Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

02 December, 2011

အမေရိကန်-မြန်မာ ဆက်ဆံရေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သမိုင်းဝင် အလည်အပတ်ခရီး သွားချိန်နှင့် တဆက်တည်း အမေရိကန်-မြန်မာ ဆက်ဆံရေးကို ယှဉ်ထိုး လေ့လာနိုင်ရန် အတွက် နှစ်နိုင်ငံအကြား အဓိက ဖြစ်ထွန်းမှုများကို နှစ်အလိုက် ဖော်ပြလိုက်ပါသည်။နိုဝင်ဘာ ၃၀ ရက်က စတင်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အမေရိကန် ထိပ်တန်းသံအဖွဲ့နှင့် အတူ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်ပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ နိုဝင် ဘာ ၁၈ ရက်က အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကြေညာလိုက်သော ထိုခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်း လဲမှုများပိုမိုဖြစ်ထွန်းလာစေရန် အားပေးသည့် ကြိုးပမ်းချက်တခုအဖြစ် ရှုမြင်နိုင်သည့်အပြင် အနောက်နိုင်ငံများနှင့် သံတမန်ရေး အရ အထီးကျန်ဆန်နေသော မြန်မာနိုင်ငံကို ကူညီအားပေးရာ လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်ကြပါသည်။

စစ်တပ်နောက်ခံ အစိုးရသစ်သည် ကမ္ဘာ့ သြဇာတိက္ကမ အကြီးဆုံးနိုင်ငံနှင့် ‘ပုံမှန်’ ဆက်ဆံရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်ဖြစ်သည်။

မြန်မာ – အမေရိကန် ဆက်ဆံရေး မှတ်တမ်း

၁၈၅၆ ခုနှစ် ။ ။ မင်းတုန်းမင်းသည် အမေရိကန်နိုင်ငံနှင့် နီးနီးကပ်ကပ်ဆက်ဆံချင်ကြောင်း အမေရိကန်သမ္မတ ဂျိမ်းစ် ဗြူကန်နန် ထံသို့ စာရေးသည်။

၁၈၅၇ ခုနှစ် ။ ။ ဘူချာနန်က အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် မြန်မာ့ အချုပ်ချာအာဏာကို ထိပါးစေမည့်ဖြစ်ရပ်များကို သူ မမြင်တွေ့လိုကြောင်း ထပ်လောင်းကတိပြုရင်း မင်းတုန်းမင်းထံသို့ ပြန် စာပို့သည်။ အမေရိကန်သမ္မတက မြန်မာဘုရင်မင်းမြတ်ထံသို့ စာအုပ်နှင့် ရေနွေးငွေ့သုံး မီးရထားပုံစံငယ်ကို လက်ဆောင်
အဖြစ် ဆက်သသည်။

၁၉၄၈ ခုနှစ် ။ ။ အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုသည်။ ရန်ကုန်တွင် သံရုံးဖွင့်ပြီး အောက်တိုဘာလတွင် ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်သည်။

၁၉၄၈-၅၃ ခုနှစ် ။ ။ အမေရိကန်သည် မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ပေးသည့်အပြင် မြန်မာနိုင်ငံတွင်းခိုလှုံနေသော တရုပ်ကူမင်တန်(KMT) တပ်များကိုလည်း လျှို့ဝှက်ထောက်ပံ့ပေးသည်။ ထို အကူအညီသည် ၁၉၅၃-၅၄ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး ကူမင်တန်အများစု ထိုင်ဝမ်သို့ ပြန်ပို့ခံရသည်။

၁၉၅၀ ပြည့်နှစ် ။ ။ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုးရီးယားက ၀င်ရောက်သိမ်းပိုက်မှုကို မြန်မာနိုင်ငံက ရှုတ် ချသည်။ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂ တုံ့ပြန်ချက်ကို ထောက်ခံသည့် မဲ ထည့်သည်။ ဇွန်လတွင်ပင် ဗြိတိသျှ ဓနသဟာယနိုင်ငံများ အဖွဲ့က မြန်မာကို ဗြိတိသျှ စတာလင်ပေါင် ၆ သန်းချေးရန် သဘောတူသော်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံ က အမေရိကန်အစိုးရ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(TCA) ထံမှ အကူအညီရယူသည်။

၁၉၅၃ ခုနှစ် ။ ။ အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိသည်။ ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် ကြုံရသည်။ နယူးယောက် တိုင်းမ် သတင်းစာအဆိုအရ ပဲခူးတွင်“မြန်မာ နိုင်ငံသည် အမေရိကန်စစ်ဘီလူးများအတွက် နေရာမဟုတ်”ဟု ဖော်ပြသောစာတန်းနှင့်ဆန္ဒပြသူများက နစ်ဆစ်ကိုကြိုဆိုခဲ့ကြ သည်။

၁၉၅၅ ခုနှစ် ။ ။ ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဖော်စတာ ဒါးလက်စ် သည် ရန်ကုန်ကို အလည်ရောက်ရှိလာပြီး ၀န်ကြီးချုပ် ဦးနု အပါအ၀င် မြန်မာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသည်။

၁၉၅၅ ခုနှစ် ။ ။ ဇွန်လတွင် ဦးနုသည် ၀ါရှင်တန်သို့ တရားဝင် သွားရောက်လည်ပတ်ပြီး အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောသည်။ အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါနှင့် မြန်မာဝန်ကြီးချုပ် ပူးတွဲထုတ်ပြန်သောကြောညာချက်၌“ရန်ကုန်မြို့တော်တွင် လတ်တလော ကျင်းပနေသော ဆဋ္ဌမ သံဃာရတနာ တင်ပွဲသည် ဒေသတခုလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်း စေ သည်”ဟု မှတ်ချက်ချခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံတွင် အဖမ်းခံထားရသော အမေရိကန် လေယာဉ်မှူးများအရေးကိုလည်း ပြန် လည် သုံးသပ်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၌ နိုင်ငံခြားတင်ပို့ရောင်းချမည့် ဆန်စပါးများ အဆမတန် ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် “ရှုပ်ထွေးခက်ခဲသော စီးပွားရေးပြဿနာများ”များကိုလည်း ဆွေးနွေးခဲ့သည်။

၁၉၅၇ ခုနှစ် ။ ။ မြန်မာနိုင်ငံ သမ္မတ မန်းဝင်းမောင်သည် ဆေးကုသမှုခံယူရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ဒီဇင်ဘာ၂၃ရက်နေ့တွင် အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါနှင့် တွေ့ဆုံသည်။

၁၉၅၆-၆၄ ခုနှစ် ။ ။ မြန်မာနိုင်ငံသို့ အမေရိကန်က စားနပ်ရိက္ခာအထောက်အပံ့များ ၁၉၅၆ ခုနှစ်တွင် စတင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက ရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းချိန်၌ အမေရိကန်တွင် စစ်ပညာ သင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိပေါင်း ၁၀၀၀ ခန့် ရှိသည်။

၁၉၆၆ ခုနှစ် ။ ။ စက်တင်ဘာလတွင် ဗိုလ်ချုပ်နေ၀င်းသည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည် ပတ် ပြီး သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်နှင့် တွေ့ဆုံသည်။ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံ ၏ ဘက်မလိုက်မူဝါဒကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး“နှစ်ပြည်ထောင် နိုင်ငံသားများ၏ အပြန်အလှန် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှုအကျိုး ထမ်းရွက်ရာတွင်”ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ် ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ထပ်လောင်းပြောဆိုခဲ့သည်။

၁၉၇၄ ခုနှစ် ။ ။ အမေရိကန်နှင့် မြန်မာအစိုးရသည် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ အမေရိကန်က Bell 205 ရဟတ်ယဉ်များ မြန်မာနိုင်ငံအား ထောက်ပံ့ရန်လည်း သဘောတူသည်။

၁၉၈၂ ခုနှစ် ။ ။ အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်သို့ လာရောက် လည် ပတ် သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောကြားသည်။

၁၉၈၈ ခုနှစ် ။ ။ နိုင်ငံတ၀န်း ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပေါ်နေသော စက်တင်ဘာလတွင် အာရှနှင့်ပစိဖိတ်ရေးရာ ကော် မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် စတီဖင် ဂျေ ဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်လည်ပတ်ပြီး သမ္မတသစ် ဒေါက်တာ မောင်မောင်နှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။

၁၉၈၈ ခုနှစ် ။ ။ နိုဝင်ဘာလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာသည် ထိုင်းမြန်မာနယ်စပ်အနီးရှိ သေဘောဘိုးကျောင်းသားစခန်းသို့လာရောက်လည် ပတ်ပြီး ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်ကဖြိုခွင်း ခဲ့သဖြင့်ပြည်ပသို့ရောက်ရှိလာသူများအတွက်နိုင်ငံရေးထောက်ခံမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု က တိပေးပြောကြားသည်။

၁၉၉၀ ပြည့်နှစ် ။ ။ အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်လိုက်သည်။ နှစ် ပေါင်း၃၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရလိုက်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုသောကြောင့် သံတမန်ဆက်ဆံရေးအဆင့်ကို သံအမတ်အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ ယနေ့အထိ လျှော့ချလိုက်သည်။

၁၉၉၄ ခုနှစ် ။ ။ ဖေဖော်ဝါရီလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် တွေ့ဆုံခွင့်ရသည်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဒေါ်အောင် ဆန်းစုကြည်အတွက် ပေးပို့သော စာတစောင်အား အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် က ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်သည်။ အောက်လွှတ်တော်အမတ်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်လည်း
တွေ့ဆုံသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အနာဂတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမည်ဟု သူက ပြောဆိုသည်။

၁၉၉၅ ခုနှစ် ။ ။ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ် လာသူ မက်ဒ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့်တွေ့ဆုံသည်။ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၎င်းတို့ အစိုးရသည် လူထုထောက်ခံမှုအများအပြားရရှိနေသည်ဟု အောလ်ဘရိုက်ကို ပြောဆိုသည်။ နောက်တနေ့တွင် မစ္စ အောလ်ဘရိုက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။

၁၉၉၇ ခုနှစ် ။ ။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်းတွင် ၀င်ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။

၁၉၉၇ ခုနှစ် ။ ။ အမေရိကန် နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်သည်။ မြန်မာနိုင်ငံတွင် ငွေခ၀ါချခြင်း အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အမေရိကန်ပြည်ထောင်စုက တားမြစ်ပိတ်ပင်မှုချမှတ် လိုက်သည့်အပြင် တချို့သော မြန်မာစစ်တပ်အရာရှိများနှင့် မိသားစုဝင်များကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်သည်။

၂၀၀၃ ခုနှစ် ။ ။ မေလ ၃၀ ရက် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအရပ်တွင် NLD ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဇူလိုင်လတွင် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်သည်။ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှင့် အမိန့်စာ အမှတ် ၁၃၃၁၀ အရ မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကို တားမြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခြင်း၊ စစ်အစိုးရနှင့် မြန်မာနိုင်ငံခြား ကူး သန်းရောင်းဝယ်မှု အဖွဲ့သုံးဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည်။ ထိုဒဏ်ခတ်ပိတ်ဆို့မှုများအရ အမေရိ ကန် အစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားမည် ဖြစ်သည်။

၂၀၀၅ ခုနှစ် ။ ။ သမ္မတ ဘုရှ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားသော ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာနိုင်ငံကို“ကမ္ဘာတ၀န်း အာဏာရှင်များ၏ ခံကတုတ် ခြောက်ခုအနက်”တခုဖြစ်သည်ဟု ပြောဆိုသည်။

၂၀၀၇ ခုနှစ် ။ ။ အစိုးရက လောင်စာဆီဈေး ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ရန်ကုန်နှင့် နေရာ အနှံ့အပြားတွင် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လာသည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် သမ္မတ ဘုရှ်က လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံရသူ တဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် အမိန့် ကြေညာချက် အမှတ် ၁၃၃၄၈ ကို ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတာဝန်ရှိသူများအား ဘဏ္ဍာ ရေးနှင့် ရုပ်ဝထ္ထုပစ္စည်း အထောက်အပံ့ပေးသော လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်း ရန် ယင်း အမိန့်တွင်ပါဝင်သည်။ ယခင်ပြစ်ဒဏ်ခတ်မှုအား တိုးချဲ့ထားသော အမိန့်စာဖြစ်သည်။

၂၀၀၈ ခုနှစ် ။ ။ သမ္မတ ဘုရှ်သည် မြန်မာနိုင်ငံမှထွက်သော ကျောက်မျက် ရတနာများ တင်သွင်းခြင်းကို ကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောလက်ရှိ သွင်းကုန်ကန့်သတ်မှုအား တိုးချဲ့သော Burma Jade Act ကို လက်မှတ်ရေး ထိုး ထုတ်ပြန်သည်။ မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။၂၀၀၈ ခုနှစ် ။ ။ မေလတွင် ရဟတ်ယဉ်များ၊ ရေ နှင့်အစားအစာ တန်ပေါင်းများစွာ တင်ဆောင်လာသော အမေရိကန် လေ ယာဉ်တင် သဘောင်္(US Aircraft Carrier Essex)သည် ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီရန် မြန်မာ အစိုးရထံမှ ခွင့်ပြုချက်ကို ကမ်းလွန်ပင်လယ်ပြင်တွင် ရက်သတ္တပတ် ၃ ပတ်ကြာစောင့်ဆိုင်းသည်။ မြန်မာအစိုးရက ကယ် ဆယ်ရေး အစီအစဉ်ကို ပယ်ချလိုက်သည်။ သို့သော် အမေရိကန်အစိုးရကို အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ သန်းတန်ဖိုးနီးပါးရှိအစားအစာနှင့်နေထိုင်စရာအကူအညီများ 185 DOD C-130 ကုန်တင်လေယာဉ်များဖြင့် ရန်ကုန်သို့ သယ်ဆောင်ခွင့်ပြုသည်။

၂၀၀၈ ခုနှစ် ။ ။ သြဂုတ်လတွင် အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ သမ္မတ ကတော် လော်ရာ ဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် ဒုက္ခသည် စခန်းများကို သွားရောက်သည်။

၂၀၀၉ ခုနှစ် ။ ။ သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသဖြင့် ဆယ်စုနှစ်များစွာအတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့်တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့သော အဆင့်မြင့်ဆုံးအရာရှိဖြစ် သည်။ မြန်မာနိုင်ငံအတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို ထောက်ပြပြီး အမေရိကန်အစိုးရအား မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဂျင်မ် ၀က်ဘ်က အပြင်းအထန် စည်းရုံးသည်။၂၀၀၉ ခုနှစ် ။ ။ စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမရှိဘဲ မြန်မာအစိုးရ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့မှုလုပ်ဆောင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ။ ။ နိုဝင်ဘာလက စင်ကာပူနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား လက်ဆွဲနှုတ်ဆက်သည်။
မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မည်ဟု သမ္မတ အိုဘားမားက ပြောဆိုသည်။ ၁၄ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိအဖြစ် အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်သည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ချမှတ်သော မူဝါဒအသစ် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး၏ တစိတ်တဒေသဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ။ ။ နိုဝင်ဘာလ ၇ ရက်နေ့က အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ
အား “လွတ်လပ်မှု နှင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟု သမ္မတ အိုဘားမားက ရှုတ်ချသည်။ ရွေးကောက်ပွဲမှတဆင့် စစ်အရာရှိဟောင်းများ ဦးဆောင်သော အမည်ခံအရပ်သားအစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပြောင်းပေးသည်။

၂၀၁၁ ခုနှစ် ။ ။ ဧပြီလတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား ဆက်သွယ်ဆောင်ရွက်သူအဖြစ် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက ခန့်အပ်သည်။

၂၀၁၁ ခုနှစ် ။ ။ စက်တင်ဘာ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိများနှင့် ၀ါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံသည်။ နောက်တနေ့တွင် သမ္မတ ဦး သိန်းစိန်က မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ယာယီရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ ၀ါရှင်တန်က အရေးပါပြီး အပြုသဘောဆောင်သော လုပ်ရပ်တခုအဖြစ် ကြိုဆိုလိုက်သည်။

၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ်ချယ်သည် သက်တမ်းနှစ်လ မပြည့်သေးသည့် အချိန်တွင် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာအစိုးရခေါင်းဆောင်များအပါအ၀င် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံသည်။ မြန်မာနိုင်ငံမှ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြုသဘောဆောင်သော အပြောင်း အလဲ များနှင့်အတူ အမေရိကန်အစိုးရကလည်း အပြန်အလှန်ဆောင်ရွက်သွားမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာ သည်။

၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာ ၁၈ ရက်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ဖြစ် ပေါ်နေသည်ဟု ပြောဆိုလိုက်ပြီး “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တဦးချင်းအခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ် ငန်း များ ပိုမိုတိုးတက်လာစေရန် အမေရိကန်အနေဖြင့် ကူညီပေးနိုင်မှုများ” ရှာဖွေလေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ထုတ်ပြန်ကြေညာသည်မြန်မာအစိုးရက အမေရိကန်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး သမ္မတ အိုဘားမား၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။

၂၀၁၁ ခုနှစ် ။ ။ ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နေပြည်တော်၌ တွေ့ဆုံသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍ တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြော သည်။

http://burma.irrawaddy.org/archives/3111

20 October, 2011

တရုတ်ကဖိ၊ကုလားကအိ (ဧရာ)

တရုတ်ကဖိ၊ကုလားကအိ

မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်သူ၊လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့  ဒုဥက္ကဌလည်းဖြစ်သူ ဦးတင်ဦး ရဲ့ ဘ၀ဖြတ်သန်းမှုတွေကို အာအက်ဖ်အေ မြန်မာပိုင်းရေဒီယိုကနေ ပြည်သူ့ ဖက်ကဗိုလ်ချုပ်ကြီးတယောက် အစီအစဉ်အနေနဲ့ ထုတ်လွှင့်နေပါတယ်။ ၃၊၁၀၊၂၀၁၁နေ့ က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာ ဦးတင်ဦး က ရိုဟင်ဂျာလို့ မခေါ်ပဲ ဘင်္ဂါလီ လို့ ခေါ်တာကိုမကျေနပ်လို့  ဆိုပြီးမြောက်အမေရိကတိုက်မှာ ဖွဲ့ စည်းထားတဲ့ BRANA ဘင်္ဂါလီ(ရိုဟင်ဂျာ)အစည်းအရုံးဥက္ကဌ ဒေါက်တာဝါကာအူဒင်းမှကန့် ကွက်တာကို ၁၄၊၁၀၊၂၀၁၁နေ့ က အာအက်ဖ်အေရေဒီယို အစီအစဉ် မှာကြားလိုက်ရတယ်။ ဒါကြောင့် စစ်တကောင်းအနွယ်ဝင် ဘင်္ဂါလီတွေ မဟုတ်မမှန်ဖော်ထုတ်နေတဲ့ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားအလိမ်ကိစ္စကို အများပြည်သူတွေသိစေဖို့  ဒီဆောင်းပါးကို ရေးသားလိုက် ရခြင်းဖြစ်တယ်။

ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားရှိခြင်းမရှိခြင်း

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားဆိုတာကို မြောက်ဦးခေတ်၊ဓည၀တီခေတ်တို့ မှာပဲရှာရှာ၊ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရထုတ်ပြန်ခဲ့တဲ့ (၁၈၇၂ခုမှ ၁၉၁၁ခု) စတဲ့သန်းကောင်စာရင်း (census) တွေမှာပဲရှာရှာ ရှာတွေ့ နိုင်မှာမဟုတ်ပါ။ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားအလိမ်ပဲဖြစ်ဖြစ်၊ အတုပဲ ဖြစ်ဖြစ် ဆိုတာဟာ အရင်ကလည်းမရှိခဲ့ဘူး။ အခုလည်းရှိမနေဘူး။ နောက်လည်းရှိလာမှာ မဟုတ်ဘူး။ ဒီအကြောင်းကိုပဲ သမိုင်းနဲ့ ချီပြီး ရခိုင်တိုင်းရင်းသားအဖွဲ့ အစည်းတွေ၊ပညာရှင်တွေရှင်းပြတာ ထုတ်ပြန် ထားတာတွေကလည်း ဒုနဲ့ ဒေးရှိနေတယ်။ ဒါပေမယ့် ဘင်္ဂါလီတွေဖြစ်တဲ့ ရိုဟင်ဂျာလှုပ်ရှားမှုဟာ ယခုအထိ မြန်မာနိုင်ငံရဲ့  ဌာနေတိုင်းရင်းသားအခွင့်အရေးကို လူ့ အခွင့်အရေးထက် ကျော်လွန်ပြီး လုပ်နေတယ်။

တိုင်းရင်းသားဆိုတာဘာလဲ

ပထ၀ီအနေအထားအရ ခိုင်လုံတဲ့သမိုင်းကြောင်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင်ဘာသာစကား၊ကိုယ် ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာရှိသူများကို တိုင်းရင်းသားလို့ ခေါ်တယ်။ မြန်မာ့နိုင်ငံရဲ့ တိုင်းရင်းသား တွေဟာ မနေ့ တနေ့ ကမှ ရုတ်တရက်ကောက်ကာငင်ကာ ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ရာဇ၀င်နဲ့ ချီတဲ့ သမိုင်းအထောက်အထားတွေနဲ့  ရှင်သန်ကြတာဖြစ်တယ်။ ရခိုင်၊မွန်၊ဗမာ၊ရှမ်း၊ကရင်၊ကယား(ကရင်နီ)၊ ကချင်၊ချင်းစတဲ့ အဓိကတိုင်းရင်းသားအင်အားစုကြီးတွေမှာ ခိုင်မာတဲ့ သမိုင်းကြောင်းတွေကို ကျောက် စာနဲ့ ပေ၊ပုရပိုက်တို့ မှာတွေ့ ရတယ်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားတွေဟာ ဘာသာရေးကို အခြေခံပြီး တိုင်းရင်းသားဖြစ်လာသူများလည်းမဟုတ်ပါ။ ရှိရင်းစွဲဓလေ့ထုံးစံအတိုင်းသာ ရှေးပဝေဏီကပင် နေထိုင် သူများဖြစ်တယ်။

သမိုင်းလိမ်ရင် အမှန်တရားမဟုတ်

အာရပ်လူမျိုးတွေက အရှေ့ တောင်အာရှကို ဟင်းခတ်အမွှေးအကြိုင်လာရောင်းကာ ရမ်းဗြဲကျွန်းနားက သင်္ဘောပျက်ပုံပြင်နဲ့ ရိုဟင်ဂျာလူမျိုးဆိုတာဖြစ်ပေါ်လာတာကို ရိုးမယ်ဖွဲ့ ပြီး သမိုင်းကိုလုပ်ကြံဖန်တီးလို့  မရပါ။မြန်မာနိုင်ငံလွတ်လပ်ရေးရခါစမှာပင်မူဂျာဟစ်သူပုန်များထကြွခဲ့တာသမိုင်းအမှန်ပါ။ဗမာ့သေနတ် ကိုင် တပ်ရင်း(၅) က မူဂျာဟစ်တွေကို တောင်ပြိုတိုက်ပွဲနဲ့ အပြီးသတ်တိုက်ထုတ်ခဲ့တယ်။အဲ့ဒီအချိန်က ရန်ကုန်-အင်းစိန်တိုက်ပွဲတောင် မဖြစ်သေးတဲ့အချိန်ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ(အရှေ့ ပါကစ္စတန်)ဆိုတာ လည်း မပေါ်သေးပါ။ ပါကစ္စတန်နိုင်ငံပဲဖြစ်တယ်။ မူဂျာဟစ်သေနတ်သံတွေနဲ့ အပြိုင် ဘူးသီးတောင် မောင်းတောအမတ်ဖြစ်တဲ့ မစ္စတာဂါးဖါးရ်က ဂါးဒီယန်း သတင်းစာကနေ ရိုဟင်ဂျာ အမည်ပေးထားတဲ့ မူဆလင်လူမျိုးသစ်ကိုဖန်တီးအသက်သွင်းခဲ့တယ်။ ဒီရိုဟင်ဂျာကိစ္စဟာလိမ်ညာမှုတခုသာဖြစ်ကြောင်း၊ မူဆလင်ပြည်နယ်ထူထောင်ရေးဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်ပါကြောင်း ဦးဖော်ဇံ ဆိုသူက ဂါးဒီယန်း သတင်းစာမှာပဲ ချက်ချင်းတုန့် ပြန်ရေးသားခဲ့တယ်။ မြန်မာနိုင်ငံရဲ့  အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ၊ တောင်ပိုင်းမှ ပတ္တနီ၊ယာလာနဲ့ နာရာသီဝပ်ဒေသတွေမှာဖြစ်နေတဲ့ မူဆလင်ခွဲထွက်ရေးလှုပ်ရှားမှုနဲ့  ဘင်္ဂါလီရိုဟင်ဂျာလှုပ်ရှားမှုတွေဟာတပုံစံတည်းပဲဖြစ်တယ်။ ထိုင်းတောင်ပိုင်းမူဆလင်သမိုင်းကလည်း အာရပ်တွေရဲ့ ဟင်းခပ်အမွှေးအကြိုင်နဲ့ ဇာတ်လမ်းဆင်တယ်။

အရင်းစစ်လျှင် အမြစ်မြေ

၁၉၅၀ပတ်ဝန်းကျင်နှစ်များက မူဂျာဟစ်သူပုန်နဲ့ ရိုဟင်ဂျာဟာ ဆက်စပ်နေတယ်။ဒီအရင်က မရှိခဲ့ပါ။ မြစ်ဖျားခံမှုက ဗြိတိသျှနယ်ချဲ့ ရဲ့  တံခါးမရှိ၊ဓါးမရှိ လူဝင်မှုဝါဒမှ စတင်ခဲ့တယ်။ ဗြိတိသျှတို့ သိမ်းပိုက် ခါစ (၁၈၂၅)ခုနှစ်က ရခိုင်ပြည်မှာ မူဆလင်လူဦးရေ သုံးသောင်း(၃၀၀၀၀)သာရှိခဲ့ရာမှ ၁၉၃၀ခုနှစ်မှာ တော့ မူဆလင်ဦးရေ နှစ်သိန်းတသောင်းခုနှစ်ထောင်ရှစ်ရာ (၂၁၇၈၀၀) အထိတိုးပွားခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ ဗြိတိသျှအစိုးရက စုံစမ်းရေးကော်မရှင်တခုဖွဲ့ စည်းခဲ့တယ်။ကော်မရှင်က မူဆလင်ဦးရေ အဆီး အတားမရှိ တိုးလာမှုကို မဟန့် တားပါက လူမျိုးရေးပဋိပက္ခများဖြစ်လာနိုင်တယ်လို့ အစီရင်ခံခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ဖြစ်လာလို့ လုပ်ငန်းရပ်ဆိုင်းခဲ့တယ်။ ၁၉၄၂ခုနှစ်မှာကုလား-ရခိုင်အဓိကရုဏ်းပေါ်ထွက် ခဲ့တယ်။ ကိုလိုနီခေတ်က အိန္ဒိယမှ သွင်းလာတဲ့ လယ်ကူလီ နဲ့ ဘင်္ဂါလီလူမျိုး ရိုဟင်ဂျာဟာ အသွင် သဏ္ဍာန်အရကို မတူညီပါ။ အိန္ဒိယလယ်ကူလီတွေက နယ်ချဲ့ စံနစ် နဲ့ စီးပွားရေးအပေါ် အခြေခံလို့  ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာ ပြန်ထွက်သွားကြတယ်။ရိုဟင်ဂျာဆိုတဲ့ဘင်္ဂါလီလူမျိုးတွေကတော့ ခြေကုတ် ယူနယ်ပယ်ချဲ့ ဖို့ နဲ့ နိုင်ငံရေးအာဏာအထိတက်လှမ်းဖို့ အစီအစဉ်တကျ ရည်ရွယ်ချက်ရှိတယ်။

မြန်မာမူဆလင်တိုင်း ရိုဟင်ဂျာ(တိုင်းရင်းသားအလိမ်) မဟုတ်

အာဇာနည်ခေါင်းဆောင်တွေဖြစ်တဲ့ ဆရာကြီးဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ ၊ပါကစ္စတန်နိုင်ငံရဲ့  ပထမ ဆုံးမြန်မာသံအမတ်ကြီးဦးဖေခင်တို့ ဟာ မြန်မာအမျိုးသားရေးစိတ်ရှိ တဲ့ မြန်မာမူဆလင်တွေဖြစ်တယ်။ သူတို့ ဟာ အညာမှာရှိတဲ့ မြန်မာမူဆလင်မိသားစုတွေက မွေးဖွားခဲ့သူတွေဖြစ်တယ်။ မြန်မာရာဇ၀င်မှာ ဘုရင်ကချီးမြောက်ခဲ့တဲ့ ဗျဝိ၊ဗျတ္တဆိုတဲ့ သူရဲကောင်းညီအကို ရှိပါတယ်။ ဒီညီအကိုလည်း သင်္ဘောပျက် ပြီး ယခုမြန်မာနိုင်ငံလို့ ခေါ်တဲ့အရပ်ကိုရောက်လာသူတွေဖြစ်တယ်။ဒီလိုရာဇ၀င်တွေကျတော့ ရိုဟင်ဂျာ ဆိုပြီးလိမ်ညာဝါဒဖြန့် နေသူတွေမသိသလိုနေကြတယ်။ မြန်မာနိုင်ငံမှာရိုဟင်ဂျာ(တိုင်းရင်းသားအလိမ်) မပေါ်ထွက်မှီကတည်းက မြန်မာတိုင်းရင်းသားတွေနဲ့ အိမ်ထောင်ရက်သားကျနေကြတဲ့ မူဆလင်တွေ သားစဉ်၊မြေးဆက်ရှိကြတယ်။ ရိုဟင်ဂျာဟာစစ်တကောင်းကဘင်္ဂါလီလောက်ကိုတောင်အမျိုးမတော်ပဲ၊ ခုန်ကျော်ပြီး အာရပ်တွေနဲ့ အမျိုးစပ်ထားပုံကဇာတ်နိမ့်၊ဇာတ်မြင့်ဆိုတာကိုမျော်မြင်လို့ လား၊တမန်တော် ရဲ့ သာကီမျိုးတွေဖြစ်ချင်လို့ လား မေးရမလိုဖြစ်နေတယ်။

တိတ်တဆိတ်မကောင်းကြံမှု (Conspiracy Theory)

မြန်မာစကားမှာရှိတဲ့အရိပ်နေနေ၊အခက်ချိုးချိုးဆိုတာနဲ့ အာရပ်ကုလားအုပ်ပုံပြင်တို့ ဟာ ဆင်တူရိုးမှား ဖြစ်တယ်။၁၉၈၀နှစ်များဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ်ပတ်ဝန်းကျင်ကိုအခြေခံပြီး ရန်ကုန်မြို့ မှာပါပြန့်  ခဲ့တဲ့စာကတော့ ဗုဒ္ဓဘာသာအမျိုးသ္မီးကိုယူရင် ငွေဘယ်လောက်၊ ဘွဲ့ ရတို့ ၊ ဗိုလ်မှူးသမီးတို့ ယူရင်ငွေ ဘယ်လောက်ချီးမြောက်မယ်ဆိုတဲ့စာဖြစ်တယ်။အဲ့ဒီအချိန်က ရန်ကုန်တက္ကသိုလ်မှာ ရခိုင်ကျောင်းသား အများအပြားနေတာက ပင်းယဆောင်ဖြစ်တယ်။ ပင်းယဆောင်မှာ ဘူးသီးတောင်၊မောင်းတောဘက်က ကျောင်းလာတက်တဲ့ ကုလားကျောင်းသားလေး၊ငါးဦးကိုထောက်လှမ်းရေးကစာကိစ္စနဲ့ ဖမ်းဆီးသွားတာ ကိုလည်းတဆောင်တည်းနေရခိုင်ကျောင်းသားတွေတောင်မသိရှိပါ။အဆောင်မှူး၊ကထိက၊ပါမောက္ခ နဲ့  ပါမောက္ခချုပ်တို့ တော့ သိရှိနိုင်ပါတယ်။ ဖမ်းခံသွားရတဲ့ ဘူးသီးတောင်၊မောင်းတောကျောင်းသား လေး၊ ငါးဦးဟာ လစ်ဗျားနိုင်ငံထောက်ပံကြေး(stipend) နဲ့ ကျောင်းတက်နေတာလို့  နှစ်များစွာကြာပြီးမှဆက် စပ် တဲ့ အသိုင်းအ၀ိုင်းတွေအရသိရပါတယ်။

၁၉၉၀၀န်းကျင်နှစ်များကကရင်ပြည်နယ်မှာ ထီးပါဝိကျိုးတိုက်ပွဲတွေနဲ့ စစ်သံမြိုင်နေချိန်မှာကုလားတွေ (မဆလရွေ့ ပြောင်းမှု၊မှောင်ခိုခေတ်ကြောင့်ရောက်လာသူများ)စုနေကြတဲ့ရွာတရွာမှာ ကုလားတဦးသေ ဆုံးတယ်။ သူတို့ ဘာသာရေး အရ င်္သချိုင်းသတ်မှတ်ပေးရမယ် ဆိုပြီး တောင်းလာတယ်။ အဲ့ဒီဒေသ တာဝန်ကျတဲ့ KNLA ကရင်စစ်ကြောင်းမှူးပြန်ပြောတာရှင်းပါတယ်။ ငါတို့  တသက်လုံး ဒီမှာနေလာတာ ဘာင်္သချိုင်းမှမရှိဘူး။ ဒီတိုင်းမြုတ်တာ၊အပုပ်နံမထွက်စေနဲ့ တဲ့။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒီအေဘီထဲပါဖို့  ကိုလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာ(အာအက်စ်အို)အဖွဲ့ ကကြိုးစားခဲ့သေးတယ်။ တိုင်းရင်း သားအဖွဲ့ အားလုံးကလက်မခံတော့ ဒီမိုကရေစီမရှိဘူး၊လူ့ အခွင့်အရေးမရှိဘူးလို့ သမုတ်ခဲ့သေးတယ်။ ဘာသာရေးအလံထောင်ပြီး ရိုဟင်ဂျာ(တိုင်းရင်းသားအလိပ်)မှိုင်းတိုက်နေမှုများကို မလုပ်သင့်ပါဘူး။ ရခိုင်ပြည် စစ်တွေတောင်မရောက်ဘူးတဲ့သူတွေ၊ ရန်ကုန်မှာပညာသင်ကြီးပြင်းခဲ့တဲ့ မူဆလင်ဆိုသူတွေ က စစ်တကောင်းဇာတိလား၊ အာရပ်ဇာတိလားမကွဲပြားပဲ ရိုဟင်ဂျာဇာတ်လမ်းကို ယူကေတို့ ၊ မြောက် အမေရိကား တို့ ကနေ ထုတ်လုပ်နေကြတာ ကို့ ရို့ ကားယား ဖြစ်နေတယ်။ ရွှေသမင် ဘယ်ကထွက် ဆော်ဒီအာရေဗျက ထွက်သလို ဖြစ်နေတယ်။

ညောင်မြစ်တူး ပုတ်သင်ဥပေါ်

ရိုဟင်ဂျာအရေးရဲ့ နောက်မှာ ဆော်ဒီလို အာရပ်ငွေတွင်းတွေ လိုက်ပါလာတော့ ခေတ်မှီတဲ့ ရောင်းဝယ် မှုတွေပေါ်ပေါက်လာတယ်။မြန်မာ့နိုင်ငံရဲ့ ပထမဆုံးသမတကြီးသားတာမဟုတ်၊ ဆဌမသံဃာယနာတင် ခဲ့တဲ့ဝန်ကြီးချုပ်ရဲ့ သားလည်း ၁၉၉၄-၅ခုနှစ်များအတွင်းမှာ မြန်မာနိုင်ငံမူဆလင်အကျိုးဆောင်များအဖွဲ့  ဆိုပြီး ဆော်ဒီအာရပ်ကမ္ဘာမှ ငွေဂွင်ဖန်ဖို့ လုပ်ခဲ့တယ်။ ဒီလူတွေဟာ တိုင်းရင်းသားစစ်ရုံတင် မကဘူး။ မြန်မာ့အဓိပတိအနွယ်ဝင်တွေဖြစ်ပါတယ်။တဖက်မှာလည်း မြန်မာအမျိုးသားရေးစိတ်ရှိတဲ့ လေးစားရတဲ့ ဟာဂျီတွေလည်းရှိပါတယ်။ ဒီဟာဂျီကြီးတွေဟာ ဟိုအရင်ကတည်းက နှစ်စဉ် မက္ကာကို ဘုရားဖူးသွား သူများဖြစ်လို့  ဆော်ဒီက ငွေအထောက်အပံ့ရဖို့ နည်းတွေကို ပြောဆိုဖူးပေမယ့် တိုင်းပြည်အတွက် မလုပ်သင့်မလုပ်အပ်တာကိုသိလို့ ၊နိုင်ငံရေးအမြင်လည်းရှိလို့ သေတပန်သက်တဆုံး မြန်မာအမျိုးသား ရေး စိတ်ဓါတ်နဲ့ ရပ်တည်သွားကြပါတယ်။

သမိုင်းရဲ့လောဂျစ်

နိုင်ငံတွေရဲ့ နယ်စပ်စည်းမျဉ်းတွေနဲ့ နီးစပ်တဲ့ဒေသတိုင်းမှာ တိုင်းရင်းသားတွေ ပြန့် နှံ့ ခဲ့ရတယ်။အိန္ဒိယ -မြန်မာနယ်စပ်မှာ ချင်းလူမျိုးဆို အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲမှာလည်း ရှိတယ်။ နာဂနဲ့ ကသည်းလူမျိုး လည်း ဟိုဘက်နဲ့ ဒီဘက်မှာရှိကြတယ်။ ချင်းတိုင်းရင်းသားဆိုရင် ခရစ်ယာန်ကိုးကွယ်သူများ ဖြစ်တယ်။ ၀လူမျိုးဆို တရုတ်-မြန်မာ နှစ်နိုင်ငံမှာရှိတယ်။ မြောင်-မျော့လူမျိုးဆို ထိုင်း-မြန်မာနယ်စပ်တို့ မှာပြန့် နှံ့  နေတယ်။ဒါတွေဟာ ကိုလိုနီသိမ်းယူမှုရဲ့  မြေပုံအရ grid line ဆွဲမှုတွေကြောင့် ဖြစ်သွားရတယ်။ တခြားမကြည့်ပါနဲ့  တချိန်က မြန်မာပိုင် ကပ္ပလီကျွန်း (adaman island) ဟာ ယခုအခါမှာ အိန္ဒိယပိုင် ပို့ ဘလဲယားကျွန်း ဖြစ်နေတယ်။ အဲ့ဒီကျွန်းမှာရှိတဲ့ မြန်မာပြည်က ကရင်တိုင်းရင်းသားတွေဟာ အိန္ဒိယ နိုင်ငံသားတွေဖြစ်သွားတယ်။ ရိုဟင်ဂျာဆိုတဲ့ကိစ္စကတော့ဘာသာကွဲပြားမှုနဲ့ မဆိုင် သမိုင်းရဲ့ လောဂျစ် မကျတာနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံမှာမရှိတဲ့လူမျိုးကို တိုင်းရင်းသားအဖြစ် အတင်းသွပ်သွင်းကာ သမိုင်း ကို လိမ်နေတဲ့ ကိစ္စဖြစ်တယ်။ သမိုင်းမှာ ကျဆုံးရမှာ သေချာတယ်။ ။

ဧရာ

၁၉၊၁၀၊၂၀၁၁



ကိုးကား။ ။ ၁၊လူ့ အခွင့်အရေးအရေခြုံ ရိုဟင်ဂျာအမည်ခံစစ်တကောင်းအနွယ်ဝင်ဘင်္ဂါလီတို့ ၏နယ် သစ်ချဲ့ ထွင်ရေးသမိုင်းလိမ်ကိုဝေဖန်ခြင်း၊ ခိုင်မြ၀ါ၊ ရခိုင်အမျိုးသားအသင်းဂျပန်၊ ၂၀၀၃ခုနှစ်-ဇွန်လ

၂၊ထိုင်းနိုင်ငံတောင်ပိုင်းဒေသပဋိပက္ခနှင့်အကြမ်းဖက်မှုပြဿနာ၊ ကိုကိုလှိုင်၊ပြည်စုံစာအုပ်တိုက်၊၂၀၀၈- ဇူလိုင်လ

၃။ကျနော်ကျင်လည်ခဲ့ရသောမြန်မာနှင့်ကမ္ဘာ၊ သူရထွန်းတင်၊ ပြည့်စုံစာအုပ်တိုက်၊ ၂၀၀၈-ဧပြီလ

၎။Census of Burma 1911၊ Government printing၊ Rangoon၊ (Reprinted) 1986

Arakan Shwe gas

19 October, 2011

ခေါင်းစဉ်မရှိသော ကဗျာ

ခေါင်းစိုင်မဟိ


လမ်းမမြင်ကမ်းမမြင် ခီးတောက်အကျိုး
အကြားအာရုံကမရ ပြောရေစကားက မပီ
ယပိုင်ဖြစ်နီကေ စိတ်ကူးတိက
အိမ်မက်မှာထက် အပြင်မှာ ဇာလုပ်ရဖို့လေ စိုင်စားကတ်ပါ

ငါကမှာတော့ ဝမ်းပါရေ
ပြဿနာက စားဖို့ပစပ်ကဟလို့မရ
ငါမှကသူများနဲ့မတူ အော်ရဖို့
ပြဿနာက အော်ဖို့ပစပ်က ဟလို့မရ
သူတော်ကောင်း သီလစောင့်ရေပိုင်
တစ်ခုလည်း မလုပ်တယ်လူကိုလည်း သူတော်ကောင်းလို့ပြောနိုင်ဖို့လား
မပြည့်ရေအိုးဘောင်ဘင်ခတ်လတ်
မဟိရေအိုးလည်းဘောင်ဘင်မခတ် ဇာပိုင်လည်း စိုင်စားကတ်ပါ..

မင်းက ဆရာဝန် ၀မ်းသာပါရေ သူငယ်ချင်း . ..
မင်းက အင်ဂျင်နီယာ ၀မ်းသာပါရေ သူငယ်ချင်း ..
မင်းက ကျောင်းဆရာ ၀မ်းသာပါရေ ....
မင်းက တော်လှန်ရေးသမား
မျိုးရက္ခဖွားအတွက် အသက်ကိုပင်ပဓာနမထား
ရိုးတောင်ထိပ်ဖျားမှာ သဇင်တစ်ခက်နန့်
ရက္ခအလံကို စိုက်ထူဖို့လူ မြင့်မြတ်တေ လေးစားရေ ဂုဏ်ယူရေ .. ..
ငါက ဇာလေ ယေကေ .. ငါက လ၀ါရာ.. ထွီး .. ၀မ်းရီဆာရေ . . . ......
မောင်မိုး (ဥရာဇ်)

အတောင်ပံများသို့

Min Ko Naing's 49th birthday 18/10/2011

16 October, 2011

We are the World

အညတြသူရဲကောင်း ကိုသန့်ဇော်(ခေါ်)သန့်ဇော် မှတ်တမ်းပြုစုသူ -ခွန်ဆိုင်း


ကိုသန်းဇော်ကျွန်တော်အနားကပ်လာတယ်။ အတူတူအကြာကြီးနေလာပြီး ရုတ်တရက် ခွဲကြရမယ်။ ဘယ်တော့မှပြန်တွေ့ကြမယ်ဆိုတာမသိ။အားလုံးနားလည်တဲ့ကိစ္စ။ ကျွန်တော် ဘာမှ စကားမပြောနိုင်ဘူး။ သူကျွန်တော်ကို ကျစ်ကျစ်ပါအောင်ဖက်တယ်။ နောက် ပါးစပ်ကအကို- ကျွန်တော့်အမှုကို ကမ္ဘာက သိအောင် လုပ်ပေးပါ- အထပ်ထပ်-မှာတယ်- အထပ်ထပ်-မှာလိုက်တယ်။



အပိုင်း-၁)

အညတြ သူရဲကောင်းဆု စာရင်းမှာ ကိုသန်းဇော် ပါတယ်ကြားလို့ ကျွန်တော် အတိုင်းမသိ ၀မ်းသာမိတယ်။ ခုအချိန်ဗမာပြည်မှာ ၈၈က စရေတွက်လိုက်ကြ လို့ ထောင်ကျသက်အကြာဆုံး နိုင်ငံရေးအကျဉ်းသား ၃ယောက်ကို ပြပါဆိုရင် ကိုသန်းဇော် ဟာ အဲဒီထဲကတယောက်ပါ။အခုဆိုသူ့ ထောင်သက် ၂၃နှစ် ရှိပြီပေါ့ဗျာ။ ရင်နာစရာကောင်းတဲ့ကိစ္စကသူဟာ နိုင်ငံရေးနဲ့ အမှုအလုပ်မခံရပဲ မဆီမဆိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလုပ်ကြံမှုတွေဖန်တီး- ဖေါက်ခွဲရေးကိစ္စတွေနဲ့ အတင်းဆွဲဆက်စပ်ခဲ့တဲ့ ၈၈-၈၉ ကာလတ၀ိုက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တန်ဆာဝင်ခံခဲ့ရ၊ တစ်တရားခံအလုပ်ခံခဲ့ရလို့ပါပဲ။

သူ့ကို ကျွန်တော်စတွေ့ဘူး တဲ့အချိန်က ၁၉၈၉ သြဂုတ်လ ဒုတိယပတ်လောက်မှာ။ ရေကြည်အိုင် ငရဲခန်းမှာ ကျွန်တော့်ကို အပြင်းအထန် သုံးပတ်ကျော်လောက် ငါးဖယ်တေတေပြီးအမှုတည်ဆောက်အပြီး အင်းစိန်ကြိုးတိုက်ကို ပို့လိုက်တဲ့အချိန် သူ့ကို စတွေ့ပါတယ်။ ကြိုးတိုက်ရောက်လို့ နောက်တနေ့ ကိုသန်းဇော်ရေချိုးထွက်ရတဲ့အလှည့်မှာ ကျွန်တော်ရှိတဲ့ အခန်းကို သူ ပြေးလာပြီး သူ့ကိုယ်သူမိတ်ဆက် ပါတယ်။ သူ့တို့အမှု့ကို ဇူလိုင်လဒုတိယပတ်သတင်းစာတီဗွီတွေကနေ ဟိုးလေးတကျော် တပိုင်းတစ-ကျွန်တော်သိခဲ့တယ်။ တကိုယ်လုံးအညိုအမဲစွဲနေတဲ့ သူ့ဒဏ်ရာတွေ။ ကျောမှာ ပေါင် ပတ်ပတ်လည် မှာ ။ ဦးခေါင်းမှာ။ သူတို့အဖွဲ့ ကို အတင်းထုနှက် ၀န်ခံခိုင်းပြီး ထောင်ချလိုက်တဲ့အကြောင်း။ ဒီအမှုကို သူတို့ဘာမှ မသိခဲ့ကြောင်း။ သူပြောနေပုံ က အကိုကြီးတယောက်ကို ညီတယောက်က အားကိုးတကြီး တိုင်တည်နေတဲ့ပုံ။ သူ့တို့ကို စဖမ်းတဲ့နေ့က ၈၉ ဇူလိုင်၁၃ရက် ။ကျွန်တော်ကျတော့ ဇူလိုင် ၁၅ရက်။ အာဇာနည်နေ့ ချီတက်ပွဲကိစ္စအစည်းအဝေး အစီအစဉ်တွေ သွားနားထောင် ဆွေးနွေးတဲ့ပွဲအပြီး ၅၄အင်းယားလမ်း NLD ရုံး ကအပြန်-လမ်းမှာ အဖမ်းခံရတာ။

ပြောချင်တာက ဇူလိုင်လ ၁၃ရက် ၁၄ရက်လောက်က ထုနှက် ထားတဲ့ ဒဏ်ရာတွေဟာ သြဂုတ်လအထိ တလကျော် အညိုအမဲစွဲနေသေးတာထောက်ရင် ဘယ်လောက်အထိပြင်းထန်မလဲ ကျွန်တော်ခန့်မှန်း နေမိတာပါ။ သူနဲ့နောက်ထပ် NLD လူငယ် ၂ဦး( ညီညီဦးနဲ့ မိုးကျော်သူ)တို့ကို၈၉ခုနှစ် ဇူလိုင်၇ရက်နေ့ သံလျင်ရေနံချက်စက်ရုံမှာကွဲတဲ့ ဗုံးပေါက်မှုတရားခံတွေဆိုပြီး ၀န်မခံမချင်း အတင်းထုထောင်းရိုက်နှက် မရရအောင် ၀န်ခံခိုင်း။ တီဗွီရိုက်။နောက် ရုပ်သံလွှင့်ကနေ အကျယ်တ၀န့်ရှင်းလင်း။ တပတ်အတွင်း သေဒဏ်နဲ့ နောက်တမှုက နိုင်ငံတော်ပုန်ကန်မှုတပ်ပြီး တသက်တကျွန်း အပြစ်ဒဏ်တွေတပုံကြီးနဲ့ ထောင်ထဲ ထည့်လိုက်ကြတာ။ တကယ်က အဲဒီဗုံးကွဲတဲ့နေ့က သူတို့ဟာ သံလျင် ဒီချုပ် ရုံးမှာ ဆဲဗင်းဇူလိုင်အခန်းအနားဦးဆောင် ကျင်းပနေခဲ့ကြတဲ့လူငယ်တွေ။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်း ရေး တွေက ဒီချုပ်ကိုလူထုထင်ယောင်ထင်မှားဖြစ်လာအောင်။ ၀ိုင်း မထောက်ခံရဲအောင် ဖြိုခွဲဘို့ မဖြစ်ဖြစ် အောင် အမှုဆင်သူတို့ကိုတရားခံလုပ်လိုက်ကြတာပဲ။ နောက်ထပ်ဖါးကူးရွာမှာ ဆေးခန်းဖွင့်ထားတဲ့ ဒီချုပ်တာဝန်ခံ ဒေါက်တာထွန်းသူ အပါအ၀င် ဒီချုပ်လူငယ် ၁၆ ယောက် ကို ပါ နောက်ထပ်တမှုဖွင့် ထောင်ဒဏ် အနှစ် ၂၀ စီ ထပ်ချလိုက်ကြတာ။အချိုးမပြေပုံက သဘာဝယုတ္တိမတန် အမှုဆင် လိုက်တဲ့ ထောက်လှမ်းရေးတွေက အလောတကြီးကိုသန်းဇော် တို့ကို တရားခံလုပ်ဖြောင့်ချက်ယူ၊ သေဒဏ်ချ ။ ရုပ်သံလွှင့်အစီအစဉ်ကနေ ကိုသန်းဇော်တို့ဖြောင့်ချက်ပေးပါတယ်ဆိုပြီး လုပ်ကြံကြေငြာလိုက်လို့ တလအပြည့်မှာတင် တကယ့်ဖေါက်ခွဲရေးတရားခံအစစ်ဗိုလ်မှူး ကိုကိုနိုင် (KNU)ကို ကော့ကရိတ်မှာဖမ်းမိ။ ဗိုလ်မှူး ကိုကိုနိုင်ကလည်းသူခွဲတာကို ၀န်ခံ။ သံလျင်ရေနံချက်စက်ရုံနဲ့ တချိန်ထဲ မြို့တော်ခန်းမ ကိုပါ ပါဆယ်ဗုံးတွေ ပို့တဲ့အကြောင်းဝန်ခံ ။ ဒါပေမယ့်တိုင်းသိပြည်သိ လိမ်လိုက်ကြပြီးပြီဆိုတော့ဗိုလ်မှူးကိုကိုနိုင်နဲ့ အဖွဲ့ ကို မြို့တော်ခန်းမဗုံးခွဲမှုနဲ့ သက်သက်သေဒဏ် ချပြီးကိုသန်းဇော်တို့အမှုကို ပြန်မပြင်ပေးတာ ဒီနေ့အထိပေါ့ ။

ကိုသန်းဇော် ကိုညီညီဦးတို့ နဲ့ ကျွန်တော် အင်းစိန် ကြိုးတိုက်မှာ ကာလတခုအထိ ရေချိုးဆင်းချိန်လေးတွေမှာ အပြေးအလွှားတယောက်နဲ့တယောက် တွေ့ကြ ။ အတွေးအမြင်တွေဖလှယ်ကြ ဖြတ်သန်းရမယ်ထောင်သက်တွေအတွက် ပြင်ဆင်အားမွေးကြပါတယ်။အဲဒီအချိန်က အဘတော်ဘုရားလေး ၊ ဆရာဦးဝင်းတင်ဗိုလ်ကြီးဝင်းထိန် ဒေါက်တာဦးတင်မျိုးဝင်း။ဒေါ်အောင်ဆန်းစုကြည်ခြံထဲကလူငယ်တွေ၊သုံးရောင်ခြယ်လူငယ်တွေအပြုံလိုက်နဲ့ ၈၈အရေးအခင်းကာလအပြီးသိမ်းကြုံးဆွဲထည့်ထားတဲ့ရောကောသောကော သေဒဏ်ကျ ကြိုးသမား ၁၀၀ကျော်(ရောကောသောကောလို့ပြောရတာက ကိုယ့်အိမ်ရှေ့မှာလာသေတဲ့ အလောင်းပြာကို တံမျက်လှဲမိတဲ့လူလည်းသေဒဏ်ပဲ) လောက်နဲ့ ကျွန်တော်တို့ နေခဲ့ရတဲ့ ကြိုးတိုက်ဟာ လူတွေပြည့်ညှပ်စည်ကားနေခဲ့တဲ့အချိန်ပေါ့။တိုက်ဝင်းထဲက တိုက် ၆တိုက်စလုံး စုစုပေါင်းလူ ၇၀၀ကျော်အထိရှိခဲ့တဲ့ကာလ။ ဒါပေမယ့်ထောင်ဆိုတာ ဘာကိုမှ အစိုးမရတဲ့နေရာ။ ဆိုတော့ ကျွန်တော်ကို ၈၉ နိုဝင်ဘာမှာ အမိန့်ချပြီးကြိုးတိုက်ကနေ တိုက်နံပါတ်- ၄ ကို ရွေ့လိုက်တဲ့အခါကိုသန်းဇော် ကိုညီညီဦးတို့နဲ့ ဝေးသွားပါတယ်။

၁၉၉၀ မေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်လိုက်တဲ့အခါမှာတော့ ထောင်မှူးထောင်ပိုင် ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံက ကျွန်တော်တို့အပေါ်ချိုသာလာပါတယ်။ ကျွန်တော်တို့လည်း မကြာခင်လွတ်ကောင်းရဲ့လို့ မသိမသာလေးတွက်ကြပါတယ်။ မျှော်လင့်ချက်လေးတွေနဲ့ ပျော်နေကြတာပေါ့လေ။ ဒါပေမယ့်ဒီအပျော်က ကြာကြာမခံပါဘူး။ တလကျော်ကြာလာလို့ လည်း ဘာအကြောင်း မှ မထူး။ ဒီချုပ်ကိုလည်း လွှတ်တော်ခေါ်မပေး၊ အာဏာလွှဲပေးဘို့ဆိုတာ ဝေလာဝေး။ ဒါကိုသိလာတဲ့ ထောင်ဝန်ထမ်းတချှိုကျွန်တော်တို့အပေါ်မာရေကျောရေ ပြန်စိမ်းစိမ်းကားကား ဖြစ်လာ ကြပြန်ပါတယ်။

၁၉၉၀ စက်တင်ဘာနောက်ဆုံးပတ် ၂၅ရက်နေ့ မှာ ကျွန်တော်တို့ ထောင်ထဲကနေ လွှတ်တော်ခေါ်ရေး အာဏာလွှဲပြောင်းပေးရေးဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး- ကြွေးကြော်သံတွေနဲ့ မိုက်မိုက်ကန်းကန်း သပိတ် တိုက်ပွဲနွဲကြပါတယ်။ အဲဒီမှာထောင်ထဲကို ဗိုလ်မှူးကျော်ဆန်း ခေါင်းဆောင်တဲ့ စစ်တပ် ။ လုံထိန်းတပ်တွေ့အလုံးအရင်း ၀င်လာပြီး ကျွန်တော်တို့ကို တိုက်တွေအသီးသီးကနေ ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ်။ ကမ္ဘာပျက်သလိုပဲ။ အဲဒီတုန်းကအသံတွေကိုပြန် တွေးလိုက်ရင် ဒီနေ့အထိ ကျွန်တော်ပြန်ကြားနေနိုင်တုန်း။ ကျွန်တော်တို့ကို မျက်နှာအ၀တ်စည်း( ခေါင်းစွပ်တွေက မလောက်တော့ လို့) ခေါင်းကို ပုဆိုးနဲ့ အုပ်ပြီးလိမ်ကျစ်စုချည်လိုက်တာ။နောက် လက်ထိပ်နောက်ပြန်ခတ် မြေကြီးပေါ်တွန်းလှဲ ၀ိုင်းကန်ကြ တက်ခုန်ကြ နံပါတ်တုတ်တွေနဲ့ အသားကုန်တေကြပါတော့တယ်။ နားထဲမှာတော့ ငယ်သံပါအောင်အော်ဟစ်နေတဲ့အသံပေါင်းစုံ နံပါတ်တုတ်သံ စက်တီးတာရာကို တ၀ှီးဝှီးလွှဲရိုက်နေတဲ့အသံ။မချိမဆန့်အော်ဟစ်နေတဲ့အသံတွေပဲ ကြားနေရပါတယ်။ ကိုယ်လည်းပါတာပေါ့။ အားရအောင်ရိုက်ပြီး အတော်ကြာတော့ နေပူထဲမှာပစ်ထားလိုက်ပါတယ်။ ရိုက်ရတဲ့လူတွေက အတော်များတော့တော်တော်နဲ့မပြီးပါ။ အားရတဲ့အခါကျွန်တော်တို့ကို နေရာတော်တော်ဝေးဝေးဆီ တရွတ်ဆွဲသွားပါတယ်။ နောက်မှသိတာတော့ခွေးတိုက်ပေါ့။

ကျွန်တော့်ကိုအခန်းတခုထဲဆောင့်ကန်ထည့်၊ တံခါးပြန်ပိတ်။ ပြီးမှအပြင်ကနေ လက်နောက်ပြန်ခတ်ထားတဲ့ လက်ထိပ်ကို ဖြုတ်ပေးပါတယ်။ တံခါးပြန်ပိတ်သံ။ ပြန်ထွက်သွားတဲ့အသံ။ အသံတွေငြိမ်သွားလို့ အားသွားတဲ့လက်နဲ့ ကျွန်တော့်မျက်နှာမှာလုံးထွေးစည်းနှောင်ထားတဲ့ ပုဆိုးကို ဖယ်လိုက်တဲ့အချိန်မှာ ကိုသန်းဇော်ကို သွေးအိုင်ထဲလဲနေတာတွေ့ပါတယ်။သူ့ တကိုယ်လုံး ခေါင်းပေါ်က နှာခေါင်းတွေထဲက စီးကျနေတဲ့သွေးတွေနဲ့ သူ့အဖြူရောင်ထောင်ဝတ်စုံဟာ ချင်းချင်းနီနေပါတယ်။

ကျွန်တော် ကိုယ့်ညီလေးတယောက်လိုသူ့ကို ပွေ့ထားမိပါတယ်။ နှာခေါင်းသွေးတွေကမတိတ်ပဲ အတော်ကြာအောင် ကျနေတုန်း။ ကျွန်တော်တို့ဘာစကားမှမပြောနိုင်ပဲတယောက်ကို တယောက်အကြာကြီး ဖက်ထားကြပါတယ်။ဖြစ်ရလေကွာ။

နောက်နှစ်ဦးသား တယောက်ဒဏ်ရာတယောက် စစ်ကြပါတယ်။ သူက ခေါင်းက ၃နေရာလောက် ကွဲသွားတယ်။ နှာခေါင်းကတော့ အတွင်းက ထိထားပုံရတယ်။ ကျွန်တော်ကျတော့ သူ့လိုခေါင်းမကွဲပါ။ နဖူးမှာနဲနဲကွဲသွားတာတခု ပဲ။ ခေါင်းအနှံ့အာလူးသီးကြီးကြီးတွေတော့အတော်များများစမ်းမိတယ်။ ။ ၂ယောက်လုံးကျော တင်ပါးတွေတပြင်လုံး မဲမဲညိုလို့ သပြေသီးရောင်ဖူးဖူးထနေပါတော့တယ်။

မကြာခင် ထောင်ဝန်ထမ်းတွေရောက်လာပြီး အကျီလုံချည် အသစ် တစုံစီ ပေး။ ကျွန်တော်တို့ဆီက သွေးစွန်းနေတဲ့ လုံခြည်အကျီတွေကို သိမ်းသွားကြပါတယ်။ သဘောကောင်းတယ်လို့ ပထမထင်လိုက်တယ်။ နောက်မှ ဒါ ထောင်ပြောင်းမလို့ စီစဉ်တာဆိုတာပြန်စဉ်းစားမိလာတယ်။

သေချာတယ်။ ည ၁၀နာရီလောက်ကျတော့ တယောက်ချင်းထုတ်ပြီးလူကိုလည်း နဲနဲပါးပါးထပ်ထုနှက် ။ခြေထောက်တွေမှာ ခြေကျင်းတွေ ရိုက်ပါတယ်။ ခြေကျင်းရိုက်တယ်ဆိုတာ ခြေကျင်းဝတ်နှစ်ဘက် ကို သံခြေကျင်းစွပ်လိုက်ပြီး ပေပေါ်တင် သံမှိုစို့ သွင်း ထုနှက်ပြားလိုက်တာပေါ့။ ပေပေါ်တင် စို့နဲ့ပြန်ရိုက်ဖြုတ်မှ သံမှိုက ပြန်ပြုတ်ပြီး အဟကြောင်းပေါ်။ ဒါကိုပြုတ်တူနှဲ့သံခြေကွင်းကို ဖြဲထုတ်မှ ခြေကျင်းဖြုတ်လို့ရတဲ့စနစ်။

မနက်လေးနာရီလောက်မှာ တ၀ုတ်ဝုတ်ဟောင်နေတဲ့ စစ်ခွေးတွေခြံရံပြီးကျွန်တော်တို့ကို ထောင်ဗူးဝနားအထိထုတ် လူစစ်။ နောက် အချုပ်ကားပေါ်တင်။ မနက်မှောင်မဲမဲမှာ ခရီးတခုကို စကြရတယ်။ နေရစ်တော့အင်းစိန်ထောင်။

ဘယ်ရောက်မယ်မသိဘူး။ အချုပ်ကားပြာထဲမှာတော့ အင်းစိန်ထောင်ကမထားချင်ဆုံး တကယ့် ဆိုးပေ့တေပေ့ ဆိုတဲ့ သေဒဏ် ကျ လူဆိုးလူမိုက် ၁၀ယောက်ကို နိုင်ငံရေး နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ၁၀ယောက်နဲ့ တွဲ။ စုစုပေါင်းအယောက်၂၀ ပါလာကြတယ်။ သင်္ကန်းကျွန်းကခေါင်း၆ခေါင်းဖြတ်တယ်ဆိုတဲ့ခွေးဘီလူး ခေါ် တင်မောင်လတ်ဆိုတာလည်းပါရဲ့။

အားလုံး ဒဏ်ရာတွေကိုယ်စီ။ တချို့ ကြိုးသမားတွေက မျက်လုံးတွေမှာပါ သွေးခြေဥနေတာကြောက်စရာ။ နောက်တော့ ကြိုးသမား သိန်းအေးနဲ့ ညီညီထွေးလို့ သိလာ။အချုပ်ကား အခန်းအလယ်ကောင်မှာက အချိန် ၅၀-၀င် စဉ့်အိုးကြီးတလုံးချထားတယ်။ အလေးအပေါ့ လုပ်ကြ။ ကားကသွားနေတုန်း လူ ၁၉ယောက် ရှေ့မှောက်မှာအလေးအပေါ့ဆိုတာကို သံခြေကျင်းကိုးယို့ကားယားနဲ့ သွားရတာ ဘယ်လိုရှိမလဲ။ ချောင်းကြည့်ပေါက်က မြင်သလောက်တော့ကားက ပြည်ဘက်ကိုဦးတည်နေ။ ဒါပေမယ့် သာယာဝတမြိုီ့ကို ကျော်လာတယ် ။ သာယာဝတီထောင်ကိုပြောင်းတာမဟုတ်။

ပြည်မြို့ကို ၀င်တော့ ဧရာဝတီမြစ်ကြီးနဲ့ယှဉ်ပြီး ကား ကိုမောင်းနေတာမှတ်မိတယ်။ စက်တင်ဘာလဆိုတော့ ဧရာဝတီရေက တိုးနေတာ လမ်းပေါ်ကိုရေစပ်စပ်ရောက်နေတယ် ။ အကွေ့အကောက်ဖြစ်နေတဲ့လမ်းကို နေရာတော်တော်များများမှာရေကျော်နေတာ ချောင်းကြည့်ပေါက်ကမြင်ရတယ်။ ကားက လမ်းအူကြောင်းကို ယူမောင်းနေပေမယ့် ကျွန်တော့်စိတ်ထဲမှာမျက်စိတဆုံးမြစ်ရေပြင်ကြီးကို မြင်နေတော့ကျောထဲအထိကြောက်စိတ်က ၀င်လာတယ်။မမြင်ရတဲ့တနေရာမှာ လမ်းချော်ပြီး ကား ရေထဲဆင်းသွားရင်ဆိုတဲ့အတွေး။ လောကကြီးကိုတာတာ့ပြရုံပဲ။ သံတခါး ၂ထပ်ကိုဖြတ်ဝင်ရတဲ့ အချုပ်ကားထဲမှာလူက ခြေကျင်းဝတ်နဲ့ ဆိုတော့ ရေနစ်ခဲ့ရင် ဆိုတဲ့အတွေး။

ပြည်ရောက်တော့ ပြည်ထောင်ထဲ ၀င်ရတယ် ။ ပြည်ထောင်ကိုများပြောင်းလိုက်တာလား။

မဟုတ်သေးဘူး။ဆက်ထွက်ကြရတယ်။

ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ
အပိုင်း (၂)

ထိပ်ဆုံးက မာဇဒါဂျစ်တစီး ဦးဆောင် ၊လက်နက်အပြည့်အစုံနဲ့ တိုင်းရဲကား ၂စီးရှေ့နောက် ညှပ် ၊ မနက် ၄နာရီလောက်ကတည်းက ခရီးစလာတဲ့ ကျွန်တော်တို့ အချုပ်ကားပြာကြီးဟာ ပြည်ထောင်က ထွက်လာတော့ နေ့လည် ၁နာရီလောက်ရှိပြီ။ လမ်းမှာ ကားခုန်တိုင်း တချို့တင်ပါးဒဏ်ရာတွေကပို နာလို့ထင်တယ်။ ကုန်းကုန်းကွကွ မတ်တပ်ရပ်လိုက်ပြန်ထိုင်လိုက်လုပ်နေတာဦးဇော်ဖေ၀င်း။ ဦးဇော်ဖေ၀င်း( မြန်ညီဒီပါတီ) တင်ပါးကညိုပုတ်နေရုံမက။သူ့အသားကပိုနုသလားမသိဘူး။မီးလောင်ဖုလို အရေကြည် ဖုတွေထပြီး ထိုင်ရတာပိုနာပုံရတယ်။ထိုင်လိုက်ထလိုက်နဲ့။နောင် ရာသီဥတုအေးတာနဲ့ ခြေထောက်တဖက်က ဒဏ်ဖြစ်ပြီး ခတ်ဆွဲဆွဲ လမ်းလျှောက်ရတာတွေ့တယ်။ ပန်းပဲတန်းမြို့နယ်က လူကောင်သေးသေးရှေ့နေဦးသိန်းဟန်ကတော့ သူ့ကိုယ်ပေါ် ထောင်ဝန်ထမ်းတွေ တက်ခုန်တဲ့အကြောင်း ခဏခဏမကြေမချမ်းစမြုံ့ပြန်။ ဗိုလ်ကြီးစိုင်းဝင်းကျော် ကခတ်တည်တည်။ ကျွန်တော်လည်းအတွေးနဲ့ ဘာမှ စကားသိတ်မပြောဖြစ်ဘူး။ ထောင်ဝင်စာတွေ့ခွင့်မရသရွေ့စိတ်ပူနေမယ့်အမေတွေအကြောင်း။ဘယ်ရောက်လို့ ဘယ်ပေါက်။ ဘာတွေ ဆက်ဖြစ်ကြမလဲ။

မွန်အမျိုးသား မကသ - ဥက္ကဌကိုမင်းဇေယျကအသဲကောင်းတဲ့လူ။ သူ့ကျောကုန်းနဲ့တင်ပါးဒဏ်ရာ အနာတွေက ပိုများတယ်။ ရုပ်ပျက်ဆင်းပျက်။ ထောင်က သူ့ကိုတော်တော်အညှိုးတကြီးထားတယ်။ -ရိုက်နေတာကျွန်တော့် မျက်နှာကို အ၀တ်စီးထားပေမယ့် အကြာကြီး-နားထဲမှာ ကြားနေခဲ့တယ်။ အညာသားမလှိုင်နယ်က ဗကသ ကိုညိုထွန်းက စစ်ကြောရေးက ကန်တဲ့နေရာကို ပြန်ထိတယ်ပြောတယ် ။တိုက်ထဲမှာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်တယ်။ ကိုသန်းဇော် ကိုမြင့်ဆွေ(ကျောင်းသား၊အေဘီ အက်စ်ဒီအဖ်ကသေဒဏ်ကျကြိုးသမား၊နောင်အရူးတယောက်လက်ချက်နဲ့ သရက်ထောင်ထဲမှာ ကွယ်လွန်)ကိုဆက်အောင်နိုင်(တကသ ဦးလှရွှေသား) ကိုအောင်ဇော်ရှား(ပဲခူးကျောင်းသား)တို့က လူငယ်ပိုင်းတွေလို့ပြောရင်ရမယ်။ အားလုံး ၁၀ယောက်။

ထောင်သဘာရင့်နေတဲ့ကြိုးသမားတယောက်ကတခြားထောင်တခုရောက်ရင်အ၀င်မှာထပ် အရိုက်ခံရနိုင်သေးတယ်လို့ဆိုလိုက်တဲ့အချိန်မှာအားလုံးငိုင်သွားတယ်။ထောင်အ၀င် ဦးချိုးတာဆိုပဲ။ ပက်ပက်စက်စက်ရိုက်တတ်တဲ့အကျင့်ရှိတဲ့အကြောင်းပြောတော့အားလုံး တွေကုန်တယ်။ ရထားတဲ့ဒဏ်ရာတွေကနာကျင်နေကြပြီ။သွေးအေးနေပြီ။ ထပ်တွယ်ခံရရင်မလွယ်ဘူးဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပေါ့။

လက်ပံတန်းကိုကျော်၊အောင်လံမြို့အရောက်ကားကဧရာဝတီကမ်းစပ်ကိုတောက်လျှောက် ထိုးမောင်းချသွားတော့သိလိုက်ကြပြီ။ အောင်လံတဖက်ကမ်းမှာ သရက်ရှိတယ်။ အဲဒီမှာသရက်ထောင်လေ။

ကျွန်တော်တို့ကို ကားပေါ်က ချတော့ အောင်လံစခန်းတခုလုံးက ရဲတွေခေါ်ထားသလားမသိဘူး။ လူတွေကိုဘေးတဖက်တချက်ကနေကိုက်နဲနဲစီခြား ခြံရံပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ငါးတောင့်ထိုး အမေရိကန်ရိုင်ဖယ်ကြီးတွေနဲ့ဝိုင်းချိန်ထားကြတာ။ စကားပြောစက်နဲ့ အရပ်ဝတ်ထောက်လှမ်းရေးတွေ အလုပ်တွေရှုပ်လို့်။

အချိန်သိတ်မကြာလိုက်ခင် အောင်လံမြို့လူထုက မြင်ကွင်းကို အထူးအဆန်းနဲ့ ရုန်းစုရုန်းစု ဖြစ်ပြီး လာကြည့်ကြတာရုပ်ရှင်ရိုက်သလိုပဲ။ ထောင်ဝန်ထမ်းတွေက ကျွန်တော်တို့ကို ဘယ်မှလှမ်းမကြည့်နဲ့ ခေါင်းတွေငုံ့ထားလို့ဟိန်းဟောက်ခြိမ်းခြောက်နေတယ်။ မော်တော် ထဲကိုဆင်းတော့ မော်တော်က ခတ်သေးသေးလေး။လူ၂၀-၀မ်းခေါင်းထဲထိုင်လိုက်တော့ပြည့်သွားတယ် ။မသိမသာခိုးကြည့်တော့ မော်တော် နှုတ်ခမ်းက ရေပြင်နဲ့ နီးနေသလိုလို။ ရဲတွေကလက်ရမ်းဘောင်တွေပေါ်ကနေလက်နက် ကိုယ်စီ အသင့်အနေအထားမှာ။ ဒီကောင်တွေရေထဲခုန်ချထွက်ပြေးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုး။တကယ် ကိုယ့်အတွေးမှာက ဘောင်းဘောင်းထနေတဲ့ ဧရာဝတီမြစ်ပြင်ကြီးကိုကြည့်ပြီး ဒီမော်တော်မှောက်လို့ကတော့ သံခြေကျင်းတွေနဲ့ ငါတို့အားလုံး ခဏလေးမြုတ်သွားမှာလို့ တွေးကြောက်နေခဲ့တာ။

သရက်ဆိပ်ကမ်းကိုတက်လာကြတော့လည်း ကမ်းညွှတ်အောင်လူတွေကြည့်ကြတယ်။ ရဲတွေက စီတန်းပြီးတဖက်တချက်ကနေသေနတ်တွေချိန်ထားတဲ့ ဒီထောင်သားတွေဟာ အတော်ဆိုးတဲ့ ရာဇ၀တ်သားတွေဖြစ်မယ်ဆိုတဲ့အတွေးတွေရှိမလားမသိ။အနီးကပ်လာကြည့်ရင်ဒဏ်ရာတွေလည်းကိုယ်စီ။

သရက်ထောင်ဝင်တော့ကျွန်တော်တို့ ကံကောင်းပါတယ်။ ထောင်ပိုင် က လုပ်သက်ရင့်အရပ်သားထောင်ပိုင် အဖိုးကြီး။ပင်စင်သွားလုဆဲဆဲ။သတင်းတွေအစုံရထားပြီးပြီ။ နောက်မှသိတာ နိုင်ငံခြားသတင်းဌါနတွေ အားလုံးက အင်းစိန်ထောင် ဆန္ဒပြပွဲကို ညတွင်းချင်းလွှင့်ထုတ်နိုင်ခဲ့ကြတယ်။ သူထပ်ထုလိုက် ထောင်းလိုက် လို့ပါ လာပြီးသား အတွင်းကျေ ဒဏ်ရာတွေနဲ့ တခုခုဖြစ်ရင်သူ့ ခေါင်းကိုပုံလာနိုင်တယ်လို့တွက်ပုံရတယ်။ လိုက်ပို့တဲ့ ထောင်မှူးကိုယ်တိုင်ကဆေးမှူး ။ ဒီလူတွေ လမ်းမှာတခုခုဖြစ်ရင်ဆိုတဲ့အတွေးနဲ့ အင်းစိန်က ထည့်ပေးလိုက်တာ။။ထောင်ပိုင်ကြီးက ထပ်မထုမထောင်းလိုက်တာ ခုထိကျေးဇူးတင်တယ်။ ကျွန်တော်တို့သရက်ထောင်ရောက်ပြီးနောက်မှပြောင်းလာတဲ့သာယာဝတီက ကိုဂျော်လီထွန်း ။ အင်းစိန်က ၅ည နဲ့ လူ ၁၀၀ ရောက်လာချိန်မှာနောက်ထောင်ပိုင်အသစ်- အထုခံကြရတယ်။

ကျွန်တော်တို့ကို တိုက်ထဲတန်းပို့တယ်။ တယောက်တခန်း ။ ၀မ်းသာလိုက်တာ။ တိုက်ခန်းထဲဝင်လို့တံခါးသော့ခတ်လိုက်တာနဲ့ လူကစိတ်ချမ်းသာသွားတယ်။ လုံခြုံသွားပြီ်။လူ့ အသိစိတ်က အတော်ဆန်းတယ်။ ဒီလောက်တိုက်ခန်းကျဉ်းကျဉ်းလေးထဲ အပိတ်ခံလိုက်ရတာကိုစိတ်မမွန်းကြပ်သွားပဲ စိတ်အေးချမ်းလုံခြုံသွားတယ်ဆိုတာ ထောင်ကျတိုက်ပိတ်နေဘူးသူမှနားလည်နိုင်မယ်။ ဒါထောင်ကပေးတဲ့အသိတခု။

တိုက်တံခါးဖွင့်ထားရင်လူဟာအချိန်မရွေးအရိုက်ခံရအသတ်ခံရနိုင်တယ်။(နောင်ကျွန်တော်တို့နဲ့ပါလာတဲ့ကိုမြင့်ဆွေကတိုက်ခန်းအပြင်ထွက်မျက်နှာအသစ်မှာရိုက်အသတ်ခံ လိုက်ရ တာ။) တိုက်ခန်းတံခါးသော့ခတ်ထားတဲ့အခိုက်ဟာကိုယ့်ကိုယ်ဘယ်သူမှ ရုတ်တရက် အန္တရာယ်ပြုဘို့မလွယ်ဘူး။ ဘ၀ကအခိုက်အတန့် လုံခြုံသွားတယ်ဆိုတဲ့အသိ။

အဲဒီအတွေးဝင်လာရင်သူငယ်ချင်းတယောက်ဆီကခြံလှောင်မွေးတဲ့ ဥစားကြက်တွေကို ပြေးပြေးမြင်တယ်။ ခြံလှောင်ပြီးမွေးတဲ့ဥစားကြက်တွေကို ခြံပြင်ထုတ်လိုက်ရင် သူတို့မနေတတ်ဘူး။ ချက်ခြင်းခြံထဲ ပြန်ပြေး ၀င်တာ တွေ့ဘူးတယ်။ ကိုယ်လည်း ခြံလှောင်ကြက်တွေလိုခံစားချက်ဖြစ်နေတယ်လို့ မကြာခဏ တွေးဖြစ်တယ်။

သရက်ထောင်ကျမှ အ၀တ်တထည်ကိုယ်တခုနဲ့တကယ် အခြေအနေမဲ့ဖြစ်တော့တယ် ။ ထောင်သာပြောင်းပေးလိုက်တာ။ဘာပစ္စည်းမှ ပါမလာဘူး။ အင်းစိန်တိုက်နံပါတ်လေး ကနေ စစ်ခွေးတိုက်။ စစ်ခွေးတိုက်ကနေအခုသရက်ထောင်တိုက်နံပါတ်၂။ ထောင်ပိုင်ကတယောက်ချင်းဒဏ်ရာတွေလိုက်စစ်တယ်။ ဒါပေမယ့်ဘာဆေးမှတော့ မပေးဘူး။ အထက်ညွှန်ကြားချက်လည်းဖြစ်နိုင်တယ်။

ကိုသန်းဇော်နဲ့ ကျွန်တော်အတူတူ သရင်ထောင်တိုက်နံပါတ် ၂ မှာ နေခဲ့ကြတယ်။ သရက်ထောင်က အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီးမှာဆောက်တာဆိုတော့ တိုက်တွေက အိုလှပြီ။မျက်နှာကျက်မှာ လင်းနို့တွေ တွဲလွဲဆွဲ အုပ်ဖွဲ့နေကြတယ်။ ကျွန်တော်အတွက်တော့ စိတ်ဝင်စားစရာ တခုရတယ်အောက်မေ့တယ်။ လင်းနို့အမေတွေကလင်းနို့သား ကလေးတွေချီပိုးထားတာ။ နို့တိုက်တာ။

ခြေကျင်းတချွင်းချွင်းနဲ့၂ပတ်လောက်နေတော့ ရေစချိုးခွင့်ပေးတယ်။ ခြေကျင်းတွေလာဖြုတ်တယ်။ အချုပ်အနှောင်ဘ၀မှာ နောက်ထပ်အချုပ်အနှောင်တခု နဲ့နေရပြီး အဲဒီအချုပ်အနှောင်ကနေ ပြန်လွတ်တဲ့အရသာ။ အဲဒီမှာခံစားလို့ရတယ်။ လွတ်လပ်မှုသေးသေးလေးတခုပြန်ရတာ။

ကျွန်တော်အင်းစိန်က ပါလာတဲ့ဒဏ်ရာတွေမှာမထင်မှတ်တဲ့ လည်ပင်းက ဒဏ်ရာက ခံနေရတယ်။ ၀န်ထမ်းတွေမျက်နှာကို ပုဆိုးအုပ်ပြီးလည်ပင်းကနေလိမ်အရစ်မှာအတော်ကြပ်သွားတယ်။ နောက်- ဆောင့်ဆွဲဆောင့်တွန်းလုပ်ကြတော့လည်ပင်းအစ်ပြီးလည်ချောင်းက အသံအိုးကိုထိခိုက်သွားပုံပဲ။ စကားပြောရင်လည်ပင်းကနာနေပြီးအသံကသိတ်မထွက်ဘူး။ ကျောနဲ့တင်ပါးတွေကဒဏ်ရာတွေက ချက်ချင်း မပျောက်ပဲတလလောက်အထိညိုမဲနေပြီး။ ဒဏ်ရာတွေ တလကျော်တော့ ပျောက်ပြီ။ ထောင်ဝင်စာစတွေ့ခွင့်ပေးတယ်။

အဲဒီမှာ မိဘတွေနဲ့ပြန်တွေ့ခွင့်ရကြ။ အိမ်တွေက အသင့်ယူလာတဲ့ စောင်အ၀တ်အစား စားစရာလေးတွေနဲ့ ဘ၀က ပြန်စိုစိုပြေပြေဖြစ်လာကြ။ နောင်တော့ အပြင်က မိသားစုတွေလည်း ရင်းနှီးကုန်ကြပါတယ်။ သတ်မှတ်ထားတဲ့ရက်ကိုလာတွေ့ရတာဆိုတော့ ထောင်ဝင်စာလာတွေ့ရင်း အပြင်မှာအတူတူစောင့်ရင်း အကျွမ်းတ၀င်ဖြစ်သွားကြတာပေါ့။

ရန်ကုန်ကနေ သရက်ထောင်လစဉ်လာတွေ့ရတဲ့ဒုက္ခက မိဘတွေအတွက် အတော်ကြီးရှာကြပါတယ်။ ကုန်းတတန်ရေတတန်။မိုးတွင်းမှာကြုံရာကူးတို့စီး။ ရေပြင်ကြီးကိုဖြတ်မှရောက်တယ်။အောင်လံဘက်ကမ်းမှာတညအိပ်ပြီးမနက်စောစောထမှ သရက်ထောင်ဝင်စာကို နေ့လည်လောက်တွေ့ရတယ်။ ပြည်ရန်ကုန်ရထားအမှီကားအမှီ ပြန်ဘို့ဧရာဝတီမြစ်ကို ကြုံရာပြန်စီး။ နွေရောက်ပြီဆိုရင် ထောင်ဝင်စာတနင့်တပိုးထမ်းပြီး နေပူပူမှာသဲသောင်ပူပူရှည်ကြီးတွေကိုဖြတ်လာ တွေ့ရတဲ့ ဒုက္ခ။ မိဘတွေညည်းကြတယ်။

ဒီလိုနဲ့ တနှစ်လောက်ရှိတော့ ကိုသန်းဇော်အဖေလေဖြတ်ပြီးဆုံးတယ်။ အသက်သိတ်မကြီးသေးဘူး ။ တပ်ကြပ်ကြီးဟောင်းတယောက်။ ဒီသတင်းကို သူ့အမေက ကျွန်တော်တို့ကို တိုးတိုးတိတ်တိတ်ပေးသွားတာ။ သူ့သားကို ပြောမထွက်ဘူးလေ။

သူက သူ့အမေကို ထောင်ဝင်စာတွေ့ပြီးပြန်လာပေမယ့်အမှုမဲ့အမှတ်မဲ့။ ကျွန်တော်တို့က သတင်းကိုသိနေပြီ။ သူ့မျက်နှာကို ကြည့်ပြီး ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့အချင်းချင်းတိုင်ပင်ကြပါတယ်။ သေဒဏ်ကျထားတဲ့သူတယောက်ကို ထပ်စိတ်ဖိစီးစေတဲ့-ကိစ္စ။ ဒါပေမယ့်ဒါက ကြာကြာဖုံးထားလို့မဖြစ်ဘူး။သူ့အမေပြန်သွား။ ၃ရက်လောက်ရှိတော့ ကျွန်တော်တို့ ရေချိုးဖွင့်ချိန်တခန်းမှာစုပြီးသူ့ကို အားလုံးအလယ်မှာထားပြီးကျွန်တော်ပဲပြောရတယ်။ သူ့အဖေဆုံးပါးသွားပြီလို့ -သူ့အမေထောင်ဝင်ထမ်းတွေကတဆင့်ပြောခိုင်းလိုက်တဲ့ အကြောင်း။

သူမျက်နှာတချက်ပျက်တယ်။နောက်ဘာမှထွေထွေထူးထူးမပြောပါဘူး။ယောင်္ကျားတွေ။ ဒီလိုပဲကြိတ်ခံတာပေါ့။ ကျွန်တော်လည်း စိတ်ထိခိုက်တယ်။ နောင် ၁၀နှစ်ကြာ တော့ ဒီလိုအဖြစ်ကို ကျွန်တော်ကိုယ်တိုင်ရွှေဘိုထောင်မှာကြုံရတယ်။

ကံဆိုးပြန်တာကသဘောကောင်းတဲ့ အရပ်သားထောင်ပိုင်ကြီးကသရက်ထောင်မှာသိတ်မကြာလိုက်ဘူး။

ထောင်ပိုင်အသစ်ဗိုလ်ကြီးသောင်းညွန့်ဆိုတာပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်ဘုန်းမြင့်တိုက်ရိုက်ခန့်။စစ်တပ်ကပြောင်းပြီးရောက်လာတယ်။ အဲဒီမှာကျွန်တော်တို့ဂြိုလ်ဝင်တာပေါ့။ အတော်အနေကြပ်အစားကြပ်ဖြစ်တယ်။ သူကထောင်အတွေ့အကြုံလုံးဝမရှိ။ ဘယ်လိုအုပ်ချုပ်တယ်ဆိုတာမသိဘူး။ သူ့စိတ်ထဲ ကျွန်တော်တို့ကို စစ်မြေပြင်က ဖမ်းမိထားတဲ့ စစ်သုံပန်းလိုထင်ပုံရတယ်။ ပုံစံအပြတ်ကိုင်တယ်။

ကျွန်တော်တို့မှာ နေ့စဉ် ကြိုးသမားတွေနဲ့ စရိုက်မတူပဲနေရတဲ့ဒုက္ခ။ ထောင်က ပုံစံကိုင်တဲ့ဒုက္ခနဲ့ အတော် ငရဲကြီးနေကြတာပေါ့။ရာဇ၀တ်မှုနဲ့ ကြိုးသမားတွေကအချင်းချင်း မကြာခဏ ရန်သတ်ကြတယ်။ သူတို့ရန်သတ်ရင်အသေအကြေလုပ်တတ်တော့ ကိုယ်တွေက ၀င်ထိန်းရတယ်။ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုကြတယ်။

လုပ်လိုက်လို့ သောက်ခွက်- ရာသီလာသွားမယ်တို့။ နံနိမ့်သွားမယ်တို့။ ပုံစံကို ၀အောင်စားထား တို့ ။ မင်းကို သနားလို့နို့ပေးကိုင်-( ---) ---ရန်မရှာနဲ့ဆိုတာတွေ့က နေ့တိုင်းတချို့ဝန်ထမ်းတွေနဲ့သူတို့ဆီကနေကြားရတယ်။

ဒါပေမယ့် ရာဇ၀တ်မှုနဲ့ကြိုးသမားတွေအများစုက ထောင်ဝင်စာလာတွေ့တာမရှိတော့ အနေအစားမှာကျွန်တော်တို့ကိုမှီခိုရတယ်။ကျွန်တော်တို့ကလည်းဘ၀တူအကျဉ်းသားတွေဆိုပြီးမေတ္တာနဲ့ဆက်ဆံ။ နိုင်ငံရေးအမှု ရာဇ၀တ်မှု မခွဲပဲ အတူတူ မျှစားတော့ သူတို့ကလည်း ခင်မင်လေးစားရှိကြပါတယ်။ သူတို့အပေါ်အထိုက်အလျှောက်ပြောလို့ဆိုလို့ဆုံးမလို့နာခံကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့လို။ Amnesty International လိုအဖွဲ့မျိုးက စာတချို့ ကိုသန်းဇော်အမေအိမ်ကိုရောက်။နောက်စကားတွေပြန့်။ဘယ်လိုသတင်းရသလဲမသိဘူး။ သက်ဆိုင်ရာက စာတွေလာသိမ်းသွားတယ်လို့သူ့အမေကပြောတယ်တဲ့

ကိုသန်းဇော်က သူ့အမှုနဲ့ပတ်သက်ပြီးတကယ့်အဖြစ်မှန်ကို သူခံစားရသလို စာရေးတယ်။ စာရွက်ဘောပင်ဆိုတာကတော့ ကျွန်တော်တို့တတွေအသက်။ကျွန်တော်တို့လက်နက်လေ။ ရသလို ရင်းပြီး ရှာဖွေလေ့ရှိတယ်။ ဘောပင်တချောင်းကြောင့် နောက်မှပြောင်းလာတဲ့၅ညတချို့ ထောင်ပိုင် ဦးသောင်းညွန့်ရိုက်တာ သေလုမျောပါးခံရတဲ့အကြောင်း ကိုဝင်းနိုင်ဦးက တချိန်မှာအညတြတယောက်ရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း စာအုပ်မှာပြန်ရေးတာဖတ်ရမယ်။ မဂ္ဂင်ဆရာတော်ကြီးပါ သိမ်းကြုံးအရိုက်ခံခဲ့ရတာပေါ့။

သူရေးထားတွေးထားတာလေးတွေ ကိုသန်းဇော် ကျွန်တော်ကိုပြတယ်။ အင်းစိန်မှာ သူ့အမှုမှန်ကို ရေးပြီးအပြင်အထုတ်မှာထောင်က မိသွားပြီး သူသေလုမျောပါးအရိုက်ခံခဲ့ရပြီးပြီ။ ၀ါယာကြိုးတွေနဲ့ လူကို ချည်ပြီးရိုက်တာ။ ဒါကိုမမှတ်ဘူး။ သရက်ထောင်မှာထပ်ရေးတယ် ။

ကျွန်တော်က သရက်ထောင်မှာ ၃နှစ်ပဲနေရတယ်။ ၁၉၉၃ သြဂုတ်လရောက်တော့လွတ်ရက်စေ့တယ်။ ဘယ်နေ့လွတ်မယ်ဆိုတာ ထောင်ပိုင်က ကြိုမပြောဘူး။ လွတ်မယ့်နေ့ကျမှ နာရီဝတ်လောက်အလိုမှာ ရေချိုးအ၀တ်အစားလဲ။ လွှတ်မယ်လာပြောတာ။

ကိုသန်းဇော်ကျွန်တော်အနားကပ်လာတယ်။ အတူတူအကြာကြီးနေလာပြီး ရုတ်တရက် ခွဲကြရမယ်။ ဘယ်တော့မှပြန်တွေ့ကြမယ်ဆိုတာမသိ။အားလုံးနားလည်တဲ့ကိစ္စ။ ကျွန်တော် ဘာမှ စကားမပြောနိုင်ဘူး။ သူကျွန်တော်ကို ကျစ်ကျစ်ပါအောင်ဖက်တယ်။ နောက် ပါးစပ်ကအကို- ကျွန်တော့်အမှုကို ကမ္ဘာက သိအောင် လုပ်ပေးပါ- အထပ်ထပ်-မှာတယ်- အထပ်ထပ်-မှာလိုက်တယ်။

-အပိုင်း- ၃

ကျွန်တော့်ကိုထောင်ကလွှတ်လိုက်တော့သရက်ထောင်ပိုင်ကနယ်မြေခံထောက်လှမ်းရေးလက်ထဲထည့်။ သူက မှတ်တမ်းနဲနဲ ယူ။ နောက်ရဲစခန်းအပ် ။ ရဲက မော်တော်ဆိပ်လိုက်ပို့။ အောင်လံဘက်ကမ်းကူးတဲ့ ကူးတို့ပေါ် တင်ပေး။ ဘ၀တခုပြန်စကူးခတ်ရပြန်တာပေါ့။ နောက်နေ့မနက် အိမ်ပြန်ရောက်တော့ လင်းအားကြီး။ ဘယ်သူမှအိပ်ယာမနိုးခင်။ အမေဆိုတာဝမ်းသာအယ်လဲ။

ထောင်လွတ်စမှာ တိုက်ထဲအတူနေခဲ့တဲ့ လူတွေ မှာလိုက်သမျှ ကိုယ် မှတ်မိသမျှ လိပ်စာတွေအတိုင်း လိုက်တွေ့။ သူတို့အမေမိဘဆွေမျိုးတွေနဲ့ စကားပြောရတာ တလကုန်သွားတယ်။ ကျွန်တော်ထောင်ထဲ ရောက်နေတဲ့လေးနှစ်တာကာလမှာ တိုးချဲ့လာတဲ့ရပ်ကွက်တွေ၊ ရပ်ကွက်အရွေ့အပြောင်းတွေများလွန်းတဲ့ မဟာရန်ကုန်။ သင်္ကန်းကျွန်း သာကေတ မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာနေတဲ့လူတွေကို ပြန်အစ ကောက်ရတာ မလွယ်ဘူး။ တချို့ကတရပ်ကွက်လုံး ဖယ်ရ တခြားပြောင်းရတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက် သွားကြတယ်မသိနိုင်တော့။ ထောင်ထဲကကြိုးသမားတွေဘ၀မှာ သူတို့မိသားစုတွေက သူတို့ ရှိတဲ့ နယ်ထောင်ဝင်စာကိုလိုက်လာ ပြီး တွေ့ဘို့ အင်အားမရှိတာနဲ့ တခါမှမတွေ့နိုင်ကြ။ ကျန်ခဲ့တဲ့သူတို့ ရပ်ကွက်တွေကလည်းဝေးဝေးလံလံရွှေ့သွားဆိုတော့နောင် တချိန်ဒီကြိုးသမားတွေ လွတ်မယ့်၁၅နှစ်။ နှစ် ၂၀ မှာမိသားစုကို ပြန်အစကေက်ဘိှု့ ပြန်ဆုံနိုင်ဘို့ ဘယ်လိုမှ လွယ်မှာမဟုတ်တော့ဘူး။ အားလုံး သုံည ကနေ- တကိုယ်တော်ပြန်စကြဘို့သာရှိမလား ။ ကျွန်တော်သူတို့မိဘတွေကို လိုက်ရှာမတွေ့တော့တဲ့အခါ အဲဒီလိုအတွေးဖြစ်တယ်။

ကိုသန်းဇော်အမေနဲ့အမရယ် ။ သူ့ဖတဆိုး တူမလေးကိုတော့ သူမှာလိုက်တဲ့ တညင် ဘက်မှာ ရှာလို့တွေ့တယ်။ကိုသန်းဇော်အမေနဲ့တနေကုန်စကားပြောတယ်။ရိုးရိုးဗွင်းဗွင်းကြီး။ ယောင်္ကျားကဆုံး။ ကိုသန်းဇော်ကမရှိ။ကိုသန်းဇော်ရှိတုန်းက-ဒီသားက မိသားစုစီးပွါးရေး မှာဦးဆောင်တာ-ခုသူမရှိတော့မိသားစုခက်ခဲတဲ့အကြောင်း။ သမီးမူလတန်းပြ ဆရာမလစာနဲ့နေရတယ်ဆိုတဲ့အကြောင်း အိမ်ကို ရောင်းပြီးနဲနဲဈေးသက်သာတဲ့ဘက်ရွှေ့ဘို့ စဉ်းစားနေတဲ့အကြောင်း။

နောက်တော့တကယ်လည်းသူတို့အိမ်ရောင်းနေရာပြောင်းရရှာတယ်။ သွားလည်တိုင်းတခေါက်ထက် တခေါက်အခြေပျက်နေတာတွေ့တယ်။ ကိုယ်ကလည်း ဘ၀ကို အသစ်တခုပြန်စရ ရုန်းကန်ရဆိုတော့ ဘယ်မှာအချိန်ပြည့် ကူနိုင်မလဲ။ လ္ဘက်ရည်ဆိုင်မှာမိုးလင်းမိုးချုပ်အလုပ်ရှုပ်နေခဲ့တာ။ သရက်ထောင်သူတို့သွားတဲ့ အခါမှာတော့ ၅၁လမ်းစိတ်တိုင်းကျ-ကို သူတို့ဝင်လာတတ်တယ်။ ကိုယ်ကလည်း ၀မ်းသာအားရအမှတ်တရ ကြာကြာခံတဲ့ ပလာတာလေးတွေ ကိုသန်းဇော်တို့စားဘို့ထည့်ပေး။ လမ်းစားရိတ်လေးနဲနဲထောက်။

ကိုယ့်လ္ဘက်ရည်ဆိုင်ကရောင်းကောင်းသလို ထောက်လှမ်းရေးကလည်းနေ့တိုင်း လူလဲနဲ့ ကိုယ့်ကို လာစောင့်ရှောက်ပေးပါတယ်။ ကျွန်တော့်ဆိုင်က ဒီမိုကရေစီသမားတွေနဲ့ ထောက်လှမ်းရေးတွေ- ရ၀တတွေ-သတင်းပေးတွေ နဲ့ ထောင်ထွက်ကျောင်းသားဟောင်းတွေ ခုံချင်းကပ်ကျောပေးထိုင်ရင်း အားပေးကြတဲ့ ဆုံမှတ်တခုပေါ့။အဲဒီမှာ လူထုကတကယ်ချစ်စရာကောင်းတာသိခဲ့တယ်။ တချို့က ထောင်ထွက်မှန်းသိလို့ သက်သက်လာအားပေးတာလို့ ပြောပြီးမှ လ္ဘက်ရည်မှာတယ်။

ဒါပေမယ့်နိုင်ငံရေးကိစ္စက ကျွန်တော်သွေးထဲသားထဲကိစ္စဆိုတော့ကြာကြာမနေရဘူး။ ၉၈အစကျွန်တော် အထူးကုဆေးခန်းတခုကိုတွဲ အလုပ်လုပ်နေတုန်း ကျောင်းသားလှုပ်ရှားမှုသမိုင်း စာအုပ်ထုတ်တဲ့အမှုပေါ်ပြီး ထောင်ထဲထပ်ဝင်ရတဲ့အခါ ကိုသန်းဇော် မိသားစုနဲ့အဆက်အသွယ်ပြတ်သွားပြီ။ ဒီတခါက ၇နှစ်ကြာသွားတယ်။ ပြန်ထွက်လာတော့ ကိုသန်းဇော်အမေကောအမပါဆုံးပါးသွားကြပြီ။မရှိကြတော့ဘူး။ သူ့တူမလေးက ဘယ်ဆွေမျိုးလက်ထဲပါသွားသလဲ။ဘယ်ရောက်သွားပြီလဲကျွန်တော်မသိတော့ဘူး။

၉၃တုန်းကတော့-ဘဘဦးဇော်ဘယ်တော့လွတ်လာမှာလဲဆိုတဲ့၅နှစ်သမီး- သူ့တူမလေး အမေးကို ကျွန်တော် မကြာခင်လွတ်မှာပါဆိုပြီးဖြီးဖြန်းခဲ့တယ်။ ၂၀၀၄ ရောက်တဲ့အခါ သူ၅နှစ်သမီး မဟုတ်တော့ဘူး။မကြာခင်ဆိုတဲ့ စကားနဲ့ထပ် ပြောလို့နှစ်သိမ့်လို့ ရတဲ့အရွယ်မဟုတ်တော့ဘူး။

ကျွန်တော်လည်းခုတခေါက်ထောင်သက် ၇နှစ်အတွင်းအဖေဆုံးပါး။ အမေကလည်း အသက် ၇၀ကျော်သွားပြီ်ဆိုတော့ လွတ်လာတဲ့အခါ အမေက အားလျော့တဲ့လေသံနဲ့ -"သားကို နောက်ထပ်အမေလိုက်တွေ့ဘို့အားမရှိတော့ဘူး။သားနိုင်ငံရေးကိုစိတ်မပြတ်နိုင်ရင် တိုင်းပြည်ကထွက်သွား။ အမေစိတ်ချလက်ချ သားကိုအဝေးကလွမ်းရင်းနေသွားချင်ပြီ""လို့ မပြောစဖူးပြောတယ်။ကျွန်တော်ရင်နင့်တယ်။

ခက်တာကနိုင်ငံခြားတရားဝင်ထွက်ကြည့်ဘို့ပတ်စ်ပို့ရုံးကသုံးပွင့်တတ်ထားတဲ့သူငယ်ချင်းနဲ့တဆင့်တီးခေါက်းကြိုးစားတာတောင် သူငယ်ချင်းက မလုပ်ပေးနိုင်ဘူး။ခင်ဗျားတို့ကို စိစစ်နေတုန်းတဲ့။ လျှောက်လို့မရ။ ဘယ်လောက်ကြာမယ်မသိ။ ၂၀၀၆ဧပြီမှာကျွန်တော်နယ်စပ်ကိုထွက်လာခဲ့ပြီ။

ကျွန်တော်အိပ်မပျော်တဲ့ကိစ္စတွေမှာကိုသန်းဇော်တို့အကြောင်းတွေအများကြီးစိုးမိုးတယ်။ကိုသန်းဇော် ခေါင်းမကြာခဏကိုက်တဲ့ဒဏ်က ပိုဆိုးနေပြီလား ။ သူ့ကို ဘယ်သူသွားတွေ့ဘို့ ရှိသလဲ။ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ။

သူကိုယ်တိုင်ရေးထားတဲ့ သူ့အမှုဖြစ်စဉ်ကို တော့ သက်ဆိုင်တဲ့ဥပဒေဌါနတခုကို ပို့ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဥပဒေဆိုတာ စစ်အစိုးရက ကြိုက်သလိုလုပ်နေတဲ့တိုင်းပြည်မှာ ဘယ်အချိန်ကျမှ ဥပဒေအကာအကွယ် ဥပဒေအထောက် အပန့်သူတို့ရမှာလဲ။

သူနဲ့ညီညီဦးကို သေဒဏ်နဲ့ တကျွန်းချထားတာဆိုတော့ လွတ်ငြိမ်းသက်သာအမိန့်လာတဲ့အခါ သေဒဏ်က နှစ် ၂၀ ဖြစ်ပါတယ်။ တကျွန်းက ၁၀နှစ်ဖြစ်တယ်။ ဒီတော့ သူတို့ ၂ယောက်က နှစ် ၃၀ အခုဆက်ခံစားနေရတာပေါ့။ မိုးကျော်သူလေးက သေဒဏ်က နေ တကျွန်းပြောင်းတော့ နှစ် ၂၀ ။ အခုသူလွတ်သွားပြီ။

ဒေါက်တာ ထွန်းသူတို့ ၁၆ယောက်လည်း တကျွန်းကျနေရာက လွတ်ငြိမ်းသက်သာလာတော့ ၁၀ နှစ်ဖြစ်ကုန်ပြီး အခုအကုန်လွတ်သွားကြပြီ။

ညီညီဦးကတောင်ငူထောင်မှာလေဖြတ်ခံရတယ်ကြားတယ်။ စိတ်ဘယ်လောက်ဆင်းရဲဖိစီးပြီး အသက်ငယ်ငယ်မှာလေဖြတ်ခံရနိုင်သလဲ။ သရက်ထောင်က လွတ်လာသူတိုင်းကိုကြုံရင် ကိုသန်းဇော်အကြောင်းမေးဖြစ်တယ်။သူကကျွန်တော့်ရင်ထဲကလွမ်းဆွတ်နေတဲ့ညီလေးတယောက်။ သိတ်စိတ်ကောင်းရှိတယ်။ အနစ်နာခံချင်တယ်။။ တာဝန်ခံတတ်တယ်။ စွန့်စားချင်တဲ့လူငယ်တယောက်။ သူနဲ့ ကျွန်တော် မီးပြင်းထဲကိုဖြတ်တဲ့ စမ်းသတ်ပွဲတွေကနေ သူကိုကျွန်တော်ဖတ်ခဲ့တယ်။

ကိုသန်းဇော်ဘယ်လိုနေလဲမေးရင်စိတ်ထိခိုက်နေတယ်ဖြေတဲ့လူများတယ်။ရေဒီယိုမိလို့ ထောင်၆လ ထပ်ချထားသေးသတဲ့။ကျွန်တော်ခန့်မှန်းမိတယ်။ကျွန်တော်ဆိုရင်လည်းစိတ်ထိခိုက်မှာပဲ။ရူးချင်လည်းရူးသွားနိုင်တယ်။ အင်္ဂလန်က ကိုယ်နေတဲ့ မြို့ ကောလိပ်ညနေ COURSE တွေမှာ COUNSELLING COURSE တွေတက်ဖြစ်တော့ အတန်းဖေါ်တွေက ဘ၀ပြသနာတွေတင်လာတာကို နားထောင်ရတဲ့အခါ ကျွန်တော် ခံစားလို့မရတာတွေဖြစ်တယ်။ပုရွက်ဆိတ်တန်ဆာအနာလုပ်တယ်နေတယ်လို့ မကောင်းတဲ့အတွေးတွေ ၀င်လာတတ်တယ်။ ငါလည်း ဆေးကုဘို့လိုတယ်။ ငါ့ညီကျတော့ ဘယ်လိုပြန်ကုမလဲ။ ၂၃နှစ်သား ဘ၀တခုကို အခု ၂၃နှစ်ပေါင်းလိုက်တဲ့အခါ အဲဒီဆုံးရှံးမှုကာလကြီးဟာ ဘာနဲ့ ပြန်အစားထိုးမလဲ။ ဘာနဲ့ဆက် တန်ဖိုးဖြတ်မလဲ။

ထောင်ကျတာမဆန်းပါဘူး ဘာမှမဖြစ်ပါဘူးပြောတဲ့လူတွေ။ မထိတထိကော်မင့်တွေတခါတလေ ဖတ်မိတဲ့အခါ ကျွန်တော်ကတော့ ထောင်ထဲတလှည့်ပြန်ရောက်သွားတဲ့ ထောက်လှမ်းရေးတွေရယ် ကျန်ခဲ့တဲ့ သူတို့ မိသားစုဘ၀တွေကို ပြေးပြေးမြင်လိုက်တယ်။

၂၀၀၄ နိုဝင်ဘာ ကျွန်တော့်ကို ရွှေဘိုထောင်က လွှတ်ပေးတော့ ၇ နှစ်ချထားတာ ပြည့်ဘို့ ၂လအလိုမှာပေါ့။ထောင်သက်၅နှစ်လောက်အရမှာလက်မှတ်ထိုးထွက်ဘို့ဆိုပြီးထောက်လှမ်းရေးကလာကြိုးစားတယ်။နယ်မြေခံအရာခံဗိုလ်ကကိုယ်ဖြေလိုက်တဲ့အဖြေကိုစိတ်ဆိုးပြီးထောင်ထဲမှာသေသွားချင်သလားလို့ပြောတယ်။မကြာခင်မှာကျွန်တော်တီဘီရောဂါရတယ်။ တီဘီအတွက်ဆေးကုဘို့ထောက်လှမ်းရေးကလာတွေ့တော့လည်းသူပဲ။လူကိုထောင်အကြိမ်ကြိမ်ကျပြီးထောင်မှာသေမယ့်လူလို့ပြောတယ်။

ကျွန်တော်လွတ်တဲ့အချိန်က-သူထောင်ထဲပြန်ဝင်ရတဲ့အချိန်ပေါ့။သူတို့ထောက်လှမ်းရေး တဖွဲ့လုံးထောင်ထဲရောက်ကြ။ အလုပ်တွေအနားပေးခံရချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း ထိပ်ကပါတယ်။ဗိုလ်ချုပ်ခင်ညွန့်လက်ထက် မှားယွင်းစစ်ဆေးမိခဲ့တဲ့အမှုတွေ စိစစ်ပြန်လွှတ်ပေးမယ်လို့ သတင်းစာက ဖေါ်ပြတယ်။ကိုသန်းဇော် ကိုညီညီဦးတို့ကို ပြန်လွှတ်လိုက်မလား မသိမသာ တွေးမိသေးတယ်။ ရွှေဘိုထောင်ကကျွန်တော်နဲ့အတူ- ၈၁ယောက်လို့ထင်တယ်။ လွှတ်ပေးတာ။ ကျွန်တော့်ကို လွှတ်တဲ့အချိန်မှာတခြားဘယ်၅ညမှ မပါဘူး။ လွတ်ခါနီး ၂လအလိုရောက်နေတဲ့ကျွန်တော်တယောက်ပဲလွတ်တယ်။

ပြီးခဲ့တဲ့သက္ကရာဇ်၂၀၁၀ နှစ်ထဲ ဗိုလ်ချုပ်ခင်ညွန့်ကို အိမ်ကနေလာခေါ်တဲ့ ဗီဒီယိုအပိုင်းတခု ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကိုထောက်လှမ်းရေးတွေ လှစ်ထုတ်လိုက်တယ်။ ဘာကိုပြောချင်တာလဲတော့ မသိဘူး။ ရွေးကောက်ပွဲမစခင်လေးဆိုတော့ လူတွေအာရုံပြားအောင်ဖန်တီးချက်တခုလည်းဖြစ်နိုင်တယ်။ အဲဒီမှာအိမ်ကခွါကာနီး။ မြေးကလေးတွေမိသားစုတွေကို နှုတ်ဆက်တဲ့အခန်း။ ၀မ်းနဲစရာကောင်းတယ်။ ကျွန်တော်လည်းစိတ်မကောင်းဘူး။ မိသားစုနဲ့ ခွဲခါနီးကိစ္စ ကျွန်တော်တို့ အကြိမ်ကြိမ်ခံစားခဲ့ရတာပေါ့။

သားတွေ သားမက်တွေနဲ့ ကွဲနေတဲ့အကြောင်းဦးခင်ညွန့်ထည့်ပြောတဲ့အခန်းလေး။ သူကအပုံကြီး တော်သေးတာသူမသိဘူး။ဒေါ်ခင်ဝင်းရွှေလိုက်ခွင့်ရတာကံကောင်းတာပေါ့။ သူ့ဘ၀မှာ သူများတွေ အကြောင်းတခါမှထည့်စဉ်းစားခဲ့ဘူးပုံမရဘူး။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်တယောက်။ ကံကံရဲ့အကျိုးကိုယုံတယ်။ ၀ဋ်ဆိုတာရှိတယ်။

ဦးခင်ညွန့်အခွေကို ကြည့်ပြီးသနားပါတယ်လို့ ကွန်မင့်ပေးတဲ့လူတွေ- ကိုသန်းဇော်တို့အတွက်လည်း ကွန်မင့်ဝင်ပေးစေချင်တယ်။တချို့ကမျက်နှာကြီးမှ သနား တတ်ကြစိတ်ဝင်စားကြတာလား။ ကိုသန်းဇော်တို့အမှုစစ်တုန်းကထောက်လှမ်းရေးတွေ ခုဆိုအားလုံးအလုပ်ပြုတ်ထောင်ကျဖြစ်နေကြတယ်ီ။ အမှုတခုကို သူတို့ ကိုင်ရင်အနည်းဆုံး ၆ယောက်ကိုင်လေ့ရှိတယ် ။ သမတလူကြမ်းလို ထိုးကြိတ် သတ်ပုတ်တာဝါသနာပါသူ၃ယောက်။ ချော့မော့ပြောတတ်သူ ၃ယောက် တလှည့်စီ ။ အမှုစစ်ပြီးအချက်အလက်ရှာတည်ဆောက်ကြတယ်။ သူတို့အထက်မှာသူတို့ရေးတဲ့အမှုကိုဖတ်ပြီး ရက်စ်-နိုး-အိုကေနဲ့မေးခွန်းတွေချပေးတဲ့ အရာရှိလူကြီးတွေရှိတယ်။ ကိုသန်းဇော်တို့ကို လုပ်ကြံတာ တယောက်ထဲမဟုတ်ဘူး။ အမှုအမှန်ကို သိတဲ့လူတွေအများကြီး။ ဘယ်တော့အမှန်ကိုဖေါ်ထုတ်မလဲ။ ဘယ်သူဖေါ်မလဲ။အဲဒါဟာကျွန်တော်ဘ၀မှာသိတ်အရေးကြီးတဲ့ ထာဝရ စောင့်ကြည့်နေတဲ့ အလုပ်တခု ဖြစ်ပါတယ်။

ဗိုလ်မှူးကိုကိုနိုင်အမှုကို စစ်တဲ့ဘက်မှာလည်း ဗိုလ်မှူးကိုကိုနိုင်နဲ့အတူထောင်ကျတာ အမှုတွဲ၃ယောက် ရှိတယ်လို့ သိထားတယ်။ ဗုံးထောင်ဘို့စီစဉ်သူ။ လုပ်သူ။ သွားပို့သူ။ ။သူတို့တဦးချင်းကိုစစ်ရတဲ့ ထောက်လှမ်းရေးအဖွဲ့တွေအများကြီး။သူတို့အထက်က အမှန်ကိုသိတဲ့ တပ်မှူးတွေအများကြီး။ဘယ်အချိန်ထိ နှုတ်ပိတ်သွားမှာလဲ။ ဘာလို့အပြစ်မဲ့သူတွေကို လုပ်ကြံခဲ့ ရက်စက်ခဲ့တာ- သိသိနဲ့ နေခဲ့ကြတာလဲ ။

အခု( ၁၂.၁၀.၂၀၁၁) ထောင်ကနေ အသုတ်လိုက်လွှတ်ပေးနေပြီလို့ ကြားတယ်။ ကိုဇာဂနာလွတ်ပြီ။ ကိုမင်းကိုနိုင် လကုန်ကာနီးအသုတ်မှာပါမယ်။ ရွှေဘိုက ကိုကြည်သာထွန်း ကိုကျော်မင်းသန်း ဘုန်းဘုန်းဦးသု ဘုန်းဘုန်းမြင့်ဇော် တို့ကို စာရင်းမှာတွေ့တယ်။

ကျွန်တော် ကိုသန်းဇော်နဲ့ ကိုညီညီဦးကိုမျှော်နေတယ်ဗျာ။ လုပ်ကြဦး။

ခွန်ဆိုင်း ( ၁၂.၁၀ . ၂၀၁၁)

10 October, 2011

Multi level marketing ကွန်ရက်စနစ်ဖြင့် ဈေးကွက်ဖြန့်ချိခြင်းစနစ် အသုံးပြုခဲ့သည့် အမည်ပျက်စာရင်းဝင် သိမ်းငှက်ကမ္ဘာ ကုမ္ပဏီအား တရားရုံးအမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်း ဆင့်ပွားနည်းဖြင့် (Multi level marketing) အကြောင်းပြ စည်းရုံးဆွဲဆောင်မှုများ သတိပြုစရာ ဖြစ်လာ

http://www.weeklyeleven.com/index.php?option=com_content&view=article&id=10440:-multi-level-marketing-&catid=42:2009-11-10-07-36-59&Itemid=112
(Multi level marketing)ကွန်ရက်စနစ် (သို့မဟုတ်) ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိ ခြင်းစနစ် Network Marketing (or) Multi-Level-Marketing စနစ် ကိုအသုံးပြု၍ မမှန်မကန်သောနည်း လမ်းများဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့သောကြောင့် အမည်ပျက် စာရင်းသွင်း ကြေညာခြင်းခံခဲ့ရသည့် သိမ်းငှက်ကမ္ဘာကုမ္ပဏီ (Falcon Global Co., Ltd.) အား တရားရုံး အမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်၍ နစ်နာခဲ့ရသည့် အဆိုပါ ကုမ္ပဏီမှ အဖွဲ့ဝင်များ အနေဖြင့် ဦးဝင်းနိုင် (စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိ၊ အခန်းအမှတ် ၀၀၇၊ အင်းလျားလိတ် ဟိုတယ်)သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

မူမမှန်သော စီးပွားရေးလုပ်ငန်းများဖြင့် ငွေကြေးလိမ်လည် ဆောင်ရွက်နေသည်များ ရှိနေသောကြောင့် သတိပြုစရာများဖြစ်လာပြီး လူတစ်ဦး နှင့်တစ်ဦး ချိတ်ဆက်ဆင့်ပွားခြင်းဖြင့် ကုန်ပစ္စည်းဖြန့်ဖြူး ရောင်းချ သည့်စနစ်ကို အသုံးပြုကာ ငွေကြေး လိမ်လည်ခဲ့မှုများလည်း ရှိခဲ့သည်။ စီးပွားရေး လုပ်ဆောင်လိုသော လူငယ်လူရွယ်များကို မျက်လှည့်ဆန်ဆန် လှည့်စားထားသောကြောင့် သတိ မမူမိဘဲ ဆုံးရှုံးနစ်နာနိုင်သောကြောင့် ပိုမိုသတိပြုလာရမည်ဟု ပညာရှင် များက အကြံပြုကြသည်။
ဒီဆေးတွေက ဒီနိုင်ငံ FDA ရဲ့ ခွင့်ပြုချက်ရထားလား မရထားဘူးလား ဆိုတာ မသိဘူး။ ဒီဆေးတွေထဲမှာပါတဲ့ ကုန်ကြမ်းတွေက မြန်မာ တိုင်းရင်းဆေးတွေမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ ဒါပေ မယ့် မြန်မာ့တိုင်းရင်းဆေး ဆိုရင် ထောင်ဂဏန်းနဲ့ ရောင်းလို့ရတယ်။ ဒါပေမယ့် ဒီဆေးတွေက အရမ်းဈေးကြီးနေတယ်။ သုံးစွဲတဲ့သူကတော့ ပေးရတဲ့ တန်ဖိုးလောက် ဘယ်လောက် အကျိုးအမြတ်ရတယ် ဆိုတာ မသိပေမယ့် ရောင်းတဲ့သူကတော့ အများကြီး အကျိုးအမြတ် ရသွားတယ်

ရန်ကုန်မြို့နေ ဆင့်ပွားရောင်းချခြင်းစနစ်ကို စိတ်ဝင်စား၍ ၀င်ရောက် လုပ်ကိုင်ရန် လေ့လာခဲ့သူတစ်ဦးက “သူတို့ကအဖွဲ့ဝင်အဖြစ် ၀င်ချင်အောင် ဆွဲဆောင်တယ်။ သင်တန်းတွေပေးတယ်။ ဆုကြေးငွေ ချီးမြှင့်တာတွေ ပြတယ်။ ကုမ္ပဏီရုံးချုပ်ရှိရာ ပြည်ပနိုင်ငံရဲ့အကြောင်း၊ ဘယ်လိုလုပ် ဆောင်ပေးနေတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ကိုယ်ဝင်လိုက်ရင် အဲဒီ အကျိုးအမြတ်တွေကို ခံစားရမယ်လို့ ထင်လာအောင် ပြောတယ်။ အမှန်တော့ အဲဒီအကျိုးအမြတ်တွေကို အဆင့်သတ်မှတ်ချက် မြင့်တဲ့သူတွေပဲ ခံစားရမှာ။ စနစ်ကိုက အောက်လူက ရှာပေးတာကို အထက်လူက အေးအေးဆေးဆေး ထိုင်စားရတဲ့ စနစ်။ အဆင့်မြင့်တဲ့အထိ ရောက်ဖို့ ဆိုတာကလည်း ရှိတယ်ဆိုပေမယ့် မလွယ်ပါဘူး။ သူတို့ကတော့ ရေရှည်လို့ ပြောကြတယ်။ ဒါပေမယ့် ဒီနိုင်ငံက အဆင့်သတ်မှတ်ချက် နိမ့်သေးတဲ့အဖွဲ့ဝင်တွေရဲ့လုပ်ဆောင်ချက် တွေကြောင့် ရလာတဲ့ အကျိုးအမြတ်တွေကို ပြည်ပနိုင်ငံမှာရှိတဲ့ အဆင့် သတ်မှတ်ချက်မြင့်တဲ့ အဖွဲ့ဝင်တွေက ရတာ။ ဒါကြောင့်မို့ ၀င်မယ်လို့စိတ်ကူးမိရင် ဒီအချက်တွေအပြင် ရောင်းတဲ့ ပစ္စည်းတွေက တရားဝင် ဟုတ်ရဲ့လား၊ ဒီနိုင်ငံရဲ့ထောက်ခံချက်တွေကော ရှိရဲ့လား စတဲ့ အခြား အကြောင်းအရာ တွေကိုပါ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းတွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဒေါက်တာမောင်မောင်လေးက “ Multi Level Marketing ဆိုတာ နိုင်ငံတကာမှာ ရှိပါတယ်။ အမေရိကန်က စတာပေါ့။ တစ်ဆင့် ပြန်ယူပြီး ရောင်းချတဲ့သူတွေနဲ့ မသမာသူတွေရဲ့ အမြတ်ကြီးစားမှုကြောင့် ဈေးနှုန်းက အဆမတန်မြင့်တက်တာတွေ ဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ကလည်း ဆေးဝါးရဲ့အကျိုးအာနိသင် ကောင်းတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး ဈေးကစားကောင်း ကစားနိုင်ပါတယ်။ ဒီဈေးကွက်က စနစ်တကျ ကိုင်တွယ် လုပ်ဆောင်မယ်ဆိုရင် ကောင်းပါတယ်။ ကုမ္ပဏီအနေနဲ့ မရိုးမသားနဲ့ စီမံခန့်ခွဲမှုကလည်း ညံ့ဖျင်းမှုမျိုးလည်း မဖြစ်သင့်ပါဘူး။ နိုင်ငံတော်ကလည်း ကြီးကြပ်မှု မှန်ကန်ရပါမယ်။ ဆေးဝါးသုံးစွဲချင်တဲ့ သူတွေအနေနဲ့ကလည်း ကိုယ့်ကိုလာ ရောင်းတိုင်း မ၀ယ်မိစေဖို့နဲ့ အာမခံချက်ရှိတဲ့ ကုမ္ပဏီကြီးတွေဆီကပဲ ၀ယ်ယူသင့်ပါတယ်။ Multi Level Marketing နဲ့ရောင်းချမယ်ဆိုရင် တော့ ဆေးဝါးဆိုရင် နိုင်ငံအလိုက် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန မှာ မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင် ပြီးမှ ရောင်းချခွင့်ရှိပါတယ်။ ဒါပေမယ့် မှတ်ပုံတင်ထားတဲ့ ဆေးဝါးကို အကြောင်းပြပြီး တစ်ခြားစီက တရား မ၀င်တဲ့ဆေးတွေကို ရောပြီးတော့ မရောင်းသင့်ပါဘူး” ဟုရှင်းပြပါသည်။

ဆင့်ပွားရောင်းချရခြင်းနှင့် အထက်မှအောက် အဆင့်ဆင့် အမြတ်ယူကြခြင်းကြောင့် ၎င်းတို့ကုမ္ပဏီမှ ထုတ်သော ဆေးဝါးပစ္စည်းများသည် အဆမတန် ဈေးမြင့်နေကြောင်းကိုလည်း စုံစမ်းသိရှိရသည်။

“ကျွန်မရဲ့ အစ်မက ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ တက်ဖို့ ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးကနေ ရန်ကုန်မှာ အဆောင်လာနေတာပါ။ အဲဒီမှာ သူ့သူငယ်ချင်းက စည်းရုံးတာ ကောင်းလို့ယုံကြည်ပြီး နယ်မှာရှိတဲ့ လယ်ယာတွေကို ရောင်းပြီး ကျပ်သိန်း ၁၀၀ ကျော်ကို ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိခြင်း စနစ်သုံးလုပ်ငန်းတစ်ခု မှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ ရနံ့ ကုထုံးနဲ့ ပတ်သက်တဲ့ အမွှေးနံ့ပစ္စည်း အချို့သာ ရလိုက်တယ်။ နောက်မှ အဲဒီလုပ်ငန်းက လိမ်လည်တာဖြစ်လို့ သက်ဆိုင်ရာက အရေးယူလိုက်တယ် ပြောပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးကျေးရွာတွင် နေထိုင်ခဲ့သူ မသဲသဲက ရှင်းပြသည်။

ထို့ပြင် ကျပ်သိန်း ၁၀၀ ထည့်ဝင်သူတစ်ဦး အနေဖြင့် နောက်ထပ် ကျပ်သိန်း ၁၀၀ ထည့်ဝင်နိုင်မည့်သူ ငါးဦးခေါ်လာနိုင်ပါက ထိုရှယ်ယာ ၀င်အားလစဉ်ပုံမှန် စင်ကာပူဒေါ်လာ သုံးထောင် ထုတ်ပေးမည်ဟု ဆိုကာ စည်းရုံးပြောဆိုကြပြီး အသစ်ဝင်လာသော လက်အောက်အဖွဲ့ဝင်များအပေါ် အဆင့်ဆင့် ခံစားခွင့်များ ရယူကြ၍ မမှန်မကန် ပြုလုပ်ခဲ့ကြသည်။ ယခုအခါ ယင်းသို့ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီအား လိမ်လည်မှုဖြင့် သက်ဆိုင်ရာ၏ အမည်ပျက်စာရင်းသွင်း အရေးယူခြင်းကို ခံထားရပြီဖြစ်ပြီး ကုမ္ပဏီ ကို စာရင်းရှင်းလင်း ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။

Falcon Global Co., Ltd ဒါရိုက်တာအဖွဲ့ဝင်များ၏ Multi Level Marketing စနစ်သုံး လိမ်လည်မှုတွင် ပါဝင်သည့် တစ်ဦးချင်း အမြတ်များကို လူဦးရေနှင့် အုပ်စုခွဲများအလိုက် ပြုစုထားရာတွင် ငွေပမာဏမှာ သန်း ၁၈၀၀ နီးပါးရှိနေကြောင်း၊ ယင်းကုမ္ပဏီနှင့် ဒါရိုက်တာ အဖွဲ့ဝင်သုံးဦးအား black list ကြေညာထားပြီး ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာနှင့် တစ်ဦးချင်းအမြတ်များကို လူဦးရေနှင့် အုပ်စုခွဲများအလိုက် ပြုစုထားသည့် စာရင်းဇယားများ အရ သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရုံးက အမိန့်ကြော်ငြာစာအမှတ် ၃၀/၀၉ ဖြင့် သိမ်းငှက်ကမ္ဘာ ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင် သုံးဦးတို့အား အမည်ပျက်စာရင်း ကြေညာခဲ့သည်။ အဆိုပါ ကုမ္ပဏီသည် ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိခြင်း စနစ်ကို အသုံးပြုကာ လူငယ်လူရွယ်များ၊ လူအများအပြားကို ဖျားယောင်းသွေးဆောင် စည်းရုံးခေါ်ဆိုပြီး ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်ရယူ၍ မမှန်မကန်သော နည်းလမ်းများဖြင့် ငွေကြေးရယူနေခြင်းအပေါ် ဖော်ထုတ် အရေးယူပေးပါရန် ဖော်ပြထားသည့် တိုင်ကြားစာများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ပေါ် ပေါက်ချက်များအရ အမိန့်ကြေညာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီအား ဖျက်သိမ်းပြီး လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီအား အမည်ပျက်စာရင်းတွင် ထည့်သွင်းသတ်မှတ်လိုက်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြထားသည်။

အဆိုပါအမှုအား ဖော်ထုတ်စစ်ဆေးခဲ့ပြီး အထက်ပါ ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတော်က ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအဖြစ် ဦးဝင်နိုင်အား တာဝန်ပေးအပ်ကာ အဆိုပါကုမ္ပဏီတွင် နစ်နာ ဆုံးရှုံးခဲ့သူ အဖွဲ့ဝင်များ၏ နစ်နာမှုများ အပေါ် ပြန်လည် ရှင်းလင်းပေးမည် ဖြစ်သည်။ အဖွဲ့ဝင်များအနေဖြင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိကို ဆက်သွယ်ကာ ကျမ်းကျိန် ကတိသစ္စာ ပြုခြင်း၊ အထောက်အထား အချက်အလက်များ စစ်ဆေးခြင်း၊ အမှန်တကယ် နစ်နာခဲ့ခြင်းရှိ မရှိ သုံးသပ်စစ်ဆေးမှုများပြုလုပ်ပြီး နစ်နာမှုများကို ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးမည် ဖြစ်သဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ စာရင်းပြုစု လျက်ရှိပြီး အမြန်ဆုံးဆက်သွယ်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။

“နစ်နာမှုတွေ ပြန်ရှင်းပေးမယ် ဆိုတာတော့ ၀မ်းသာပါတယ်။ အဆုံး လို့ သတ်မှတ်ထားတာကနေ ပြန်ရမှာပေါ့။ ဒါပေမယ့် ကြားရတာက ပမာဏနည်းနည်းစီလောက်ပဲ ရမယ်လို့ ကြားပါတယ်။ အဖွဲ့ဝင်တွေနဲ့ ပေးသွင်းခဲ့ရတဲ့ ငွေပမာဏကမနည်း ပါဘူး။ တကယ်တမ်း ပြန်ရှင်းပေးမှာက ဘယ်လောက်လဲဆိုတာ မသိပေမယ့် ငွေထက်အချိန်တွေ၊ စိတ်ဓာတ် တွေ ဆုံးရှုံးခဲ့ရတာပါပဲ။ သူငယ်ချင်း အချင်းချင်း ယုံကြည်မှုတွေနဲ့ ၀င်လုပ်ခဲ့ပြီးမှ ဘာမှ တိကျရေရာတဲ့ စာချုပ် စာတမ်း၊ အချက်အလက် ပြန်မပေးခဲ့ဘဲ၊ တာဝန်ယူမှုမရှိဘဲ ယုံကြည်မှု ကို အလွဲသုံးစားလုပ် အမြတ်ထုတ် အကျိုးအမြတ်တွေ ယူကြတယ်။ အခုလည်း ပြန်ရှင်းပေးမယ် ဆိုတဲ့အခါမှာ အပေါ်က လူတွေအနေဲ့ တကယ်နစ်နာသူတွေကို မှန်မှန်ကန်ကန်ရပ်တည်ပေးပြီး တာဝန်ယူပေးသင့်ပါတယ်။ သက်ဆိုင်ရာအနေနဲ့ အဆင့်ဆင့်တွေကိုပါ စစ်ဆေးသင့်ပါတယ်”ဟု ယင်းလုပ်ငန်းတွင် ငွေကြေးထည့်ဝင်ခဲ့သူ တစ်ဦးက ဆိုသည်။

အဆိုပါကုမ္ပဏီသည် စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ လုပ်ငန်းခွဲတစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းမျိုးဖြစ်ပြီး တင်သွင်းလာသော ပစ္စည်းမှာ Bel'air အမှတ်တံဆိပ် အမွှေးရနံ့ကုထုံး ဆေးပုလင်း ရည်များဖြစ်သည်။ ပစ္စည်းတန်ဖိုး ဈေးနှုန်း ကီးမြင့်ပြီး အဖွဲ့ဝင်ကြေး အဆမတန် ပေးသွင်းခဲ့ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူငယ်အများအပြား ပါဝင်ပတ်သက်မှုရှိခဲ့၍ နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။ ယင်းကြောင့် သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူ ဆောင်ရွက်ကာ နစ်နာမှုများကို ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

အဆိုပါစနစ်ဖြင့် ဈေးကွက် ဖြန့်ချိခြင်းစနစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက အမေရိကန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ဥရောပနိုင်ငံများတွင် ခေတ်စားခဲ့သည်။ လူကိုဦးတည်ကာ စည်းရုံးလိမ်လည်ခဲ့သောကြောင့် အချို့နိုင်ငံများတွင် ယင်းစနစ်ကို ပိတ်ပင်ထားပြီး နောက်ပိုင်းတွင် ဖွဲ့ဖြိုးဆဲနိုင်ငံနှင့် မဖွံ့ဖြိုးသေးသော နိုင်ငံများ၊ အထူးသဖြင့်အရှေ့တောင် အာရှဒေသများအား ပစ်မှတ်ထား လာကြသည်။ ထိုင်ဝမ်မှ စတင် အခြေပြုသည့် လုပ်ငန်းများ မြန်မာ နိုင်ငံတွင်းသို့ ထိုးဖောက်ဝင်ရောက် လာပြီး အလှကုန်၊ လူသုံးကုန်အပြင် ဆေးဝါးများကိုပါ ယင်းစနစ်ဖြင့်ဖြန့် ချိလာကြကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး အောင်မြင်နေသည့် လုပ်ငန်းများရှိသော်လည်း ရောယောင် တုပမှုများ ရှိနေခြင်းကြောင့် သတိပြု စရာဖြစ်နေသည်။ ယင်းစနစ်ဖြင့် ရောင်းချသည့်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းပြီး ဈေးနှုန်း သက်သာရမည်ဖြစ်သော်လည်း အဆမတန် ဈေးမြင့်တက်နေသည်ကို တွေ့ရ ကြောင်း၊ ကြော်ငြာစရိတ်နှင့် ၀န်ထမ်း မရှိဘဲ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကာ ကွန်ရက်သဖွယ် ဖြန့်ကြက်သွားခြင်းကြောင့် ဈေးနှုန်းသက်သာသင့်ကြောင်း ယင်းစနစ်ကို လေ့လာထားသူ စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါသည်။

ယင်းလုပ်ငန်းကဲ့သို့ သဘောတရား၊ နည်းစနစ်များ တူညီသော စီးပွားရေးလုပ်ငန်းများ ရှိနေဆဲဖြစ် ပြီး ယင်းစနစ်ကို အသုံးပြု၍ ဆေးဝါးများကိုလည်း ဖြန့်ဖြူးနေကြသောကြောင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အများပြည်သူ သုံးစွဲနိုင်သည့် ဆေးဝါးများဖြစ်ရန်လည်း လိုအပ်သည်။

ဆေးဝါးများအား အသုံးပြုမည်ဆိုပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်းသည် အသင့်တော်ဆုံးဖြစ်ကြောင်း လက်ရှိတွင် ဆင့်ပွားနည်းဖြင့် ဖြန့်ချိခြင်း (Multi lelvel marketing) စနစ်ကို အသုံးပြုရောင်းချနေသော ဓာတ်စာ ဟုဆိုသည့် နိုင်ငံရပ်ခြားမှ တိုင်းရင်းဆေးများရှိနေကြောင်း၊ ယင်းဆေးများတွင် ပါဝင်သည့်ပစ္စည်းများ စနစ်တကျ ဖော်ပြထားခြင်းမရှိဘဲ သောက်သုံးသူများ အနေဖြင့်လည်း ဆရာဝန်ညွှန်ကြားချက် မပါဘဲ ယင်းကုမ္ပဏီ၏ ညွှန်ကြားချက်ဖြင့် သောက်သုံးနေခြင်းကို တွေ့ရကြောင်း၊ ယင်းစနစ်ကြောင့် ဆေးများသည်သုံးစွဲသူ လက်ထဲသို့ ရောက်ရှိချိန်တွင် အဆမတန်ဈေးကြီးနေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုပါသည်။

ဂရိတ်ဝေါလ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်ဦးက “ဒီဆေးတွေက ဒီနိုင်ငံ FDA ရဲ့ ခွင့်ပြုချက်ရထားလား မရထားဘူးလား ဆိုတာ မသိဘူး။ ဒီဆေးတွေထဲမှာပါတဲ့ ကုန်ကြမ်းတွေက မြန်မာတိုင်းရင်းဆေးတွေမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ ဒါပေ မယ့် မြန်မာ့တိုင်းရင်းဆေး ဆိုရင် ထောင်ဂဏန်းနဲ့ ရောင်းလို့ရတယ်။ ဒါပေမယ့် ဒီဆေးတွေက အရမ်းဈေးကြီးနေတယ်။ သုံးစွဲတဲ့သူကတော့ ပေးရတဲ့ တန်ဖိုးလောက်ဘယ်လောက် အကျိုးအမြတ်ရတယ် ဆိုတာ မသိပေမယ့် ရောင်းတဲ့သူကတော့ အများကြီး အကျိုးအမြတ်ရသွားတယ်။ ဒီလို ဆင့်ပွားနည်းဖြင့် ဖြန့်ချိခြင်း (Multi lelvel marketing) စနစ်ကို စင်ကာပူ၊ တရုတ်စတဲ့ နိုင်ငံတွေမှာ တားမြစ်နေ ပြီလို့လည်း သိရတယ်” ဟုဆိုပါသည်။

ဒေါ်စုစေတနာကို ကြည့်တတ် မြင်တတ်ရင် ကျေးဇူးတင်ကြမှာပါဘိုဘိုကျော်ငြိမ်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၂ မိနစ်

http://www.mizzimaburmese.com/edop/songpa/8433-2011-10-05-07-52-27.html

ရာဇဝင်ဘီး တပတ်ပြန်လည်သည်လား

မြန်မာပြည်ခေတ်သစ် ရာဇဝင်မှာ ဗိုလ်ချုပ်အောင်ဆန်း ကို မှီသည့်လူ တဦးတယောက်မှ မရှိပါ။ ငယ်ရွယ်စဉ် နိုင်ငံရေး သမားပေါက်စဘဝမှာ အင်္ဂလိပ်ကို လက်နက်ကိုင် တိုက်မှရမည်ဟု သန္နိဋ္ဌာန်ချခဲ့စဉ်က ဂျပန်တွေဆီမှ စစ်ရေး ပညာသင်ကာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့သည်။ ဂျပန်ကို လက်နက်ကိုင်တော်လှန်ရမည့် အချိန်မှာ မကြောက်မရွံ့တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ပြည်သူများသည် အင်္ဂလိပ်နှင့် ဂျပန်စစ်တပ်တို့အကြား ကြေမွအောင် အဖျက်စီးခံ၊ အနှိပ်အစက်ခံ ခဲ့ကြရသည်။ စစ်ဦးဘီးလူး ဆိုသလိုဂျပန်တွေ အတက်မှာ စစ်နိုင်ရေး သက်သက်အတွက် ဗုံးမိုးရွာခဲ့ကြသည်။ အင်္ဂလိပ်တွေက ရှိသမျှအားလုံး မီးရှို့ပြီး ဆုတ်ခွာသွားကြသည်။ မြေဇာပင်အဖြစ် ထီးထီး ပျက်စီးကျန်ရစ်ခဲ့တာက
မြန်မာပြည် မြို့အသီးသီး။

ထို့ကြောင့် ပျက်စီးနေသော တိုင်းပြည်ကို ငှဲ့၍ တိုင်းပြည်ကို စစ်မီးအတွင်းသို့ ဆွဲမချလိုကြတော့။ ဗိုလ်ချုပ်တို့လူစု
သည် အသက်ပင် ငယ်ကြသော်လည်း ဂျပန်ခေတ်တွင် နိုင်ငံ အုပ်ချုပ်မှု အကြောင်းကို နားလည်ခဲ့ကြသည်။ တိုင်းပြည်ခေါင်းဆောင်ဆိုတာက တိုင်းပြည်အတွက် တာဝန်ယူရမည် ဆိုတာကို သိရှိလာကြသည်။

ဤစေတနာကို ရှေ့ထား၍ စစ်ကြီးအပြီးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကို အင်္ဂလိပ်ထံမှ ဆွေးနွေးခြင်းဖြင့် ရယူရန် ဆုံးဖြတ်ကြသည်။ မရမှ၊ နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို ကိုင်ဆွဲရန် ဆုံးဖြတ်ကြသည်။ ဤနည်းဖြင့် (ရရင်ရ မရရင်ချ) ဟူသော (မူ) ပေါ်ပေါက်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေး သမားလည်း ဟုတ်သည်၊ ပညာတတ် နိုင်ငံရေးသမားလည်းဟုတ်သည်၊ သည်မှတဆင့် နောက်ဆုံး အမျိုးသား ခေါင်းဆောင်ဘဝ ထိုမှ လွတ်လပ်ရေး ဗိသုကာအထိ မြင့်တက်ခဲ့ရသည်။


တောင်ခြေမှ အမြင်နှင့် တောင်ထိပ်မှ အမြင်သည် မတူ နိုင်ကြ။

ထို့ကြောင့် ပါတီအကျိုးကိုသာ ကွက်ကြည့်သောအမြင်နှင့် တိုင်းပြည်တခုလုံးအတွက် ခြုံကြည့်ပုံချင်း ခြားနားရပေပြီ။ ဗိုလ်ချုပ်ကို ဉာဏ်မမှီသော လူစုက တိုင်းပြည်အကျိုးကိုကြည့်၍ ဗိုလ်ချုပ် အင်္ဂလိပ်နှင့် လွပ်လပ်ရေးအတွက် ဆွေးနွေး သည်ကို နားမလည်နိုင်ကြ၊ မနာလိုကြ။ အင်္ဂလိပ် အလိုတော်ကြီး အောင်ဆန်း၊ အောင်ဆန်း ဘယ်လဲ၊ အောင်ဆန်း ဘာလဲ စသည်ဖြင့် တိုက်ခိုက်လာကြသည်။

ဗိုလ်ချုပ်၏စေတနာကို မမြင်နိုင်ကြ။ နိုင်ငံရေး အသာရမှုကိုပဲ မြင်ကြသည်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ လွန်လာတော့ ဗိုလ်ချုပ်က ဂျောင်းဆိုပြီး မောင်းထုတ်လိုက်သည်။

ဟော အခုလည်း လာကြပြန်ပြီ။ ဒေါ်စု၏ စေတနာကို နားမလည် နိုင်ကြသူတွေ ပေါ်လာကြပြန်ပြီ။ မေးခွန်း ထုတ်ချင်ကြသည်။ နိုင်ငံရေးမှာ ဝေဖန်တာ အသစ်အဆန်းမဟုတ်။ ဒီမိုကရေစီမှာ မေးမြန်းခြင်း၊ ဆန်းစစ်ခြင်းဟာ အင်အားတခုပဲ မဟုတ်ပါလား။ တချိန်တည်းမှာ အများအတွက် နိုင်ငံရေးဆိုတာ ခံစားမှု (emotions) အပေါ် အခြေခံကြသည်။ ချစ်တယ်၊ မုန်းတယ်၊ ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာတွေ အားလုံး လိုလိုသည် မိမိ၏ ခံစားချက်နှင့် ဆုံးဖြတ်ကြသည်က များသည်။ တိုင်းပြည်ကို ရာစုနှစ်တဝက်ကျော်ကျော် ဓါးမိုးအုပ်ချုပ်လာသူ များ ကို မုန်းတာ သဘာဝကျပါသည်။ မဆန်း။

သို့သော် “ဒေါ်အောင်ဆန်းစုကြည်ဟာ မာသာထရီဇာလို ဖြစ်သွားပြီ”၊ ဒေါ်အောင်ဆန်းစုကြည်သို့ “စစ်ကြေငြာချက်” ဆိုသည့် ရေးသားမှုတွေသည် ဒေါ်စု၏ စေတနာကို နားမလည်ကြလို့ မိမိခံစားမှုအရ ရေးသား မှုတွေလို့ နားလည်မိရင်း စိတ်မကောင်း ဖြစ်မိသည်။ ဒေါ်စု၏ စေတနာကိုသာ ကြည့်တတ်မြင်တတ်ရင် ဒီလို အထင်မှားမှုတွေ ပပျောက် သွားနိုင်သည်ဆိုသည့် ယုံကြည်ချက်ကြောင့် ဒီဆောင်းပါးကို ရေးမိခြင်း ဖြစ်ပါသည်။

လောကတွင် ဘယ်အရာမဆို တဖက်သပ် တလမ်းသွားအမြင် တခုတည်း မကြည့်သင့်ပါ။ ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ ကြည့်ပြီး ဖြစ်စဉ်တခု၏ ဖြစ်နိုင်ခြေကို မျှမျှတတ သုံးသပ်မှ ဖြစ်ရပ်မှန်နှင့် ပိုနီးစပ်နိုင်သလို၊ ခံစားမှုလည်း အနည်းဆုံး ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။


ဖအေတူသမီး

ဗိုလ်ချုပ်လောက် ခေတ်သစ်မြန်မာနိုင်ငံ၏ ရာဇဝင်မှာ နှလုံးရည်ပြည့်သူမရှိ။ ကာယစွမ်းအား၊ ဉာဏစွမ်းအား နှစ်ဘက် စလုံး အစွမ်းထက်သည်။ တိုင်းပြည်အပေါ် ထားသောစေတနာမှာလည်း ပြောစရာ မရှိ၊ နောက်ဆုံး တိုင်းပြည်အတွက် အသက်ကိုပါ ပေးလှူခဲ့ရှာသည်။ ဖအေတူသမီးမို့ တိုင်းပြည်အတွက် မိမိအန္တရာယ်ကိုမမှု၊ ဒီပဲရင်းဖြစ်ရပ်က သက်သေ ထူခဲ့ပြီ။

ဒေါ်စုနှင့် သတင်းအင်တာဗျုးတွေကို နားထောင်ကြည့်ကြပါ။ ဒေါ်စုသည် ယုံကြည်ချက် ပြင်းသူဆိုသည်ကို မည်သူမျှ မငြင်းနိုင်။ ထို့ပြင် ဒေါ်စုတွင် အတွေးအခေါ် ပြည့်သည်ကို ဒေါ်စု၏ အဖြေတွေမှ သက်သေထူလျက်။


လူထုခေါင်းဆောင်

နိုင်ငံရေးရဲ့ “အင်အား” ဆိုသည် နောက်ဆုံးတော့ လူအများစု ထောက်ခံမှုပဲ။ တတိုင်း တပြည်လုံး အတိုင်းအတာနှင့်ထောက်ခံမှုရလာတော့ “လူထုထောက်ခံမှုရပြီ” လို့ ဆိုနိုင်သလို ခေါင်းဆောင်သည်လည်း “လူထုခေါင်းဆောင်” ဟု အသိအမှတ်ပြု ခံနိုင်ပြီ။

ဤသို့ “လူထုခေါင်းဆောင်” အဆင့်ရောက်ရန် မလွယ်ပါ။ ပထမ မိမိ၏ ရည်မှန်းချက် ထင်ပေါ်ရမည်။ ဗိုလ်ချုပ်က တိုင်းပြည် လွတ်လပ်ရေး၊ ဒေါ်စုက ဒီမိုကရေစီ လွပ်လပ်ရေး။ ဒုတိယ ယုံကြည်မှု ထင်ရှားရမည်။ ဗိုလ်ချုပ်က ဆိုရှယ်လစ်နှင့် ပါလီမန်ဒီမိုကရေစီ၊ ဒေါ်စုက လစ်ဘရယ် ဒီမိုကရေစီ။ ဖေါ်ဆောင်မှုမှာ ရပ်တည်ချက် ပြတ်သား
ရမည်။

ဗိုလ်ချုပ်က အစွဲမရှိ၊ ရရင်ရ မရရင်ချ။ မရမှချမှာ။ မလိုဘဲ အသက်တွေကို မစတေးလို။ မှားမှားမှန်မှန် ဒေါ်စု က အကြမ်းမဖက်သော လမ်းစဉ်ကိုစွဲကိုင်ထားသည်။ သတ္တိရှိမှုမှာ ပြောစရာမရှိ။ ဗိုလ်ချုပ်က ဂျပန် လက်ထဲက
တော်လှန်ရေးကိုရအောင် ဦးဆောင်သွားသည်။ နေမဝင် အင်ပါရာ အရှင်သခင်တွေကို ဉာဏ်ချင်းယှဉ်ရဲသည်။

ဒေါ်စုက အာဏာရှင် လက်အောက်မှာ ရင်ကော့၍ ဒီမိုကရေစီ ကို တောင်းဆိုရဲသည်။ ဦးမကျိုး။ ထို့ကြောင့် နိုဘယ်ဆု ချီးမြှင့်ခံရကာ လူထုခေါင်းဆောင်ထက် ကျော်၍ “ကမ္ဘာ့ ဒီမိုကရေစီအိုင်ကွန်” အဖြစ် အသိအမှတ် အပြုခံရသည်။ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်သူများအတွက် အားကျစရာ အတုယူစရာ မီးတိုင်ဖြစ်ခဲ့ရပြီ။

ဒေါ်စုလို နိုင်ငံ့ခေါင်းဆောင် အဆင့်၊ ကမ္ဘာ့ အဆင့် ရောက်လာတော့ “တာဝန်” ဆိုသည့် ဝန်က ပိလာပြန်သည်။ စိတ်ထင်တိုင်း လုပ်၍ မရတော့။ ဒေါ်စု စကားတခွန်းကို ဂရုပြု၊ နားစွင့်နေသူတွေက တပုံတခေါင်း။ ဒေါ်စု၏ လှုပ် ရှားမှုကို စောင့်ကြည့်နေသူ တွေက မနည်းလှ။ စစ်အစိုးရနှင့် စစ်ထောက်လှမ်းရေးတွေက ရှေ့ဆုံးက။ ထို့ကြောင့် ခေါင်းဆောင် စစ်စစ်သမား ဘဝကမလွယ်။ သွားသတိ၊ လာသတိ၊ ပြောသတိ ရှိရပြီ။

ဒေါ်စုသည် တော်လှန်ရေးသမားမဟုတ်။ အပြောင်းအလဲကို သွေးထွက်သံယိုမှု လမ်းလိုက်၍ မလျှောက်လို။ အကြမ်းမဖက်သော နည်းဖြင့်သာ ရယူလိုသည်။ စာရေးသူက ဗိုလ်ချုပ်လမ်းစဉ်ကို ပိုနှစ်ခြိုက်သည်။ အကြမ်း မဖက် သက်သက်ကို ဘဝင်မကျ။ သို့သော် ဒေါ်စု ကိုနားလည်ပေးသည်။ နားလည်ပုံက သည်လိုပါ။

လူထုထောက်ခံမှု ရှိလာပါက ခေါင်းဆောင်တဦးဟာ သူကြိုက်ရာလမ်းကို ရွေးချယ်ခွင့်ရှိသည်။ ကနဦးအစ ကတည်းက သူ၏လမ်းကြောင်းကို သိသိနှင့် ထောက်ခံခဲ့ကြသည်ပဲ မဟုတ်လား။ ဒေါ်စုက အကြမ်းမဖက်သော လမ်းစဉ်ကို ယုံကြည်သူ။

စီးပွားရေးပိတ်ဆို့မှုပြုပြီး လာဆွေးနွေးဆိုတော့ လျှာပေါ်မြက်ပေါက်ပါစေ စစ်ဗိုလ်တွေက မလာ။ အာဏာ လက်မ လွှတ်ချင်တဲ့ ဘက်ကလည်း ပိုမည်ထင်သည်။

တဘက်က တရုတ်ကြီးကိုအားကိုးရင် အိန္ဒိယ၊ အာဆီယံ၊ ရုရှား အားလုံးကို လှည့်စားသည်။ ကြည့်တော့ အညာသား ရိုးရိုးအအနဲ့ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံရေး လူလည်။ စိတ်ရှည်သည်။ အာဏာအကြောင်း ကောင်းကောင်း နောကြေ သည်။


အာဏာရှင်၏ ထွက်ပေါက်

ဗိုလ်ချုပ်သန်းရွှေ၏ အားသာချက်မှာ ရှောင်ရန်၊ ဆောင်ရန်ကို အတုယူတတ်သည်။ ဦးနေဝင်းထံမှ အာဏာ ကျမ်း ကို သင်ယူပြီး ဦးနေဝင်း၏အမှားမျိုး ဘယ်သောအခါမှ မလုပ်။ သက်တန်းရှည်သော အာဏာရှင်တိုင်းသည် အာဏာ ကို လက်မလွှတ်ရဲသော်လည်း နိစ္စဓူဝ မင်းလုပ်အုပ်ချုပ်ရသည်မှာ ၎င်းတို့ အလုပ်မဟုတ်တော့။ မိမိထံမှ အာဏာ မသိမ်းနိုင်ရန် အစီအမံတွေပြုပြီး မိမိတို့က အပေါ်က အသာကြည့်နေရုံ။

ဥပမာ ကက်စထရိုက သူ့ညီကို အာဏာလွှဲပေးပြီး အခု သက်တောင့်သက်သာ ဇိမ်ရစ်နေရုံ။ ကျန်တဲ့သူတွေက သူ့လူတွေချည်း။ ပို၍ဉာဏ်ရှိတဲ့ တိန်ရှောင်ပိန်တို့ကျတော့ အာဏာ အပြောင်းအလွဲကို စနစ်တကျ Institutionalized လုပ်၊ စနစ်ကို ဖေါ်ဆောင်ပြီးမှ သူ့ထက် ငယ်သူတွေကို နေရာပေးပြီး သူက ထိန်းကျောင်း ပေးကာ လူကြီး (၆) ယောက်မှ ပဲ့ကိုင်ပေးသွားသည်။

ဦးနေဝင်းသည် သူ့၏ တပ်ရင်း (၄) က လူတွေနဲ့ အာဏာတည်ဆောက်ခဲ့သော်လည်း၊ သူ့ကိုယှဉ်ပြောနိုင်သည့် စစ်ဗိုလ်တွေ အားလုံးကို ဖယ်ထုတ်ပြီး ဟိုးအောက် တပ်ကြပ်အဆင့်က လူတွေကို ဆွဲတင်လာပြီး နောက်ဆုံး ဗိုလ်ချုပ် အပွင့်တွေ တင်ပေးလိုက်က သစ္စာစောင့်တည်မှုကို ရာထူးနှင့် ဝယ်ယူလိုက်သည်။ ပြီးမှ ဗိုလ်ချုပ် ကျော်ထင်၊ အေးကို၊ စိန်လွင်တို့က တဆင့်ကြားခံပြီး Proxy နဲ့ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ် သန်းရွှေတို့ကို ကိုင်ထားပြီး ဗိုလ်ချုပ်တင်ဦး (တွင်း(၃))၊ ခင်ညွန့်တို့က တဆင့် တိုက်ရိုက် အာဏာမဏ္ဍိုင်တွေကို ကိုင် ထားခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေ၏ ရွှေ့ကွက်တွေကို ပြန်သုံးသပ်သော် သူနဲ့အတူ အာဏာယူခဲ့ကြတဲ့ ဗိုလ်ချုပ်တွေအားလုံးကို (မ) ထုတ်သွားသည်။ အာဏာ၏ အတွင်းစည်းဝိုင်း ဖြစ်သည့် (တပ်) ထဲမှာမထားခဲ့။ ရည်မှန်းချက်ကြီးပုံ ရှိကြသည့် ဦးရွှေမန်းနှင့် ဦးတင်အောင်မြင်ဦးတို့ကို တည်ပေးထားသည်။ ဒီနှစ်ယောက် ပြိုင်နေကြမှ တပ်ကို စည်းရုံးရန် အချိန်မရ၊ ဒီတော့မှ အသာလေးတပ်ကို အချိန်ပေးပြီး စိတ်ချလက်ချ ကိုင်နိုင်သည်။ စစ်တပ်က အာမခံ ပေါ်လစီပင်။

ဦးနေဝင်းရဲ့ အဓိက မှားတဲ့ အချက်က သူရဲ့တဆင့်ခံ (Proxy) အုပ်ချုပ်တဲ့ သူ့တပည့်တွေက သူ့အရင် ဘဝတပါး
ပြောင်းကုန်ကြသည်။ အသက်ကြီးတော့ ဘာသာရေးဘက် ရောက်သွားပုံရပြီး သတိလက်လွတ် ဖြစ်သွား ပုံ ရသည်။ ဗိုလ်ချုပ်သန်းရွှေသည် ဦးနေဝင်းအမှားမျိုး ဘယ်တော့မှ မလုပ်ခဲ့။

တိန်ရှောက်ပိန်သည် စနစ်တကျ အာဏာအပြောင်းအလဲကို Institutionalized လုပ်ပြီးမှ စိတ်ချလက်ချ သေသွားခြင်း ဖြစ်သည်။ ဒါကို ဗိုလ်ချုပ်သန်းရွှေလည်း မြင်နိုင်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ဘယ်လောက် အရုပ် ဆိုးဆိုးပြည်ထောင်စု လွှတ်တော်၊ လူမျိုးစု လွှတ်တော်၊ ပြည်နယ် အစိုးရဟူသည့် Institution အပေါ်ထပ် အဆောက်အအုံ တွေ ပေါ်လာသည်။

လက်ရှိမှာ ဒါတွေသည် ရုပ်ပစ္စည်း အားဖြင့်သာ တည်ရှိနေသေးသည်။ ဒီမိုကရေစီ စစ်စစ် အောက်မှာကဲ့သို့
အသက်ဝင် လှုပ်ရှားနိုင်ခြင်းမရှိသေး။ လွှတ်တော်အမတ်အများစုက မိမိတို့နိုင်ငံရေးလုပ်ငန်းစဉ်ကို ပီပီပြင်ပြင် သဘောမပေါက်ကြသေး။ ပြည်ထောင်စု အစိုးရနှင့်ပြည်နယ် အစိုးရတွေဘယ်လို အာဏာခွဲဝေ အုပ်ချုပ်ရမယ် ဆိုသည်ကိုတောင် တိတိကျကျ သိကြသေးတာ မဟုတ်။ သို့သော် စစ်အုပ်ရေးထက်တော့ တဆင်မြင့်လာပြီ။ စစ်အုပ်ချုပ်ရေးအောက်မှာ အဆင့်ဆင့် စစ်ဗိုလ်တွေ၏ အမိန့်သည် ဥပဒေပင်။ စာရေးသူ၏ အတွေးတွင် ၂ဝ၁ဝ
ရွေးကောက်ပွဲသည် ဗိုလ်ချုပ်သန်းရွှေ၏ ထွက်ပေါက်ပင်။


ကျန်ခဲ့မယ့် နိုင်ငံရေးသမိုင်း

နိုင်ငံကို ဦးဆောင်ခွင့်ရသည့် လူအများသည် မိမိ၏ သမိုင်း Legacy ကိုထားခဲ့ချင်ကြသည်ပင်။ ဗိုလ်ချုပ်သန်းရွှေ လည်းမစဉ်းစားဟု မပြောနိုင်။ စပိန်မှာ ဖရန်ကိုဟာ အာဏါရှင်အဖြစ် ကျေနပ်အောင် အုပ်ချုပ်ပြီး သမိုင်းကောင်း ရန် ဘုရင်စနစ်ကို ပြန်ထောင်၊ ပါလီမန်စနစ်ကို ပြန်ဖေါ်ထုတ်ပေးသွားသည့် ရာဇဝင် သာဓကတွေရှိနေသည်။ ဒီမိုကရေစီ၏ အင်္ဂါရပ်တွေဖြစ်သည့် လွှတ်တော်များ၊ ပြည်နယ်အစိုးရများ ပြန်ပေါ်လာသည်ကို အသိမှတ်ပြု၊ တိုးတက်ရန် မကြိုးစား သင့်ဘူးလား။

အင်ဒိုနီးရှားတွင် ဆူဟာတို ပြဿနာပေါ်တော့ သူတို့လွတ်လပ်ရေးဖခင် ဆူကာနို၏ သမီး မီဂါဝါဒီဟာ ပါလီမန်အထဲ တွင် ရှိနေပြီ။ သူတို့သည်လည်း စစ်သားတမတ်နှင့် (စ) ကြသည်ပင်။ သူတို့လည်း အရေးပေါ်တော့ ဆူကာနိုရဲ့ သမီး မီဂါဝါဒီကို ဝိုင်းထောက်ခံကြပြီး တဖြည်းဖြည်းပြောင်းလဲ လာသည်မှာ ယခုတော့ အင်ဒီုနီးရှား သည် အာစီယံတွင် စီးပွားရေးအရ GDP (ပြည်တွင်းထုတ်ကုန် ပမာဏ) အကြီးဆုံးနိုင်ငံ၊ G20 နိုင်ငံ၊ ဒီမိုကရေစီ တွန်းကားသည့် နိုင်ငံအဖြစ် အောင်မြင်မှု လမ်းကြောင်းအပေါ် ရောက်နေခဲ့ပြီ။ (မှတ်ချက်၊ တချိန်က မြန်မာနိုင်ငံ သည် အင်ဒိုနီးရှားတော်လှန်ရေးတွင် သခင်သာခင်ကို စေလွှတ်ပြီး လက်နက်အကူအညီ ပေးခဲ့ဖူးသည်။)

ဒေါ်စုက Oxford ကျောင်းထွက်၊ ကမ္ဘာကျော် ဒီမိုကရေစီ အိုင်ကွန်။ ဒေါ်စုသာ အခွင့်ရသော် တိုင်းပြည်အတွက် အများကြီး အကျိုးပြုနိုင်ပါသည်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်စေ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက် လာပြီ၊ အပေါ်ထပ် အဆောက်အအုံတွေ ပေါ်လာပြီ။ ဤသည်ကို အသက်ဝင်ရန် စွမ်းဆောင် လာနိုင် သော် တိုင်းပြည်အတွက် မကောင်းဘူးလား။ အများကြီးလိုသေးသည်။ သို့သော် စစ်အုပ်ချုပ်ရေးတော့ မဟုတ် တော့။ ထို့ကြောင့် ဒေါ်စုက သူ့မိန့်ခွန်းမှာ အကောင်းဖြစ်လာစရာအကြောင်းပြောကြားသွားသည်ဟု ထင်မိသည်။

အစိုးရ အပြောင်းအလဲ


မိမိ မလိုလားသည့် အစိုးရကို လုံးလုံးပြောင်းလဲစေချင်သော်တော်လှန်ခြင်း Revolution နည်းနှင့် ပြောင်းလဲ နိုင်သည်။တော်လှန်ရေးတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုအုံကြွမှု တော်လှန်ရေး နှစ်နည်းနှင့် ပြောင်း၍ရသည်။ လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲနိုင်မှ မိမိစိတ်ကြိုက် အစိုးရနှင့် စနစ်ကို ချက်ချင်း ပြောင်းလဲ နိုင်မည်။ လူထုအုံကြွမှု တော်လှန်ရေးနည်းနှင့် ပြောင်းလျှင်တောင် မိမိစိတ်ကြိုက် အစိုးရဖြစ်လာလေ့ မရှိပါ။ အကြောင်းက ပျားအုံကို တုတ်နဲ့ထိုးသလို ဖရိုဖရဲ ဖြစ်ပြီးမှ ပြန်စုရတော့ မိမိလိုချင်တဲ့ အစိုးရ ဖြစ်ချင်မှဖြစ်လာမည်။

ဥပမာ ယူကရိန်းကို ကြည့်။ လောလောဆယ် အီဂျစ်ကို ကြည့်။ ဆာဘီးယား (Serbia) ကိုကြည့်။ နိုင်ငံအများစုမှာ ရွေးကောက်ပွဲ အလီလီလုပ်ပြီးမှ အခြေကျလာနိုင်သည်။တော်လှန်ရေး အပြင် နောက်တနည်းမှာ ဖြည်းဖြည်းချင်း ပြောင်းလဲသည့် Evolution နည်းပဲ။ အကြမ်းမဖက်တဲ့နည်း ကတော့ ဤနည်းပင်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ကြီး နောက်ဆုံး တိုင်း ပြည်လွတ်လပ်ရေးကို အရယူပေးသွားတာလည်း ဤနည်းပင်။ ယင်းနည်းက ဉာဏ်ကစား တတ်ရန်လိုသည်။ အပေးအယူ လုပ်ရသည့်အတွက် မိမိလိုချင်တာအားလုံး မရနိုင်။ စိတ်ရှည်ရမည်။


မြန်မာတွေရဲ့ ပြဿနာက

ကျနော်တို့၏ ပြဿနာသည် အကြောင်းကြောင်းကြောင့် တော်လှန်သည့်နည်းနှင့် စစ်အစိုးရကို မဖယ်ရှားနိုင်ကြပါ။


နိုင်ငံရေးတွင် စုစည်းမှုရှိမှ၊ ဖွဲ့စည်းမှု ရှိမည်။ ဖွဲ့စည်းမှုရှိမှ ဦးဆောင်မှုရှိလာပြီး ဆောင်ရွက်ချက် ရှိနိုင်ပါသည်။
ဆောင်ရွက်မှုရှိမှ တိုးတက်တက်မှု၊ ဒီကမှ အရှိန်ရလာပြီး လူတွေယခုထက် စုရုံးလာကြပြီး “အင်အား” ဆိုသည်
ပေါ်လာနိုင်ပါသည်။ ဒါလူမျိုးတိုင်း တိုင်းပြည်တိုင်း မလွဲမသွေ ဖြတ်ကျော်ကြရပါသည်။ တယောက်တပေါက် ဦးတည်ချက် ပေါင်းစုံနှင့် ခြေဦးတည့်ရာ လွန်ဆွဲနေကြသော် တော်လှန်ရေး မအောင်နိုင်ပါ။ ဒေါ်စုက သူ၏ ယုံကြည်ချက်သည် အကြမ်းမဲ့ ဖြစ်သော်လည်း တော်လှန်ရေးကိုသာ စွဲစွဲမြဲမြဲ ယုံကြည်သူတွေကို မကန့်ကွက်ပါ။

၈၈၈၈ ခေါင်းဆောင်တွေသည် မဏ္ဍိုင်တခုအဖြစ် ရပ်တည်နိုင်ကြသည်အပြင် ဒေါ်စုကို ပံ့ပိုးခဲ့ကြခြင်းကြောင့်
ဒေါ်စုနှင့် အတိုက်အခံတွေ ပိုအားမရှိခဲ့ဘူးလား။ အားဖြည့်သည့်သဘော။ ထို့နည်းတူစွာပင် တော်လှန်ရေးနှင့်မှ ဆိုသည့်သူတွေ ဖွဲ့စည်းမှု ခေါင်းဆောင်မှု ပြသကြပြီး မိမိလိုအပ်ချက်တွေကို ဖြည့်စည်းထားကြသော် တိုင်းပြည်
အတွက် ပိုအကျိုး မပြုနိုင်ဘူးလား။

လောကတွင် ဖြစ်ချင်တာ၊ ဖြစ်နိုင်တာ၊ ဖြစ်လာတာ မတူတတ်ကြပါ။ ဖြစ်လာသည်ကို အခြေခံပြီး ဖြစ်ချင်သည့် ဘက်ကို ဖြစ်နိုင်သလောက် အရောက်ဖန်တီး နိုင်သူတွေ၊ အောင်မြင်သည့်သူတွေသည် လက်တွေ့ အကောင် အထည် ဖေါ်နိုင်သူတွေဖြစ်လာကြပြီး၊ ကျန်သူတွေကတော့ စိတ်ကူးယဉ် ကမ္ဘာမှာ ကျန်ခဲ့ကြတာပါပဲ။ အတွေး
မတူရင် အမြင်ချင်း မတူနိုင်ကြပါ။

ကျနော်တို့ မြန်မာတွေကို သွေးဆူလွယ်တယ်ဟု စွပ်စွဲကြတယ်။ သေချာသည်မှာ စိတ်လှုပ်ရှားမှု (Emotions)
ပေါ်မူတည်ပြီး နိုင်ငံရေးမှာ ဆုံးဖြတ်ကြတာများသည်။ ခံစားမှုကိုကျော်ပြီး ခေါင်းအေးအေးနှင့် ချင့်ချိန်ပြီး လုပ်သင့် လုပ်ထိုက်သည်ကို အစီအစဉ်ဆွဲပြီး လုပ်ကြသူတွေ နည်းသေးသည်ဟု မြင်မိသည်။ အနိုင် တိုက်ရမည်၊ ရန်သူ ကိုရန်သူ မှန်းသိပါစေဆိုသည့် တဘက်စွန်း အတွေးအခေါ်တွေမှ ရုန်းထွက်နိုင်ကြရန် အချိန်တန်ပါပြီ။

ခုခေတ် အနောက်နိုင်ငံတွေတွင် IQ အသိဉာဏ် တင်မဟုတ် EIQ လို့ခေါ်တဲ့ Emotional IQ စိတ်လှုပ်ရှားမှုကို ဘယ်လောက်ထိန်းနိုင်၊ မထိန်းနိုင်ဆိုသည်ကိုပါ သတိပြုလာကြပြီ။ အသိဉာဏ်ရှိမှ၊ သတိရှိမှ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ပါမည်။


တာဝန်မတူရင် အတွေးမတူပါ

ရာဇဝင် ရုပ်သံလိုင်း (History Channel) တွင် မော်၏ နောက်ဆုံးတော်လှန်ရေး လွှင့်သွားပါတယ်။ ယဉ်ကျေးမှု
တော်လှန်ရေး အကြောင်းပါ။ တရုတ်ကွန်မြူနစ်တွေ အမြဲဆဲဆိုနေကြတဲ့ အမေရိကန်သမ္မတ နစ်ဆင်တရုတ်ပြည် ကို အလည်လာတော့ အစိုးရက လူတွေကို လမ်းပေါ်မောင်းချပြီး ကြိုဆိုခိုင်းသည်။

ထိုစဉ်က စိတ်ဓါတ် အလွန်တက်နေတဲ့ တပ်နီလူငယ်၊ ခုတော့ ရင့်ကျက်နေပြီဖြစ်သည့် တရုတ်မ တယောက်က
ပြန်ပြောရာမှာ တချိန်လုံး ပစ်မှတ်အဖြစ် အသုံးပြုခဲ့ရသည့် နစ်ဆင်ကို အလံတွေကိုင်ပြီး ကြိုဆိုရတော့ စိတ်ထဲမှာ ဘဝင်မကျလိုက်တာတဲ့။ ဒါကလမ်းပေါ်က လူတဦး၊ ရန်စိတ် ပြင်းထန်နေသည့် တပ်နီ လူငယ်တဦး၏ အမြင်။
သို့သော် တိုင်းပြည်အုပ်ချုပ်နေရသည့် မော်နှင့် ချူအင်လိုင်းတို့ အမြင်ကျတော့ ဆိုဗီယက်ရုရှားတို့၏ ရန်ကမသေး။ ဝင်တိုက်ရင် ခုခံဖို့ ပြင်နေရပြီ။ ဘုံရန်သူကို ကစားဖို့ အမေရိကန် ဖဲကို လှည့်ကိုင်ရသည်။ လမ်းပေါ်က အမြင်၊တောင်ခြေက အမြင်အရ ‘မုန်း မုန်း မုန်း - တိုက် တိုက် တိုက်’ တိုက်ပေါ်က အမြင်၊ တောင်ထိပ်ကအမြင်က ရမ်းလို့မရ။ တိုင်းပြည်တာဝန်က ရှိသေးတာကိုး။


ဉာဏ်ချင်းမတူရင်လည်း အတွေးမတူပါ


ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ မော်က ပါတီဗဟိုကို အမြောက်နဲ့ ပစ်ပြီး အာဏာ ပြန်လုရတာကြောင့် ဉာဏ်
နည်းတဲ့၊ အာဏါမက်တဲ့ ၎င်း၏ဇနီးဟောင်း ချန်ချင်းနှင့်လေးဦးဂိုဏ်းကို အားထားခဲ့ရသည်။ တော်လှန်ရေးတွင် ပါခဲ့ကြသည့် တော်လှန်ရေး ရဲဘော်ဟောင်း အများစုသည် ချန်ချင်းတို့၏ ရမ်းကားမှု၊ နှိပ်စက်မှုကို ခံခဲ့ကြရသည်။

ဒီအချိန်တွင် ချူအင်လိုင်းသည် မော်ကို အမွှန်းတင်ထားသည့် စာအုပ်နီ ကလေးကို ဝေ့ကာရမ်းကာ တပ်နီများ
အကြိုက် လိုက်အော်ခဲ့ရရှာသည်။ တဘက်ကကြည့်သော် ချူအင်လိုင်း အာဏာရူးသည်။ ရာထူးမစွန့်နိုင်ဘူးဟု
ထင်စရာ ရှိသည်။ သို့သော် ချုအင်လိုင်းဘက်မှ ပြန်ကြည့်သော် ဒီလို ရပ်တည်နိုင်လို့ အပြစ်မရှိသည့်သူတွေ အများကြီးကို ကယ်တင်နိုင်ခဲ့သည်။ ပါတီ ဂျောက်ထဲမကျရန် ထိန်းနိုင်ခဲ့သည်။

လင်ပြောင်နှင့် ချန်ချင်းတို့ ဝန်ကြီးချုပ်ကို ပက်ပက်စက်စက် စော်ကားကြသည်။ ကမ္ဘာကျော် စာရေးဆရာမကြီး ဟန်ဆုရင်၏ အကြီးဆုံးသား (Eldest Son) ဆိုသည်ကို ဖတ်ကြည့်ကြပါ။ ချူအင်လိုင်း၏ တိုင်းပြည်အပေါ် ထားသည့် စေတနာနှင့် ခံစားမှုကို သိမြင်ကြရပါမည်။ သို့သော် ချူအင်လိုင်းသည် တိုင်းပြည်အကျိုးအတွက် ပုဂ္ဂိုလ်ရေး စော်ကားမှုတွေကို လျစ်လျူရှုနိုင်ခဲ့သည်။

ဒေါ်စုလည်း ဒီပဲရင်းတွင် ၎င်းရဲ့ အသက်ကို ထိပါးရုံမက လူရင်းတွေ သေကုန်ကြ၊ စိတ်ခံစားမှု မရှိဘဲနေပါ့မလား။ တယောက်တည်း အံကြိတ်ပြီး ခံစားခဲ့ရတာတွေ ရှိနိုင်သည်။ ဒါပေမဲ့ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီးတိုင်းပြည် အတွက် အဖြေရှာကြရန် အပြုံးမပျက် ဖိတ်ခေါ်လျက်ပင်။ ဒါပြည်သူ့ခေါင်းဆောင် စစ်စစ်ဆိုသည်ကို သက်သေ ထူ လိုက်ခြင်းပင်။

ချူအင်လိုင်းနဲ့ တိန့်ရှောက်ပိန်တို့တောင် မတူကြဘူး

မော်က သူမသေခင်တွင် legacy သမိုင်း အတွက် ယဉ်ကျေးမှုတော်လှန်ရေး မှန်သည်ဟု ပါတီလိုင်းချပေးသည်။ တိန်ကခေါင်းမာသည်။ ချူအင်လိုင်း သေကာနီးတွင် မင်းသဘောတူသလားဟု တိန်ကိုမေး၏။ တိန်က “NEVER” လို့ဖြေရာ၊ ချူအင်လိုင်းက အေးအခုမှငါ အေးအေးဆေးဆေး သေနိုင်ပြီလို့ပြန်ဖြေသည်တဲ့။

တရုတ်ပြည် စီးပွားရေး အောင်မြင်မှုအတွက် တိန်ရှောက်ပိန်သည် နံမည်ကျော်ခဲ့သော်လည်း တကယ်က Four Modernization Programs ခေတ်မှီတိုးတက်မှု အစီအစဉ် လေးရပ်က စတာပါ။ ချူအင်လိုင်း၏ ကျေးဇူးတွေပါ။ ချူအင်လိုင်းသာ အတွင်းက တင်းမခံထားသော် တော်လှန်ရေးရဲဘော် ဟောင်းကြီးများ ကျန်မည်မဟုတ်။ ချန်ချင်း
တို့ ရမ်းတာနှင့် အားလုံးသေကုန်ကြမည်။ ချူအင်လိုင်းသေပြီး မော်သေတော့ တော်လှန် ရေးသမားကြီးများကြောင့် တိန်ရှောက်ပိန် ပြန်အာဏါထူထောင်နိုင်ခဲ့သည်။

အပေါ်ယံအဖြစ်ပျက်ကိုကြည့်ပြီး တွေးလျှင် ချူအင်လိုင်းလိုလူမျိုးသည် သစ္စာဖေါက်။ အတွေးနက်သူတွေ အတွက်ချူအင်လိုင်းလို လူမျိုးသည် သူရဲကောင်း။


တစ်လမ်းသွားများ၏ တောင်းဆိုချက်

စစ်အစိုးရ အလိုမရှိ၊ သိန်းစိန်အစိုးရ ဒီမိုကရေစီအတု၊ တမတ်သားလွှတ်တော် ခုချက်ချင်းဖျက်၊ ကြားဖြတ် အစိုးရ
ထောင်ပေး စသည့် ခံစားချက်နှင့် ပြည့်လွှမ်းနေသည့်တောင်းဆို ချက်ကိုတောင်းရင်း ကျနော်တို့ပတ်ဝန်းကျင်တွင် တလမ်းသွားအတွေး ဝင်္ကဘာက မထွက်နိုင်တတ်တာဖြစ်လေ့ရှိသည်။ မိမိဆန္ဒ မိမိဖြစ်လိုမှု တွေချည်း။ ဖြစ်နိုင်/ မဖြစ်နိုင် စဉ်းစားဖို့ မေ့လျော့သွားတာဖြစ်တတ်ကြသည်။


မီးလျှံ ဘယ်လွှတ်မယ်မှန်း မသိရတဲ့ တရုတ်နဂါး နိုးထလာခြင်း

၁၉၈၈၊ ၈၉ ခုနှစ်အတွင်း တရုတ်ကြီးက စစ်အစိုးရ၏ ထွက်ပေါက်။ အနှစ် (၂ဝ) ကြာတော့ မြန်မာပြည်က တရုတ်ကြီး အတွက် ထွက်ပေါက် ဖြစ်လာရပြီ။ ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းကို တရုတ်က ဆောက်ပေးခဲ့ပြီး အခု ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်း၊ ကားလမ်း၊ နောက် အမြန်ရထားလမ်း ပါလာတော့မည်။

စစ်ဖြစ်ခဲ့သော် မြန်မာပြည်သည် ရှေ့တန်းစခန်း လာဖြစ်စရာ ရှိသည်။ တရုတ်လောင်စာ လုံခြုံရေးအတွက်
မြန်မာနိုင်ငံ၏ ပထဝီအနေအထားမှာ မဟာဗျူဟာမြောက် အရေးပါလာနေပါပြီ။

စီးပွားရေးအရလည်း တောင်အာရှဒေသ အချို့နှင့် သန်း ၆ဝဝ ရှိသည့် အာဆီယံ ဈေးကွက်ကို လွှမ်းမိုးရန် (မြန်မာပြည်လုပ်) တံဆိပ်ကပ်ပြီး ရောင်းဖို့ပင်။ တရုတ်ပိုက်ဆံ တရုတ် အတတ်ပညာ၊ တရုတ်ပညာရှင်နှင့် တရုတ်စက်ရုံများ မြန်မာပြည်တွင်တည်ထောင်။ မြန်မာပြည်လုပ်ဆိုလျှင် အာစီယံ လွပ်လပ်စွာ ရောင်းဝယ်ခွင့်
စာချုပ် (AFTA) အရ အာစီယံဈေးကွက်တွင်ရောင်း။

တောင်အာရှဟုခေါ်သည့် သန်း ၁,ဝဝဝ ကျော်သည့် အိန္ဒိယ ၊ သီဟိုဋ္ဌ် တို့၏ဈေးကွက်များကိုလည်း ဟိုးအရင်က ကုန်ကူးခဲ့ကြသည့် (ပိုးလမ်းမကြီး) “Silk Road” ကတဆင့် ပြန်ဖြန့်။ မြန်မာနိုင်ငံသည် အမည်မခံသည့် ရှေ့တန်း တရုတ်ပြည်နယ် Proxy Province၊ ဖြစ်သွားနိုင်သည်။ လူဦးရေကြီးမားသည့် ဟန်တရုတ်တွေသည် တိဘက်၊ ဆင်ကျင်းပြည်နယ်တွင်ပါ စီးပွားရေး ထူထောင်ရန် လှိမ့်ဆင်းလာကြသလိုမျိုး မြန်မာပြည် ဖြစ်လာခဲ့သည် ရှိသော်။

...

28 September, 2011

Education (ပညာရေး) ကိုမိုးဇွန်ရဲ့ ဟောပြောချက်

အရေးပါသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ




အရေးပါသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ
အရပ်သား တစ်ဝက်ပါသော အစိုးရသစ်သို့ အသွင်ကူးပြောင်းရေး ခြောက်လကြာပြီးနောက် မြန်မာနိုင်ငံတွင် အဓိက
ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ခုနှစ် မတ်လတွင် ၎င်း၏ အဖွင့် မိန့်ခွန်းတွင်
ပြောကြားခဲ့သည့် ရည်ရွယ်ချက် ကြီးမားသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို လျှင်မြန်စွာ စတင်
အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။ အစိုးရဟောင်းကို နှစ်ရှည်လများ ဝေဖန်ခဲ့သူများ အားလည်း
အမြင်မတူသည်များ ဘေးဖယ်၍ တိုင်းပြည် ကောင်းကျိုးအတွက် အတူလက်တွဲ အလုပ်လုပ်ရန် အဆိုပြုပြီး
လက်လှမ်းမီအောင် ကြိုးစားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ထိုအခွင့် အရေးကို အရယူပြီး နေပြည်တော်တွင်
ခေါင်းဆောင်သစ်နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက် သမ္မတသည် တကယ့် အပေါင်း လက္ခဏာ ဆောင်သော
ပြောင်းလဲမှုကို လိုချင်ကြောင်း သူမက ပြောပါသည်။ အရှေ့တောင် အာရှ အသင်းကြီးကလည်း မြန်မာနိုင်ငံသည်
လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဟု ယုံကြည်ပြီး၊ မကြာမီ် ၂၀၁၄ တွင် အဖွဲ့ကြီး၏ ဥက္ကဌ နေရာကို မြန်မာနိုင်ငံအား
ပေးအပ်ရေး အတွက် ဆွေးနွေး ကြမည် ဖြစ်ပါသည်။ ထိုအချက်သည် ပြည်တွင်းရှိ ပြုပြင်ပြောင်းလဲရေး ဝါဒီများကို
စွမ်းအားများ ဖြစ်စေပြီး ၎င်းတို့ တိုက်တွန်းထားသော နိုင်ငံရေးနှင့် စီးပွားရေး ပြန်လည် တည်ဆောက်ရေးကို
လုပ်ဆောင်ရန် အချိန် သတ်မှတ် ပေးလိုက် သကဲ့သို့ ရှိနေပါသည်။ ယခုလို အချိန် မျိုးတွင် အနောက်နိုင်ငံ မူဝါဒ ချမှတ်
သူများသည် တိုးတက် လာသော အခြေ အနေ အပေါ် တုန့်ပြန် ခြေလှမ်း လှမ်းသင့် ပါသည်။ နိုင်ငံရေး
အကျဉ်းသားများအား လွှတ်ခဲ့ပါက အဓိက ခြေလှမ်း များဖြင့် တုန့်ပြန်ရန် ပြင်ဆင် ထားသင့် ပါသည်။
သြဂုတ်လ (၁၉)ရက်နေ့ မိန့်ခွန်းတွင် သမ္မတသည် ၎င်း၏ အမြင်ကို ရှင်းရှင်း လင်းလင်း ပြောကြား ခဲ့ရာ ၎င်း၏
ရည်မှန်းချက်မှာ နိုင်ငံကို ခေတ်မီ၍ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံ တည် ဆောက်ရန် ဖြစ်သည်ဟု ဆိုပါသည်။
ထိုသို့ တည်ဆောက်ရန် အတွက် မည်သည့် ခြေလှမ်းများ လှမ်းရမည် ဆိုသည်ကို လွန်ခဲ့သော (၆) လက ၎င်း၏
ရိုးသားပြီး လတ်ဆတ်သော အဖွင့် မိန့်ခွန်း တွင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ အချို့ စောင့်ကြည့် လေ့လာသူများက
အဆိုပါ မိန့်ခွန်းကို ‘အပြော’ သာ ဖြစ်ကြောင်း ပြောဆိုပြီး လက်မခံ ခဲ့ပေ။ သို့သော် နှစ်ပေါင်း များစွာ နိုင်ငံရေး အရ
လည်းကောင်း၊ စီးပွားရေး အရ လည်းကောင်း၊ တိုးတက်မှု မရှိဘဲ တန့်နေခြင်းထက် စာလျှင် များစွာ အဓိပ္ပါယ် ရှိပါသည်။
နှစ်ပေါင်း (၅၀)ခန့် အာဏာရှင် အုပ်ချုပ်ရေး စနစ် ပြီးနောက်၊ ယခု အစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ခေါင်းဆောင်မှု
ပုံစံသစ် ဖြစ်ပြီး၊ လုံးဝ ခြားနားသော အုပ်ချုပ်မှု ဆက်တင် အသစ် ဖြစ်ပါသည်။ ယခင်လ အနည်းငယ်က လုံးဝ
မတွေးဝံ့ခဲ့သော ဆွေးနွေးမှု များနှင့် အစပြု လုပ်ဆောင်မှုများကို ခွင့်ပြု လာခဲ့သည်ကို တွေ့ရပါသည်။
သမ္မတကြီး ပြောခဲ့သော စကားများကို ယခုအခါ လက်တွေ့ လုပ်ဆောင် နေပြီ ဖြစ်ပါသည်။ ပြီးခဲ့သော ရက်သတ္တပတ်
များအတွင်း သမ္မတ၏ ပြုပြင် ပြောင်းလဲရေး အစီအစဉ် အတွက် အကောင် အထည် ဖော်ရန် ခိုင်မာသော ခြေလှမ်းများ
စတင်ခဲ့ရာ၊ ရည်ရွယ် ချက်များ ဖြစ်သော စီးပွားရေး အတွက် အင်အား သစ်များ ပေးရန်၊ အမျိုးသား နိုင်ငံရေးကို ပြုပြင်
ပြောင်းလဲရန်နှင့် လူ့အခွင့်အရေး အခြေ အနေများ တိုးတက်ရန်များ ပါဝင်ပါသည်။ တိုင်းပြည်တွင် အခြေခံ ကျသော
ပြောင်းလဲမှုများ ဖော်ဆောင်ရန် နိုင်ငံရေးနှင့် ပတ်သက်မှုမှာ ရှိနေ လိမ့်မည် ဆိုသည်မှာ ထင်ရှားပါသည်။ ထိုသို့သော
ခက်ခဲသော ကြိုးပမ်း မှုများ၏ အောင်မြင်မှုသည် ဆုံးဖြတ်ချက် ခိုင်မာသော ခေါင်းဆောင်ထက် ပိုမို လိုအပ် ပါသည်။
ယခင် မပြောင်းလဲ နိုင်သော အခြေအနေဟောင်း (Status quo) တွင် အသာစီး ရနေသူများ၏ ခုခံ ဆန့်ကျင် မှုကိုလည်း
မျှော်လင့် ထားရမည် ဖြစ်ပါသည်။ ဆယ်စုနှစ် များစွာ အထီးကျန် ဖြစ်ပြီး အာဏာရှင် စနစ် လက်အောက်မှ ရုန်းထွက်
လာရသော နိုင်ငံ တစ်နိုင်ငံ အနေဖြင့် နည်းပညာ အရ၊ အဖွဲ့ အစည်းများ ဆိုင်ရာ စွမ်းဆောင်မှု အားနည်းမှု များသည်
Myanmar: Major Reform Underway
Crisis Group Asia Briefing N°127, 27 September 2011 Page 2
ကြီးမားသော အကန့်အသတ်များ ဖြစ်နေပါသည်။ ထို့ကြောင့် အနောက် နိုင်ငံများမှ အကြံဥာဏ်များနှင့် နိုင်ငံစုံ
အဖွဲ့အစည်းများ၏ အကူအညီများကို နေရာတကျ ဖြည့်ဆည်းပေးရန် အလျင် အမြန် လိုအပ်နေခြင်းကြောင့် ခွင့်ပြု
ကြရလိမ့်မည် ဖြစ်ပါသည်။
အချို့ စောင့်ကြည့် လေ့လာသူများ သတိထားကြရန် တိုက်တွန်း နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် မည်မျှ ပြောင်းလဲခဲ့ပြီ
ဆိုသည်ကို အာရုံ မပြုဘဲ၊ မပြောင်းလဲဘဲ ကျန်နေသည် များကိုသာ လက်ညှိုးထိုး လျက် ရှိပါသည်။ သေချာအောင်
ပြောရလျှင် အောင်မြင်သော ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များသည်၊ အာမခံခြင်းနှင့် သီးခြားစီ ဖြစ်သည် ဆိုသည်ပင်
ဖြစ်ပါသည်။ အခြေခံကျသော ခြေလှမ်းများ လှမ်းရန် လိုနေပါသေးသည်။ တိုင်းရင်းသားများအား ခွဲခြားထားခြင်းကို
ကုစားရန်၊ ဆယ်စုနှစ် များစွာ ကြာနေသော လက်နက်ကိုင် ပဋိပက္ခများ၏ အမွေဆိုးများ ကျော်လွှားရန်၊ စစ်တပ်၏
သွေးထွက်သံယို နှိပ်စက်မှုများ အပေါ် လက်ရှိ စွပ်စွဲ ထားမှုများကို ဖြေရှင်းရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊
အခြေခံ အရပ်သား ရပိုင်ခွင့်များ ပြန်လည် ရရှိရန်နှင့် မီဒီယာ ဆင်ဆာများ ရှေ့ဆက်၍ ဖြေလျော့ရန်များ ဖြစ်ပါသည်။
အနောက် နိုင်ငံများက မြန်မာနိုင်ငံမှ အပေါင်း လက္ခဏာ ဆောင်သော တိုးတက် မှုများကို တုန့်ပြန်ရန် အသင့် ရှိကြောင်း
အချက် ပြခဲ့ပြီး ဖြစ်ပါသည်။ အနည်းဆုံးတော့ဖြင့် ၎င်းတို့သည် အနည်းငယ် မပြင်းထန်သော နိုင်ငံရေး အရ
ရပ်တည်မှုတော့ ရှိသင့် ပါသည်။ နိုင်ငံတကာ ငွေကြေး အဖွဲ့ များနှင့် UNDP ကဲ့သို့သော နိုင်ငံစုံ အေဂျင်စီများကို ၎င်းတို့
လက်ရှိ လုပ်ပိုင်ခွင့် အတွင်းမှာပင် ဖြစ်နိုင်သမျှ လုပ်ဆောင် နိုင်ရန် အားပေး ကြရမည် ဖြစ်ပါသည်။ ထိုနည်း တူစွာပင်
အီးယူ အဖွဲ့ဝင် များသည် မြန်မာနိုင်ငံ အပေါ် သတိ ကြီးစွာ ထားခြင်းထက် စာလျှင် အီးယူ ကောင်စီ၏ မြန်မာနိုင်ငံ
အပေါ် ချမှတ် ထားသော ဆုံးဖြတ်ချက်များ အပေါ်တွင် အမြင်ကျယ်ကျယ် အဓိပ္ပါယ် ဖွင့်ဆိုရန် ထောက်ခံ ကူညီသင့်လှ
ပေသည်။ နေပြည်တော် ကလည်း လမ်းကြောင်းသစ်ကို သွားနေသည် ဖြစ်ရာ၊ အထက်က ဆိုခဲ့သော နိုင်ငံရေး ခြေလှမ်း
လေးများသည် ယခု လုပ်ဆောင်နေသော ပြုပြင် ပြောင်းလဲရေးများ ဟန်ချက် ညီရန် ပံ့ပိုး ပေးသလို ဖြစ်ပေသည်။
အနောက် နိုင်ငံမှ အများစုက အဓိက စံအဖြစ် သတ်မှတ် ထားမှုများ မကြာမီ လုပ်ဆောင် နိုင်တော့မည် ဆိုသော
ပြဆိုမှုများ ရှိနေပြီ ဖြစ်ပါသည်။ ဥပမာ အားဖြင့် အောက်လွှတ်တော်တွင် အတိုက် အခံ၏ တင်ပြချက် ဖြစ်သော
သမ္မတအား နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပြုရေး တင်ပြရန် အဆိုကို တပ်မတော်သား အမတ်များက
ထောက်ခံ ခဲ့ခြင်းများ ဖြစ်ပါသည်။ ထိုသို့ အံ့သြဖွယ် မူဝါဒများ ပြောင်းလဲမှုများ နည်းတူ ယခင်က အရေးယူ ပိတ်ဆို့မှု
ပြုခဲ့သူ များကလည်း မူဝါဒ ပြောင်းလဲရန် လိုအပ်ပါသည်။ ထိုသို့ ပြောင်းလဲရန် မပြုလုပ် နိုင်ခြင်း သို့မဟုတ် ယခင်
တောင်းဆိုမှု အဟောင်းများ နေရာတွင် အသစ်များနှင့် အစားထိုး ပြောင်းလဲမှု မပြုနိုင်ခဲ့လျှင်၊ မူဝါဒများ၏ စွမ်းအား
လျော့နည်း သွားစေမည် ဖြစ်ပြီး၊ အနောက် နိုင်ငံတွင် ရှိသော အားနည်းသော သြဇာ လွှမ်းမိုးမှုကို ပိုမို အားနည်း
သွားစေမည် ဖြစ်ပါသည်။ တိုင်းသူ ပြည်သားများကို အကျိုးရှိစေမည့် ပြည်တွင်းရှိ လူ့အခွင့် အရေးနှင့် စီးပွားရေး ပြုပြင်
ပြောင်းလဲ မှုများကို နိုင်ငံတကာ အသိုင်း အဝိုင်း အနေဖြင့် အသိ အမှတ် ပြုပြီး ထောက်ခံ သင့်လှ ပေသည်။
Crisis Group အနေဖြင့် မြန်မာနုငိငံ အပေါ် ချမှတ် ထားသော အရေးယူ ပိတ်ဆို့ မှုများသည် ပစ်မှတ် ထားသည် ဖြစ်စေ၊
ပစ်မှတ် မထားသည် ဖြစ်စေ၊ ရလဒ် မရှိကြောင်း ယခင် ကတည်းက ရှုမြင် ခဲ့ပြီး ခေါင်းဆောင်များ ကြားတွင် ရန်သူများ
ဝိုင်းနေ၍ မိမိ ကိုယ်ကို ကာကွယ် ရမည် ဆိုသော စိတ်ဓာတ် မျိုးကိုသာ ဖြစ်စေပြီး၊ ဆင်းရဲသော လူများအား ထိခိုက်
ပါသည်။ ပြောင်းလဲမှု အရှိန် ကောင်းလာလေလေ၊ အရေးယူ ပိတ်ဆို့မှုများ ဆက်ထားရန် သို့မဟုတ် ထပ်တိုးရန်
အကြောင်းပြချက်များ အားနည်း လာလေလေ ဖြစ်ပေမည်။
စစ်တပ်သည် သူပုန်ထ မှုများကို သွေးထွက် သံယို နှိမ်နင်းရန် မဟာဗျူဟာကို ဆက်လက် ကိုင်စွဲ ထားကြောင်း
လုံလောက်သော အထောက် အထားများ ရှိနေပြီး၊ ပြည်တွင်းတွင် တာဝန်ယူ လုပ်ဆောင် နိုင်မှု မရှိ မခြင်း၊ နိုင်ငံတကာ
ကော်မရှင် ဖွဲ့စည်းရန် တောင်းဆို နေမှုများ ရှိနေဦးမည်သာ ဖြစ်ပေသည်။ သို့သော် မရှင်းလင်းသော အချက်မှာ၊
နိုင်ငံတကာ ကော်မရှင် တစ်ခုကို ဖွဲ့စည်း နိုင်ခဲ့သည် ထားဦး၊ ထိုအဖွဲ့သည် ထိုစဉ်က ကျူးလွန် ခဲ့မှုများကို ထိရောက်စွာ
Myanmar: Major Reform Underway
Crisis Group Asia Briefing N°127, 27 September 2011 Page 3
အရေးယူ နိုင်သော နည်းလမ်း တစ်ခု ပေလော၊ သို့မဟုတ် ထိုအဖွဲ့ကြောင့် နေပြည်တော်တွင် ပြုပြင် ပြောင်းလဲမှု
လုပ်ငန်းစဉ်များ လျှော့ချ လိုက်ခြင်းကို ဖြစ်စေ မည်လောဟု မေးရတော့မည် သာဖြစ်ပေသည်။

22 September, 2011

ဒီကနေ့ အမေရိကန် နယူးယောက်မြို့မှာတိုက်ရိုက်ထုတ်လွှင့်ကျင်းပသွားခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative (CGI) ရဲ့ နှစ်ပတ်လည် အစည်းအဝေး

ဒီကနေ့ အမေရိကန် နယူးယောက်မြို့မှာတိုက်ရိုက်ထုတ်လွှင့်ကျင်းပသွားခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative (CGI) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးအပါအ၀င် အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန်နဲ့အတူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်အမေးအဖြေစကားပြောခဲ့ပါတယ်.ဒါကိုနားထောင်ချင်သူများအတွက် လင့်ပါ
http://www.dawnmanhon.com/2011/09/live.html

21 September, 2011

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းများ တွေ့ဆုံခဲ့


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အလွှာအသီးသီးမှ တာဝန်ရှိသူအားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း အားလုံး လက်ခံထားကြပြီ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် ပတ်ဝန်းကျင်ကောင်း တစ်ခုရှိမှ ဖြစ်တည်နိုင်မည် ဖြစ်သည်မှာလည်း မလွဲဧကန်ပင်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ တွေ့ဆုံသည့် အခမ်းအနား အစီအစဉ် တစ်ရပ်ကို (၂ဝ၁၁)၊ မေ(၂၃)၊ နံနက်(၉း၃ဝ)နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အပြည်ပြည် ဆိုင်ရာ စီးပွားရေး လုပ်ငန်းဗဟိုဌာန (IBC) ခန်းမ၌ကျင်းပခဲ့ သည်။ အခမ်းအနားသို့ ကော်မတီဥက္ကဋ္ဌ (သစ်တော ရေးရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးအရအဖွဲ့ ဝန်ကြီးချုပ်နှင့် NGO အဖွဲ့အစည်းများ၊ စာပေပညာရှင်များ၊ စာနယ်ဇင်း မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကော်မတီ ဥက္ကဋ္ဌ သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့မှ အမှာစကား ပြောကြားခြင်း အပြင် တက်ရောက် လာကြသော ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အမြင်များဖလှယ်ခြင်း၊ လိုအပ်သည်များကို တင်ပြခြင်း အစရှိသဖြင့် ပွင့်လင်းစွာ ကျင်းပခဲ့ကြသော အခမ်းအနား တစ်ရပ်ဖြစ်ကြောင်း တွေ့ရသည်။ ယင်းအခမ်းအနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင်

'သစ်ပင်သစ်တောများကို လောင်စာအဖြစ် အသုံးပြုခြင်းတို့ကြောင့် သစ်တောပြုန်းတီးခြင်း ဇီတမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေဝေရေလဲဒေသများတွင် ရွှေ၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရာတွင် စနစ်တကျမဆောင် ရွက်မှုကြောင့် သစ်တောပျက်စီးခြင်း၊ မြစ်ချောင်းများ၏ ရေအရည်အသွေး ထိခိုက်လာခြင်း၊ ရေနေအပင်နှင့်သတ္တဝါ များထိခိုက်ခြင်း၊ ငါး သယံဇာတလျော့နည်း၍ နုံးပို့ချမှုများခြင်း၊ ရွှေသန့်စင်ထုတ်လုပ်ရာတွင် Arsenic နှင့် Mercury တို့ကြောင့် လူနှင့်တိရိစ္ဆာန်များအပေါ် အဆိပ်သင့်ခြင်း အစရှိသည့် လူ့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရသော အဝေးပြေး လမ်းမကြီးများ၊ ဆိပ်ကမ်းများ၊ ဆည်တမံများ၊ မြို့ပြ လူနေအဆောက်အဦများ တိုးချဲ့ခြင်း၊ စက်မှုဇုန်များကြောင့်၊ လေ၊ ရေ၊ မြေညစ်ညမ်းမှုနှင့် လူဦးရေများပြားမှုကြောင့် ဖြစ်ပေါ်လာ သော စွန့်ပစ်အမှိုက်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းစသည်တို့ကြောင့် ပတ် ဝန်းကျင်ထိခိုက်မှု နည်းပါးရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းစနစ်ကောင်းများကို ပြည်သူလူထု၊ြွဥ များ၊ အစိုးရဌာနအသီးသီးစသော Stake Holder များအားလုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ၁၉၉၄ ခုနှစ်တွင် မဟာဗျူဟာမြောက် အစီအမံများပါဝင်သော Myanmar Agenda 21 ကိုထုတ်ပြန်ခဲ့ပြီး National Sustainable Development Strategy NSDS ကိုလည်း ဝန်ကြီးဌာနအသီးသီး၊ Stake Holder အသီးသီးနှင့် ပူးပေါင်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ အာဆီယံနိုင်ငံအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လုပ်ငန်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်ရာ မြန်မာနိုင်ငံကလည်း တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၅)တွင် 'နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းချက်နှင့် အညီ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှလည်း ၂ဝ၁၁၊ မတ်(၃ဝ)၊ ပြည်ထောင်စု လွှတ်တော်၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ဟောပြော မိန့်ကြားခဲ့ကြောင်း

ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကောင်းများ ရရှိရန် အစိုးရဝန်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဝန်ကြီးဌာနများ၊ ပြည်တွင်းရှိ နယ်ပယ်အသီးသီးတွင် တာဝန် ထမ်းဆောင် နေကြသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူလူထုများ အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အဆင့်မှ ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်များ ကိုလည်း မည်သူမဆို အချိန်အခါမရွေး ဝေဖန်အကြံပေးမှုများကို ဝမ်းပန်းတသာ ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း၊ အစရှိသည်ဖြင့် ပြောကြားသွားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အနေအထားများကို ဦးစွာ သုံးသပ်ပြခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ကျေးရွာပိုင် စိုက်ခင်းထူထောင်ခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု အားကောင်းစေရန် နည်းပေါင်းစုံဖြင့် ပညာပေးစည်းရုံး ဆောင်ရွက်ရန် စီစဉ်ထားခြင်း၊ နှစ်စဉ် ပျိုးပင်ရှင်သန်မှု စာရင်းကောက်ယူခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ စီမံဆောင်ရွက်ရန် နည်းလမ်းကောင်းများ ထပ်မံရှာဖွေခြင်း စသည်တို့ကို ပြောကြားခဲ့ပြီး ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်နိုင်အားသည် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း၊ နိုင်ငံတော် ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် အထောက်အကူဖြစ်စေသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းများ၊ စာနယ်ဇင်းမှပုဂ္ဂိုလ်များ၊ NGO အဖွဲ့အစည်းများနှင့် ပြည်သူတစ်ဦးချင်းစီ ၏ ပူးပေါင်းလုပ်ဆောင်နိုင်မှုသည် အရေးကြီးလှကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

http://www.snapshot-news.com