောက် မော် အပြစ်တင်ခံရပါတယ်။ ပါတီနဲ့တိုင်းပြည်ကို လူရှောက်ချီနှင့် တိန်ရှောက်ဖိန်တို့က ပြန်လည် ကယ်တင်ခဲ့ကြရပါတယ်။

နှစ်ဦးစလုံးမှာ လူတော်များဖြစ်ပါတယ်။ လူရှောက်ချီက အုပ်ချုပ်ရေးမှာသာ တော်သည်မဟုတ် သဘောတရားရေးရာ တွင်လည်း အလွန်တော်ပါတယ်။ သမ္မတဖြစ်လာ ပြီးနောက် မော်ရဲ့ အရိုက်အရာကို ခံမည့်သူအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။

သို့သော် လူ နှင့်တိန်တို့ () ဦးသည် အာဏာရှင်အောက်တွင် ရှင်သန်နိုင်ရန် အရေးအကြီးဆုံးသော (လိုက်နာမှု) (Cardinal Rule) ကို သတိလက်လွတ်ခဲ့ကြတယ်။ အဲဒါကတော့ ဘယ်သောအခါမှ အာဏာရှင်ကို မကျော်ရ။ လူ နှင့် တိန်တို့က မော်ကို အသိမပေးဘဲ အမိန့်တွေ ထုတ်လာကြပါတယ်။

မော် က ငါသေသွားသည့် အလား  ဒီ() ယောက် လုပ်နေကြတယ်လို့ သတိပေးသည့်တိုင် သတိ မရှိခဲ့ကြပါဘူး။ ပါတီဗြူရိုကရက်များမှာ လူ နှင့် တိန် တို့ရဲ့ လူတွေ။ နောက်ဆုံး မော်က အတွေ့အကြုံ နုနယ်တဲ့ လူငယ် ကျောင်းသား များကို အားယူပြီး ယဉ်ကျေးမှုတော်လှန်ရေးလို့ အမည်တပ်ကာ အာဏာပြန်သိမ်းခဲ့ရပါတယ်။ အမှန်က ကိုယ့်တပ်ကို ကိုယ်ပြန်နင်းခိုင်းခြင်းပင် ဖြစ်တယ်။ အန္တရယ် အလွန်ကြီးပါတယ်။ တိုင်းပြည် အလွန်နစ်နာခဲ့ပါတယ်။ လူသန်းနှင့် ချီ၍ သေကြေ ကြရတယ်။

သို့သော်  မော်စီတုံးသည် ပြိုင်ဘက် လူရှောက်ချီကိုသာ အသေနှိပ်ကွပ်ခဲ့သည်၊ တိန် ကိုအသေ မသတ်။ အစိုးရကို ဦးစီးရန် တိန် ကို အသာလေးချောင်ထိုးထား ၊ (ချန်)  ထားခဲ့ပါတယ်။ ချောင်အင်လိုင်းရဲ့ ထောက်ခံ အားပေးမှုနဲ့ ပြန်ခေါင်းထောင်လာသော တိန်ရှောက်ပိန်ဟာ မော် သေသွားပြီး စစ်တပ်ရဲ့ ထောက်ခံ အားပေးမှုနဲ့ အာဏာပြန်ရ လာပါတယ်။

ဒီအခါမှာ အာဏာရှင် တဦးတည်းကို အာဏာ ပုံအပ်ထားတဲ့ အန္တရယ်ကို လက်တွေ့ ခံစားခဲ့ရတဲ့ အတွက် အာဏာကို တဦးတယောက် လက်ထဲ ထားမည့်အစား (စုပေါင်း ခေါင်းဆောင်မှု) ပုံသဏ္ဍန်ကို ပုံသွင်းခဲ့ပါတယ်။

ဒါ့အပြင် အရေးအကြီးဆုံးအချက်က တအုပ်စုမှ တအုပ်စုသို့ အာဏာလွှဲ ပြောင်းခြင်းကို ပါတီ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်ပြီး (စံနစ်) အဖြစ် ပုံလောင်းခဲ့ခြင်းပါ။ ဒါကို အင်္ဂလိပ် လို  Institutionalized လုပ်တယ် လို့ ခေါ်ကြပါတယ်။

ဒါ့ကြောင့် သုံးဆက်မြောက် (3rd generation)၊ လေးဆက်မြောက် (4th generation) ခေါင်းဆောင်များ ဆိုပြီး ပေါ်ထွက်ခဲ့ပါတယ်။ လာမယ့်နှစ် ၊ ၂ဝ၁၂ တွင် ငါးဆက်မြောက် (5th generation) ခေါင်းဆောင်များ နေရာ ယူကြတော့မယ်။

စံနစ်မှာ ထိပ်ဆုံးပုဂ္ဂိုလ်က သမ္မတ၊ ပါတီဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး သုံးခု စလုံးကို ရယူပြီး ဝန်ကြီးချုပ်နှင့် တွဲကာ တာဝန်ယူရပါတယ်။ အာဏာလွှဲပြောင်း ပေးတဲ့အခါလည်း ထိပ်ဆုံး ()ဦးသာ မဟုတ် ထိပ်ပိုင်း ခေါင်းဆောင် နေရာ ယူထားသူများ အုပ်စုလိုက် နေရာဖယ် ပေးကြရပါတယ်။

ဤသို့ စံနစ်တကျ စုပေါင်းခေါင်းဆောင်မှု နေရာဖယ်ပေးခြင်းရဲ့ အဓိက အကျိုးမှာ စီးပွာရေးနဲ့ ပါတီရဲ့ အောင်မြင်မှု များကို အနှောက်အယှက် မရှိဘဲ (ဆက်လက်) ဆောင်ရွက်နိုင်ခြင်း (continuity) ပင်ဖြစ် ပါတယ်။ တဦးတည်း အာဏာရှင်ဖြစ်ရန် အာဏာတိုက်ပွဲများမလို၊ အာဏာတည်ဆောက်မှုအတွက် အချိန်ဖြုန်းစရာမလို၊ အများ သဘောတူထားသော ပေါ်လစီများလည်း ဦးဆောင်သူအပေါ်မူတည်ပြီး မှောက်ချီလှန်ချီ ပြောင်းစရာမလို တပြေးညီ တိုးတက်ခွင့် ရရှိ နိုင်ပါတယ်။

တိန်ရှောက်ဖိန်၏ သစ္စာရှိမှုဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေ အပေါ်ဖြစ် ပါတယ်။ မာက်စ်ဝါဒ အပေါ် မဟုတ်။ ဒါ့ကြောင့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို စွန့်လွှတ်တာ မကောင်းလှသော်လည်း လက်တွေ့ကျတဲ့ အရင်းရှင် ဈေးကွက် စီးပွာရေးစနစ်ကို ကူးပြောင်းကာ တရုတ်ပြည်သူ သန်း ၃ဝဝ ကျော်ကျော်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ပါတယ်။

ပြည်သူ အားလုံး မဟုတ်သည့်တိုင်အောင် အများက ကွန်မြူနစ်အောက်မှာလို ဆင်းဆင်းရဲရဲ မနေရလျှင် ပြည်သူတွေ လည်း မဆူပူတော့။ တိန်တို့ တည်ထောင်ခဲ့သော ကွန်မြူနစ် ပါတီလည်း တည်မြဲ နေပေမည်။ ထို့အပြင် လာမည့် ၁၅ နှစ်၊ အနှစ် ၂ဝ ကာလ တွင် တရုတ်ပြည်ကြီးသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာလျှင် တရုတ်တွေ ဂုဏ်ယူ
ကာ ပိုတိုးတက် ညီညွတ် လာစရာရှိပါတယ်။

တိန်ရှောက်ဖိန်ထားခဲ့တဲ့ စံနစ်မှာ အပြင်လူတွေ အသိနည်းတဲ့ စနစ်တခုက သက်တန်း() ကြိမ်ပြီး၍ ရာထူး ဖယ်ပေး ရသော လူကြီးများဟာ အနားယူစရာမလိုပါ။ ပါတီ၏ထိပ် ဆုံးမှာ (ပါတီ)ကို စောင့် ရှောက်နေ သော ပဲ့ကိုင် ဗြဟ္မာကြီးများ (Elders)အဖြစ် ဆက်လက် ရပ်တည်နေပါသေးတယ်။

ဥပမာ တိန်ရှောက်ဖိန်လက်ထက်က ချောင်အင်လိုင်းရဲ့ မိန်းမ အပါအဝင်၊ သမ္မတဟောင်း လီ့ရှင်နင်း (Li Xiannian) တို့ပါဝင်သော (လူကြီး) () ယောက် က ပါတီကို ပဲ့ကိုင် ပေးးသွားကြပါတယ်။ ရန်စီမင်းကို တိန်ရှောက်ဖိန်က အဆိုပြုတဲ့အခါ ဤလူကြီး () ယောက်ကပဲ သဘောတူ ရွေးချယ် ခဲ့ကြခြင်း ဖြစ်ပါတယ်။ တဖန် တိန်ရှောက်ဖိန်ဆီမှ ကျန်ဇီမင်းကို တင်ပြခဲ့သူမှာ လီ့ရှင်နင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပါတီ အစည်းဝေးပွဲမှာ ()ဆက်မြောက်  ခေါင်းဆောင်တွေကို အပြီးသတ် ရွေးချယ်ရာ လက်ရှိခေါင်းဆောင် ဟူကျင်တောင်ရဲ့ လူ အရွေးချယ်မခံရ။ ဟူကျင်တောင်ရဲ့ (အား) ဖြစ်တဲ့ ကွန်မြူနစ် လူငယ်အုပ်စုနဲ့ အပြိုင်ဖြစ်တဲ့ Princelings  ဟုခေါ်သော (လူကြီးများ၏ သား သမီး)များ အုပ်စုက စီကျင်းပင် Xi Jinping အရွေးခံရပါတယ်။

စီကျင်းပင်၏ဖခင်မှာ မော်တို့ခေတ် တော်လှန်ရေးသမားကြီး ဖြစ်ပြီး ဒုဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူပါ။ ဒီလို ဟူကျင်တောင်ရဲ့ လူ အရွေးမခံရခြင်းမှာ ဟူ နဲ့ မတည့်တဲ့ ကျန်ဇီမင်း၊ (လူကြီး) အဖွဲ့တွင်ရှိနေလို့ဟု အကဲခတ်သူများက ယူဆကြပါတယ်။ ကျန်ဇီမင်း တယောက်တည်း မဟုတ် သူနဲ့ ခေတ်ပြိုင် အုပ်ချုပ်သူများလည်း လူကြီး အဖွဲ့တွင် ရှိနေရာ သူတို့မှာ ငြင်းပိုင်ခွင့် ရှိပါတယ်။

နောက် (၁ဝ) နှစ် တွင် () ဆက်မြောက် ပါတီ ခေါင်းဆောင်ကို ရွေးချိန်ရောက်လျှင် ကျန်ဇီမင်းတို့လူစု ရှိကြတော့မည်မဟုတ်။ ဟူ တို့အုပ်စုက ရွေးခွင့်ရကြမည်။ ဒါ့ကြောင့် လက်ရှိပါတီ ခေါင်းဆောင်က မျိုးဆက် တဆင့်ကျော်ကိုရွေးခွင့်ရကြမည့် စံနစ်ဖြစ်ပေါ်လာရပါတယ်။ (မှတ်ချက်။ ကျန်ဇီမင်း သာမက ဟူဂျင်တောင်ကိုလည်း တိန်ရှောက်ဖိန် ကပင် ရွေးခဲ့ခြင်း ဖြစ်သည်။)

ဒီနေရာမှာ မီးမောင်းထိုးပြချင်တာ တခုရှိပါတယ်။ အာဏာရှင်များ သာမက ခေါင်းဆောင်တိုင်းဟာ မိမိအုပ်ချုပ်မှု ကာလ ပြီးဆုံးသွားတဲ့အခါ ကျန်ခဲ့မည့် (သမိုင်းနှင့် အမွေ) (Legacy) အတွက် စိတ် ပူကြရသည်။ တိန်ရှောက်ဖိန် တည်ထွင်ခဲ့တဲ့ စနစ် မှာ (လူတဦး) ရဲ့ အမွေထက် (ပါတီ) ရဲ့ အမွေ ကို (ရောင်ပြန်ဟပ်) စေခြင်း ဖြစ်တယ်။ (တိန်) ချခဲ့သော (ပေါ်လစီ)များ ဆက်လက် ရှင်သန်စေဖို့ အစီ အမံများဖြစ်ပါတယ်။ ဒါ့ကြောင့်ကြည့်တတ်၊ မြင်တတ် သူများအဖို့ တိန်ရှောက်ဖိန်သည် လွန်စွာ ဉဏ် ပညာကြီးမား အလွန်အမြှော်အမြင်ကြီးသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးဘက်မှာ ပြောင်မြောက်ရုံမက စီးပွားရေးဘက်တွင်လည်း ကိုင်တွယ်သွား ပုံများမှာ လွန်စွာ ပညာပါ လှသည်။ ဒါ့ကြောင့် ကွန်မြူနစ်စံနစ်ကို ခါးခါးသီးသီး ဆန့်ကျင်သော စာရေးသူက တရုတ်ပြည်အကြောင်း လေ့လာ ရင်း တိန်ရှောက်ဖိန်ရဲ့ နိုင်ငံရေး အသိစွမ်းအား မြင့်မားပုံများကို သိမြင်လာတဲ့အခါ တိန်ရှောက်ဖိန်လို လူမျိုးကို မလေးစားဘဲ မနေနိုင်ပါ။

တရုတ်နိုင်ငံဟာ တပါတီအာဏာရှင် စံနစ်ဖြစ်တာကြောင့် အဓိက အာဏာ မဏ္ဍိုင်တွေထဲမှာ ပါတီ၊ အစိုးရ၊ စစ်တပ် ဆိုပြီး ခွဲခြားထားပေမယ့် ပါတီဟာ အဓိကပဲ။ ဒါ ကြောင့် ပါတီရဲ့ ရပ်တည်မှု ပုံသဏ္ဍာန် ဟာ အရေးကြီးလှပါတယ်။ ဖွဲ့သည်းအုပ်ချုပ်ပုံ ဥပဒေ ဆိုတာကလည်း အာဏာမဏ္ဍိုင်တွေကို ဖေါ် ဆောင်တာဟာ အခရာ ပဲ မဟုတ်လား။

တရုတ်ပြည် မှာ ဥပဒေ ပြု ကွန်ကရက် ဆိုတာရှိပေမယ့် ပါတီကချပေးတဲ့ ဥပဒေတွေကို အတည်ပြု ဖေါ်ထုတ်ပေးရတဲ့ ယန္တရား သက်သက်ပါပဲ။ တရုတ်ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ အစိုးရ အောက်မှာမရှိဘူး။ တော်လှန်ရေး ကာလ ကတည်းက စစ်တပ်ကို ပါတီက စစ်ကော်မရှင်က ဆင့်ထိန်းချုပ်ထားတယ်။

လူသိနည်းတဲ့ မော် ရဲ့  မိန့်ဆိုချက် တခုရှိသေးတယ်။ အဲဒါက ၁၉၂၉ ခုနှစ်မှာ မော် ရွတ်ဆိုခဲ့တဲ့ (ပါတီက သေနတ်ကို ဦးစီးအုပ်ချုပ်ရမယ်တဲ့)။ ဒါကြောင့် စစ်တပ်ကို စစ်ကော်မရှင်က အုပ်ချုပ်ပြီး ၊ ပါတီက တခါ အပေါ်က တက်ထိုင် ထားတာပဲ။ တကယ်တော့ တရုတ် အုပ်ချုပ်ရေး စံနစ်မှာ အား လုံးကို ပါတီက ခွစီးထားတာပါပဲ။

နောက် အရေးကြီးတဲ့ အချက်က တရုတ်စနစ်မှာ ဒီမိုကရေစီ ဆိုတာက ပြည်သူအတွက် မဟုတ်။ ခေါင်းဆောင်တွေ ကို ပြည်သူက ရွေးခွင့်ရှိသည် မဟုတ် ၊ ပါတီကေဒါတွေကပဲ ရွေးခွင့် ရှိတာပါ။ အစိုးရ၊ ပြည်နယ်အစိုးရ၊ စစ်တပ်။ အားလုံးဟာ ပါတီ ကလူတွေ။ ပါတီအောက် မှာပဲ။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ စစ်သား စစ်ဗိုလ် တွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်သလို တရုတ်ပြည်မှာ လည်း ပါတီကေဒါတွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်တာပဲ။

တရုတ်ပြည်ရဲ့  ထူးခြားတဲ့အချက်က တိန်တို့လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး တိုက်ပွဲမှာ အနိုင်ရလာတဲ့ အတွက် ပါတီခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် ရေရှည်ကို ကြည့်တတ်ပြီး အာဏာရဲ့ ဖျက်စီးမှုကြားက တိုင်းပြည်ချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် ဆိုတာကို အတိုင်းအတာ တခုအထိ ထိန်းသိမ်းထားနိုင်တယ်။

ဒီမိုကရေစီ ကျင့်သုံးတဲ့ အမေရိကန် ပုံစံနဲ့ ဒီမိုကရေစီ မကျင့်သုံးတဲ့ တရုတ် ပုံစံယှဉ်ရင် ဒီမိုကရေစီကပဲ (မျှတ) မှု ကိုပေးနိုင်တယ်ဆိုတာရှင်းပါတယ်။ ဒီ့ပြင် အမေရိကန် စံနစ်က အာဏာတဘက်စွန်း မရောက်အောင်ထိန်းထားတဲ့ (အနှစ်) တွေဟာ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် အနှစ် (၂ဝဝ) ကျော်လာသည့်တိုင် တန်ဖိုး မပြယ်နိုင်ပါ။

တရုတ်ပြည်ကြီးမှာတောင် ဗဟိုက ပေါ်လစီကို ချုပ်ကိုင်ထားပေမယ့် အကောင်အထည်ဖေါ်တော့ ပြည်နယ်တွေကို လွတ်လပ်ခွင့် (Autonomy) ပေးးထားတာပဲ။ ဥပမာ မြန်မာနိုင်ငံအရေးဆိုရင် ယူနန် ပြည်နယ် အစိုးရ ကအဓိက တာဝန်ယူ ဖေါ်ဆောင်ရတာပါ။

လက်ရှိ တရုတ်ပါတီတွင်း မှာတောင် တပါတီစံနစ်ဟာ ပြည်သူကို ကိုယ်စားပြုရဲ့လား ဆိုပြီးမေးလာ ကြပြီ။ လက်ရှိစံနစ်နဲ့ လာဘ်စားမှုကို တိုက်ဖျက်နိုင်ပါ့မလားဆိုပြီး သံသယရှိလာကြပြီ။ ၂ဝ၁ဝ  နှစ် သြဂုတ်လ ၅ရက် မှာ သမ္မတဟောင်း လီ့ရှင်နင်းရဲ့ သားမက် ၊  တရုတ်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး လူရာဇောင် (Liu Yazhou) က ရေရှည် (၁ဝနှစ်အတွင်း) မှာ တရုတ် ကွန်မြူနစ်ပါတီဟာ လက်ရှိ အာဏာရှင်စံနစ်မှ ပို၍ ဒီမိုကရက်တစ်ကျသော စံနစ်သို့ ကူးပြောင်း ကြရမည်၊  တခြားထွက်ပေါက် မရှိဟု တရုတ် သတင်းသမား တွေကို ပြောကြားခဲ့ပါတယ်။

နှစ်ရက် အကြာမှာ ပါမောက္ခ ဟူစင်ထောင် (Hu Xingdou) က တရုတ်ပြည်မှာ လူမူရေး တရားမျှတမှု ပျောက်ဆုံး နေမှုဟာ တရုတ်ပြည်ကြီးကို အန္တရယ်လမ်းပေါ်သို့ တွန်းပို့နေသည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများပြု၍ တရုတ် ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပြည်သူများကို ပြန်ပေးသင့် တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကပင် တရားမျှတတဲ့ လူမှုရေးကို အခြေခံသော အုပ်ချုပ်ရေးစံနစ် Constitutional Socialism ကိုထူထောင်ရမည်ဟု ဝေါဟာရ အသစ်ကို ဖေါ်ဆောင်လာပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ ဤမျှရှည်ကြာစွာ အောင်မြင်ခြင်းက တရားဥကဒေစိုးမိုးရေး Rule of Law ကြောင့် ဖြစ်ပါတယ်။ ငွေကြောင့်မဟုတ်။ တရုတ်တွေ ငွေကို ကိုးကွယ်နေခြင်းမှာမှားသည်။ တရုတ် ကွန်မြူနစ်ပါတီလည်းပြုပြင်ပြောင်းလဲရမယ်။ လက်ရှိအနေအထားအတိုင်း မသွားနိုင်ဟု ဆိုလာ ပြန်တယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ အုပ်ချုပ်သူ လူတန်းစားလာဖြစ်တော့ အာဏာရဲ့ ဖျက်စီးမှုကို မခံနိုင်ဘဲ တိုင်းပြည် ချစ်တဲ့စိတ်၊ အမျိုးချစ်စိတ် ဆိုတာတွေဟာ ပျောက်ဆုံး ကုန်တယ်။ လတ်တလော အကျိုးအမြတ်တွေကို ဦးစားပေးကာ ရေရှည် တိုင်းပြည်အကျိုးကို မျက်ခြေပြတ်ခဲ့ကြတယ်။

အနှစ်ပါတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့တာ ၁၉၆၂ ခုနှစ် ကတည်းကပါ။ တရုတ်တွေ တောင် တိုင်းပြည် တိုးတက်ခေတ်မှီလာတော့ ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရေရှည်အတွက် တရား ဥပဒေ စိုးမိုးရေးကို စဉ်းစားလာတတ်ပြီ။

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အနှစ်ပါတဲ့အပြင် တိုင်းရင်းသား တွေ အပေါ် တရားမျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ မြန်မာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြန်ပြင်ရေးရင် ထည့်သွင်း စဉ်းစားနိုင်အောင်ပါ။

ဖက်ဒရယ် လို့ကြားလိုက်တာနဲ့ တိုင်းပြည်ဖျက်ပြီလို့ ကြောက်စရာ မလိုပါ။ ဖက်ဒရယ် စံနစ်မှာ ကောင်းတာတွေ ရှိသလို ဖက်ဒရယ် ဆိုလိုက်တာနဲ့ အဖြေရပြီလို့ အားကိုးလွန် ဖို့မသင့်ပါ။ ဖက်ဒရယ် စံနစ်မှာ သတိရှိစရာ အချက်တွေ အများကြီးရှိပါတယ်။ စံနစ်ဆိုတာ (သိ) မှ (ကိုင်တွယ်) တတ်မှ အကျိုးဖြစ်ထွန်းနိုင်တာပါ။

(
ကိုးကား ။ General and scholar test reform waters By Wu Zhong, China Editor Aug 12, 2010 ကိုကားပါသည်။ )

အပိုင်း () ကိုဆက်လက်ဖေါ်ပြပါမည်။

15 August, 2011

အသိဥာဏ်ကို မျိုးစေ့ချခြင်း (ဆောင်းပါး )

�ပါရမီမြောက်သော အလုပ်၌ဖြစ်စေ၊ ပါရမီမမြောက်သော အလုပ်၌ဖြစ်စေမည်သည့်အလုပ်၌ဖြစ်ဖြစ် အသိဥာဏ်သည် ဦးဆောင်မှုကဏ္ဍမှပါဝင်ရသည်ချည်းဖြစ်၏။ အသိဥာဏ်ဟူသည် ပညာအမည်ဖြစ်၏။ ထို့ကြောင့်ပညာသည် အရေးကြီး၏။� (ဆရာကြီး ဦးရွှေအောင်)

ယနေ့ကာလ မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် လူငယ်များပညာမသင်ယူနိုင်ကြတော့ပေ။ အကြောင်းက မိသားစု စားဝတ်နေရေး မဖုံလုံသောကြောင့်တည်း။ အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော စကားအရ မိသားစုအတွင်း စားဝတ်နေရေးမပြည့်စုံလျှင် ပညာရေးဟူသည် ထိုမိသားစုအတွက် စဉ်းစားဖို့အချိန်မရှိပေ။ မျိုးဆက်သစ်လူငယ်များ ပညာရေးကဏ္ဍအားနည်းလာသည်နှင့်အမျှ ၄င်းတိုင်းပြည်၊၄င်းလူမျိုးသည်လည်း အဘက်ဘက်တွင်နိမ့်ကျလာသည်။ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်းလူငယ်များကိုယ်ကျင့်စာရိတ္တ ကောင်းမွန်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်မှု စသည်များကို အသိဥာဏ်အမည်ရသော ပညာဖြင့်သာ အခြေခံ အုတ်မြစ်ချကာ တည်ဆောက်နိုင်ပေသည်။ လူတစ်ချို့ကပြောကြသည်။ ပညာဟူသည် စာသင်ကျောင်း၊စာသင် ခန်းများတွင် ပြဌာန်းစာအုပ်များကိုင်လျှက် ဆရာ၊ဆရာမများကပို့ချသင်ကြားပေးသော သင်ခန်းစာများကိုကျက် မှတ်နေခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ မိမိကိုယ်တိုင်လေ့လာစူးစမ်းလိုစိတ်မှအစပြု၍ တကယ်လက်တွေ့ဘ၀ ကရရှိလာသော အတွေ့အကြုံများအပေါ်အခြေခံကာ ကိုယ်တိုင်လေ့လာစူးစမ်းခြင်းသည်လည်း ပညာဖြစ်သည် ဟုဆိုတတ်ကြသည်။ ထိုစကားသည်မှန်ပါ၏။ သို့သော်လည်းအသိပညာနည်းပါး၍ အပျော်အပါးကိုသာမက်မော သောအချိန်၊ အရွယ်မရောက်သေးသည့်ကလေးဘ၀တွင် ကိုယ်တိုင်လေ့လာစူးစမ်းလိုခြင်းဟူသည် လူကြီး များ၏ပြုစုပျိုးထောင်မှု၊ စာသင်ကျောင်းများတွင် ဆရာ၊ဆရာမများ၏စနစ်တကျလေ့ကျင့်ပေးမှုမှ ဖြစ်ပေါ်လာ သောအသိဥာဏ်မျိုးဖြစ်ပေသည်။ ပင်ကိုဗီဇ(၀ါ)ပဋိသန္ဓေစိတ်ကဖြစ်ပေါ်လာသောစိတ်ဓာတ်မျိုး (၀ါ)အသိဥာဏ် မျိုးကားမဟုတ်ပေ။ ထိုအသိဥာဏ်မျိုးသည်အလွန်တရာမှတွေ့ရခဲ့သော အခြေအနေတရပ်ဖြစ်သည်။ ဥပမာ ပြရသော် ကျွန်ုပ်တို့ဗုဒ္ဓဘာသာထဲက ဘုရားဖြစ်စဉ်ဇာတ်တော်များဖြစ်သည့် ဝေဿန္တရာဇာတ်တော်၊ မဟောသ ဓာဇာတ်တော်၊ တေမိယဇာတ်တော်၊ နောက်ဆုံးဘ၀ဖြစ်သည့်သိဒ္ဓတ္ထမင်းသားဘ၀စသည့်ဇာတ်တော်များတွင် တွေ့ရတတ်သည်။

တေမိယဇာတ်တော်တို့တွင် ဘုရားလောင်းမင်းသားကလေးသည် သူ့ဖခင်ဘုရင်ကြီး၏ရင်ခွင်ဝယ်ရှိနေစဉ် သူ့ဖခင်ဘုရားက အပြစ်ရှိသောသူခိုးဓမြများကို သတ်ဖြတ်ရန် မင်းမှုးထမ်းများအား အမိန့်ပေးသံကိုကြား၏ဟု ဆိုသည်။ ထိုအချိန်မှစ၍ မင်းသားကလေးစဉ်းစားမိသည်မှာ အကယ်၍ သူကြီးပြင်းလို့အရွယ်ရောက်လာလျှင် သူ့ဖခင်အရိုက်အရာကိုဆက်ခံ၍ဘုရင်ဖြစ်လာရမည်။ ဘုရင်ဖြစ်လာလျှင်သူ့ဖခင်ကဲ့သို့လူများအသက်သတ်ဖြတ် ရန်အမိန့်ပေးရတော့မည်။ ထို့ကြောင့်ဘုရင်ဖြစ်ရခြင်းသည် သူ့အတွက်အကုသိုလ်ဖြစ်၍မကောင်းမှုများနှင့်ပြည့် နှက်နေသောနေရာဟုမြင်မိသည်။ ထိုအချိန်မှစ၍ ဘုရင်မဖြစ်အောင် စကားမပြောသော တေမိယ (၀စီပိတ်) အကျင့်ကို ကျင့်ခဲ့သည်။ ဤကဲ့သော အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အကြောင်းကိုခွဲခြားဝေဖန်တတ်သော ပင်ကိုဗီဇ ပဋိသန္ဓေစိတ်(၀ါ)အသိဥာဏ်မျိုးသည် ဘ၀အဆက်ဆက်ကမြင့်မြတ်သော လမ်းစဉ်အကျင့်များကို ကျင့်၍ ပါရမီဖြည့်ဆည်းလာသော မြင့်မြတ်သောပုဂ္ဂိုလ်များတွင်သာတွေ့ရတတ်သည်။ သာမာန်လူသားများ အနေဖြင့် ပြုစုပျိုထောင်ခြင်းဖြင့်သာ အသိဥာဏ်ကိုဖြစ်ပေါ်စေ၏။ ထို့ကြောင့် လူသားဖြစ်စဉ်တွင် ကလေးဘ၀ သည် အရေးကြီး၏။ အသိဥာဏ်နည်းပါးသောကလေးဘ၀တွင် အသိဥာဏ်ရှိသောလူကြီးမိဘများ၏ဆုံးမသွန် သင်မှုသည် ထိုကလေးဘ၀တိုးတက်အောင်မြင်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်သည်။ ပုဗ္ဗာစရိယ မိနှင့်ဘဟူသောဆိုရိုးစကားအရ မိဘသည် သားသမီးများအတွက်အရေးကြီးသော လက်ဦးဆရာ များဖြစ်ကြသည်။ စီးပွားဥစ္စာပြည့်စုံ၍ကျွမ်းကျင်လိမ်မာသော မိဘများသည်သူတို့သားသမီးများကို ကလေးဘ၀ ကတည်းက စည်းကမ်းစနစ်တကျနှင့်ပြုစုပျိုးထောင်ကာ သူတို့သားသမီးများအတွက် လှပသောအနာဂါတ်ကို ဖန်တီးပေးနိုင်ကြသည်။ သို့သော်လည်း မပြည့်စုံမဖုံလုံသောမိသားစုဆင်းသက်လာသော သားသမီးများအတွက် ဘ၀ခရီးလမ်းသည် ကြမ်းတမ်း၏။ စားဝတ်နေရေးမပြည့်စုံ၊ မဖုံလုံမှုဟူသော မိသားစုတစ်ခု၏မူလအကြောင်းတ ရားကြောင့် ပညာရေးကဏ္ဍဟူသော ကလေးများအတွက် အသိဥာဏ်ကိုအစပျိုးခြင်းသည် ခက်ခဲ့၏။ ကြမ်း တမ်း၏။ ထိုကာလကိုကျော်ဖြတ်ရန် အလွန်အားတင်းရ၏။ ကျော်ဖြတ်နိုင်သောသူများသည်လည်း လူ့လောက လူ့အသိုင်းအ၀ိုင်းတွင် အောင်မြင်ကျော်ကြားသောပုဂ္ဂိုလ်များအဖြစ်ရပ်တည်နိုင်ကြသည်။ ကျွန်ုပ်ကိုယ်တိုင်သည် လည်း ထိုကဲ့သောမပြည့်စုံ၊ မဖုံလုံသောမိသားစုမှ မွေးဖွားလာသောလူတစ်ယောက်ဖြစ်သောကြောင့် ထိုအခြေ အနေများကို ကိုယ်တိုင်ကိုယ်ကျသိထားသူတစ်ဦးဖြစ်သည်။

ကလေးဘ၀၏အခါးသီးဆုံးသော ခံစားချက်များတွင် သိမ်ငယ်မှု၊ ခွဲခြားဆက်ဆံခံရမှု၊ အထင်သေးခံရမှုများ သည် ထိုကလေး၏ဘ၀အပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။ မိမိနှင့်သက်တူရွယ်တူကလေး များက လွပ်လပ်ပေါ့ပါးစွာ ပျော်မြူးနေကြချိန်တွင် တစ်နေရာရာမှ မျက်နှာငယ်ငယ်ဖြင့် ငေးကြည့်နေရသော ကလေးတစ်ယောက်၏ရင်တွင်းခံစားချက်သည် အလွန်ရင်နာစရာကောင်းလှသည်။ ထိုကဲ့သောရင်နာစရာများ နှင့်ပြည့်နက်နေသော ကလေးတစ်ယောက်၏ဘ၀သည် အကောင်းဘက်ထက်အဆိုးဘက်ကို ဦးတည်စေသည်။ ဤနေရာတွင် ကျွန်ုပ်အဓိကပြောလိုသောအချက်မှာ �အသိဥာဏ် (၀ါ) လူတစ်ယောက်၏စဉ်းစားတွေးတော့ တတ်သောဥာဏ်ကို အစပျိုးရန် ကလေးဘ၀ကတည်းက နိဒါန်းပျိုးခြင်းဟုဆိုအပ်သော နားလည်တတ်ကျွမ်း သောဆရာသမားများထံတွင် ပညာကိုလေ့လာသင်ယူမှုသည် လူတိုင်းအတွက်ကလေးဘ၀၌ အလွန်အရေး ကြီး၏။� ပညာသင်ယူခွင့်ရ၍ကြီးပြင်းလာသောကလေးတစ်ယောက်ဘ၀နှင့် ပညာသင်ယူခွင့်မရပဲကြီးပြင်းလာ သောကလေးတစ်ယောက်ဘ၀သည် အစစအရာရာတွင် အလွန်ခြားနားသည်။ ထို့ကြောင့် လူတိုင်းသည် ကလေးဘ၀တွင် ပညာကိုမဖြစ်မနေသင်ယူကြရသည်။ လောကနီတိတွင် � အကြင်အမိသည် သားငယ်ကို အတတ်ပညာ သင်မပေး။ အတတ်ပညာသင်၍မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် သား ငယ်ကို အတတ်ပညာမသင်ပေး။ အတတ်ပညာသင်၍မပေးသော အဖသည် ရန်သူမည်။ ထိုအတတ်ပညာမရှိ သောသူသည် ဟင်္သာတို့အလယ်၌ဗျိုင်းကဲ့သို့ လောကအလယ်တွင်မတင့်တယ်။� ထို့အပြင် လူတစ်ယောက်၏ ဘ၀ကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဟူ၍ အရွယ်သုံးပါးဖြင့်ပိုင်းခြားသတ်မှတ်ထားသည်။ ထိုသတ်မှတ်ချက်အရ လူတစ်ယောက်သည် ပထမအရွယ်တွင် ပညာရှာရမည်။ ဒုတိယအရွယ်တွင် စီးပွားဥစ္စာ ရှာရမည်။ တတိယအရွယ်တွင် လူ့လောကကောင်းကျိုးကိုဆောင်ရွက်ရမည်။ ပထမအရွယ်တွင် ပညာရေးချွတ် ယွင်းခဲ့လျှင် ဒုတိယအရွယ် စီးပွားဥစ္စာလည်း ချွတ်ယွင်းလာမည်။ ပညာလည်းမတတ် စီးပွားဥစ္စာလည်း မပြည့်စုံ သူတစ်ယောက်သည် အဘယ်မှာ လူ့လောကကောင်းကျိုးကို ဆောင်ရွက်နိုင်ပါမည်နည်း။ ထို့ကြောင့်လူတိုင်း အတွက် ကလေးဘ၀တွင် ပညာသင်ယူခွင့်သည် အလွန်အရေးကြီးသည်။

မိမိရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသတွင်းလူငယ်မောင်မယ်များ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ပြီး ဖွံ့ဖြိုးတိုး တက်မှုကို အားပေးကူညီလိုသော မျိုးချစ်ပြည်ချစ်ပညာတတ်၊ပညာရှိများအနေဖြင့် မျိုးဆက်သစ်လူငယ်များ ပညာသင်နိုင်ရေးကို အလေးပေးထားအားပေးကူညီသင့်သည်။ တိုင်းပြည်တစ်ခု၊ လူမျိုးတစ်မျိုး၏ အနာဂါတ် မျှော်လင့်ချက်သည် မျိုးဆက်သစ်လူငယ်များအပေါ်တွင်မူတည်သည်။ ထိုတိုင်းပြည်၊ထိုလူမျိုးသည် အနာဂါတ် တွင် မည်မျှထိတိုးတက်လာနိုင်သည်၊ မည်မျှလောက်ထိဆုတ်ယုတ်သွားနိုင်သည်စသည့် ခန့်မှန်းခြေများကို ထိုတိုင်းပြည်၊ ထိုလူမျိုး၏မျိုးဆက်သစ်လူငယ်များသည် မည်မျှထိပညာရေးကိုစိတ်ဝင်စားမှုရှိကြသည်၊ မည်မျှထိ ပညာအရည်အချင်းမြင့်မားလာကြသည်၊ ပညာရေးအဆင့်အတန်းမြင့်မားလာမှုနှင့်အညီလက်တွေ့ကျကျ လုပ် ဆောင်မှုအပိုင်းတွင်လည်း မည်မျှထိ အောင်မြင်မှုရှိလာသည်ဟူသော ပညာရေးကိုအခြေခံသောစနစ်များဖြင့် တိုင်းတာနိုင်သည်။ �ရေမြင့်မှကြာတင့်သည်� ပညာမြင့်မှ လူမျိုးတင့်သည်� ဟူသောဆိုရိုးစကားအရ တိုင်းပြည် တစ်ခု သာယာအေးချမ်းပြီး၊ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်မှာ ပညာရေးသည် အလွန်အရေးပါ၏။ ပညာရေးသည် အခရာကျ၏။ ပညာရေးကို ဥပေက္ခာပြု၍ လုံးဝမရပေ။ ယနေ့ကာလ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာ့နိုင်ငံများကိုလေ့ လာကြည့်ကြမည်ဆိုလျှင် ထိုနိုင်ငံများသည် တိုင်းပြည်၏မျိုးဆက်သစ်လူငယ်များ ပညာရေးကဏ္ဍကို မည်မျှအ လေးထားကြောင့် တွေ့ရပေလိမ်မည်။

ထိုသို့ဆိုလျှင် ကျွန်ုပ်တို့လုပ်ရမည့်အလုပ်က ဘာလဲဟုမေးစရာရှိလာသည်။ အဖြေက မျိုးဆက်သစ်လူငယ်များ ပညာသင်ယူနိုင်ရေးကို အလေးထားအားပေးကူညီရမည်ဖြစ်သည်။ �ကျွန်ုပ်တို့အားလုံးသည် မွေးရာပါဗီဇ အားဖြင့် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုချစ်တတ်ကြသည်။ ချစ်ကြသည့်အားလျော်စွာကိုယ့်တိုင်းပြည်ကိုယ့် လူမျိုးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာ၌ မိမိတို့စွမ်းနိုင်သည့်ဘက်မှ တစ်စိတ်တစ်ဒေသပူးပေါင်းပါဝင်လို သောဆန္ဒကိုယ်စီလည်းရှိကြသည်။ တဘက်မှာလည်းကျွန်ုပ်တို့တွင် ကိုယ်ပိုင်အယူအဆ ကိုယ်ပိုင်ယုံကြည်မှု များနှင့် ကွဲပြားခြားနားသောရပ်တည်ချက်ကိုယ်စီရှိကြသည်။ မည်သို့ပင်ကွဲပြားခြားနားပါစေ ထိုကွဲပြားခြား နားမှုသည် ကျွန်ုပ်တို့အတွက်ပြဿနာမဟုတ်ပါ။ ကွဲပြားခြားနားမှုများကို ကျွန်ုပ်တို့ကိုယ်စီတွင်ရှိကြသော ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုချစ်ခင်ခြင်း၊ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် ပေးဆပ်လိုခြင်းဟူသောတူညီ သောယုံကြည်ချက်ဖြင့်ပေါင်းစည်းနိုင်သည်။ ဟန်ဆောင်အမျိုးချစ်ခြင်းသည်ကား အလွန်ကြောက်စရာကောင်း၍ အန္တရာယ်များ၏။ ထိုသူများသည်တိုင်းပြည်တစ်ခု၊ လူမျိုးတစ်မျိုးအတွက်အန္တရာယ်ကောင်များဖြစ်၍ မကောင်း ဆိုးဝါးများလည်းဖြစ်၏။ ထိုသူများကို ကျွန်ုပ်တို့သည် ကွဲပြားခြားနားအောင်ပြု လုပ်ရပေလိမ့်မည်။�

၂၀၁၁ ခုနှစ် စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ရခိုင်ပြည်သည် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ် သည်။ ဆင်းရဲသည့်အလျောက် ရခိုင်ပြည်တွင် မျိုးဆက်သစ်လူငယ်များပညာသင်ယူနိုင်မှုဦးရေသည် အလွန် ကြောက်စရာကောင်းလောက်အောင်လျော့နည်း၍ အနာဂါတ်ရခိုင်ပြည်၊ရခိုင်လူမျိုးများအတွက် အလွန်တရာမှ စိုးရိမ်စရာကောင်းသောအခြေအနေတရပ်ဖြစ်သည်။ ရခိုင်လူငယ်မျိုးဆက်သစ်များ ပညာသင်ယူမှုအားနည်းလာ သည်နှင့်အမျှ ရခိုင်လူမျိုးတို့၏ကိုယ်ပိုင်စရိုက်လက္ခဏာများသည်လည်း တစတစနှင့်ပျောက်ကွယ်လာရ၏။ မျိုးချစ်ပြည်ချစ် ရခိုင်ပညာတတ်၊ပညာရှိများအနေဖြင့် ဤအခြေအနေများကိုနားလည်သဘောပေါက်ပြီး တား ဆီးကာကွယ်ဖို့ရန် နည်းလမ်းများကိုရှာဖွေရတော့မည်။ ဖားအော်သလို ငါတို့ရခိုင်ကအတိတ်တစ်ချိန်ကမည်ကဲ့ သို့ကြီးကျယ်ခမ်းနားခဲ့သည်၊ ဂုဏ်ယူစရာကောင်းသည် စသည်ဖြင့် သမိုင်းကြောင်းကိုသာပြောလို့အချိန်မကုန် သင့်တော့ပေ။ လက်တွေ့လုပ်နိုင်သောအတိုင်းအတာတခုကိုစဉ်းစားကြရတော့မည်။ ဤနေရာတွင် ကျွန်ုပ်အ မြင်အရ ရခိုင်လူငယ်မျိုးဆက်သစ်များ ပိုပြီးပညာသင်ယူခွင့်ရရှိအောင်ဖန်တီးပေးဖို့လိုအပ်သည်ဟု မြင်၏။ လူငယ်များပိုပြီးပညာသင်ယူလာနိုင်အောင် ကျွန်ုပ်တို့မည်ကဲ့သို့ဖန်တီးပေးကြမည်နည်း။ ဤမေးခွန်းသည် အလွန်စိတ်ဝင်စားစရာကောင်း၏။ ကျွန်ုပ်အဖြေက စည်းကမ်းစနစ်တကျနှင့်လူငယ်များအားအသိဥာဏ်ကိုမျိုး စေ့ချပေးသော စာသင်ခန်း၊စာသင်ကျောင်းများ၊ ပရဟိတဘုန်းတော်သင်ပညာရေးကျောင်းများ ရခိုင်ပြည်အနှံ့အ ပြားတွင်တည်ထောင်ရန်ဖြစ်သည်။ ပညာဟူသည် လောကလူသားတို့အတွက်အလင်းရောင်ဖြစ်သည်။ ပညာ ဟူသောအလင်းရောင်ဖြင့်သာ ကျွန်ုပ်တို့ဘ၀ကိုထွန်းလင်းတောက်ပစေသည်။ လူတိုင်းအတွက်ဘ၀တွင်ပညာ သည်မရှိမဖြစ်လိုအပ်သည်။ အထူးသဖြင့် မသိနားမလည်သေးသော မျိုးဆက်သစ်လူငယ်များအတွက် အသိ ဥာဏ်ကိုမျိုးစေ့ချပေးခြင်းသည် အလွန်အရေးကြီး၏။ ထို့ကြောင့် မျိုးချစ်ပြည်ချစ်ရခိုင်သူရခိုင်သားများအနေဖြင့် မိမိပြည်နယ်၊ မိမိလူမျိုးကိုအမှန်တကယ်ချစ်ခင်ကြောင်းပြသလိုလျှင် မိမိတို့၏မျိုးဆက်သစ်လူငယ်များပညာရေး ကဏ္ဍတွင် မိမိတို့စွမ်းနိုင်သည့်ဘက်မှအားပေးကူညီ၍ လူငယ်များအသိဥာဏ်ကို မျိုးစေ့ချပြုစုပျိုးထောင်ပေးဖို့လို အပ်ပါသည်။

Plants are improved by cultivation and men by education.
အပင်ငယ်လေးများကို ပြုစုပျိုးထောင်ခြင်းဖြင့် ဖွံ့ဖြိုးရှင်သန်စေသကဲ့သို့ လူကိုပညာရေးဖြင့် ဖွံ့ဖြိုးရှင်သန်စေသည်။
(ဂျင်းဂျက် ရူဆိုး ၏ သဘာဝပညာရေး ဆောင်းပါး၊ မောက္ခမဂ္ဂဇင်းမှ)

ပုဏ္ဏား (၀ရာဇ်မြီ)

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ....
ခေတ်အဆက်ဆက်က နာကျည်းမုန်းတီးမှုများ ငြမ်းစင်ပြီး
အနှစ်နှစ်အလလဆုံးရှုံးခြင်းအား သိုလှောင်ထားမဲ့ ရေကာတာ မဟုတ်ဘူး ၊
မပျက်စီးတဲ့အတိတ်က ချန်ထားခဲ့ လက်ဗွေရာတွေနဲ့
ဆက်ပြီးပြင်းထန်တဲ့စိတ်ဒဏ်ရာများကို ကုစားမဲ့ ဆေးစွမ်းတစ်လက်ဖြစ်တယ်....။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
လျှို့ဝှက်ရှုပ်ထွေးတဲ့ အပြုအမူများကို မဖြေရှင်းပဲ ပစ်ထားပြီး
အလွဲသုံးစားလုပ်မှုတွေဖန်တီးဖို့ လမ်းလွဲကို လမ်းခင်းတာ မဟုတ်ဘူး  ၊
ဘာလင်တံတိုင်းကြီးက ပြိုတာ ကြာခဲ့ပေမဲ့ တို့မိခင်တွေ ငိုကောင်းတုန်းမို့
ငြိမ်းချမ်းစိမ်းလန်းခြင်းပန်းပွင့်သစ်များ အမိမြေရဲ့ဦးခေါင်းမှာ လှလှပပ ပန်ဆင်ခြင်းဖြစ်တယ်....။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ....
လိမ်လည် လှည့်ဖျားမှုများကို ပါးစပ်အရသာခံ သတင်းစာရှင်းလင်းပွဲလုပ်ပြီး
လွတ်လပ်စွာ ပြောဆိုမဲ့ အတွေးအခေါ်တွေ ထောင်ချထားခြင်းမဟုတ်ဘူး ၊
ဒုက္ခများက ဘူဖေး (Buffet ) ဟင်းလျာလို အစုံအလင်မို့
မနူးမနပ် အပြုအမူတွေရှောင်ရှားပြီး ငြိမ်းချမ်းရေးကို စားသုံးခြင်းဖြစ်တယ်...။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
စွံ့ပျံ့ဝမ်းနည်းကြေကွဲခြင်းများ နှလုံးသားထဲ တလိမ့်လိမ့် စီးဆင်းပြီး
အပေါ်ယံ ဟန်ပြ ဆူးညှောင့်ခလုတ်တွေကို လူမမြင်အောင် ဖုံးအုပ်ထားတာ မဟုတ်ဘူး ၊
အရေးပေါ် အတွေးအခေါ်များ တပ်ဆင်ပြီး ကမ္ဘာကြီးအား ရင်ဘောင်တန်းဖို့
ကြွေးကြော်သံများကို လည်ဆွဲရတနာလို တိုင်းပြည်ရဲ့လည်ပင်းမှာဆင်မြန်းခြင်းဖြစ်တယ်..။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
နူးညံ့ပျော့ပျောင်းတဲ့ အပြောအဆိုတွေကို ရေလာမြောင်းပေးလုပ်ပြီး
အချိန်ဆွဲနည်းဗျူဟာနဲ့ စစ်မီးတောက်ထဲ ပိုးဖလံလိုတိုးဝင်ဖို့ မဟုတ်ဘူး ၊
ငြိမ်းချမ်းရေးနဲ့လွဲသွားတဲ့ မြှားတွေ ၊ ကျကွဲသွားတဲ့ အနာဂတ်အိုးများအတွက်
ထက်မြက်တဲ့ ရွှေရောင်နေ့ရက်များပိုင်ဆိုင်ဖို့ ပြုပြင်ပြောင်းလဲခြင်းကို မြေသြဇာပျိုးခြင်းဖြစ်တယ်..။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
အကြွေးတွေ လည်ပင်းတစ်ပြီး ကူညီမယ်လို့ ခဏခဏပြောနေတဲ့ အမေရိကန်လည်းမဟုတ်ဘူး..
စီးပွားရေးစားကျက်အတွက် ခြေပုန်းခုပ် လက်ဝါးကြီးအုပ်မဲ့ တရုပ်လည်း မဟုတ်ဘူး....
နှစ်ကာလများစွာ ပါးစပ်က စက်သေနတ်ပစ်နေတဲ့ အာဆီယံ၊အီးယူ ၊ ကုလသမဂ္ဂ ဘာတခုမှမဟုတ်ဘူး..

မပြေလည်ခဲ့တဲ့သက္ကရာဇ်ဟောင်း ဆင်းရဲခြင်းမြောင်းပုပ်မှာ
ကိုယ့်သွေးသားချင်း လက်ချင်းဆုပ် ၊ သံသယတွေ မောင်းထုတ် ၊
ငြိမ်းချမ်းစွာ ဘ၀များအတူတကွ ရေရှည်စစ်ကံကြမ္မာထဲက ရုန်းထွက်ခြင်းဖြစ်တယ်.....။

အောင်ခိုင်မြင့်
၁၃ သြဂုတ်လ ၂၀၁၁

တော်လှန်ရေးဆိုတာ

တော်လှန်ရေးဆိုတာ လူတွေကပဲဆင်နွဲတာဖြစ်လို
 လူအသုံးအဆာင်ပစွည်းတွေအမြောက်အများလိုအပ်ပါတယ်။
အဲဒီအတွက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေက
တော်လှန်ရေးရဲ အစိတ်အပိုင်းတရပ်ဖြစ်သလို အဲဒီလုပ်ငန်းတွေမှာ
တာဝန်ယူတဲ့ ရဲဘော်တွေဟာလည်း တော်လှန်ရေးသမားတွေချည်းပါပဲ။

ရဲဘော်မိုးသီးဇွန်