Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

30 August, 2011

အာရှနေ၀န်းနီ ဆရာတော်ဦးဥတ္တမရဲ့ နယ်ချဲ့ဆန့်ကျင်ရေး မဟာဗျူဟာ အတွေးအမြင်များ အရှင်ခေမာစာရ (ရဟန်းပျိုသမဂ္ဂ)



စာရေးသူအနေနဲ့တော့ ဆရာတော်ဦးဥတ္တမကို မြင်ဖူးတွေ့ဖူးခြင်းကားမရှိပါ။ ဒါပေမယ့် ဆရာတော်ရဲ့ စာ၊ ဆရာတော်ရဲ့ စကား၊ ဆရာတော်ရဲ့ တရား၊ ဆရာတော်ရဲ့ စကား၊ ဆရာတော်ရဲ့ အကြောင်း၊ ဆရာတော်ရဲ့ လုပ်ဆောင်ချက်၊ ဆရာတော်ရဲ့ ဖြစ်စဉ် သမိုင်းတွေနဲ့ ပတ်သက်လို့ လေ့လာဖတ်ရှုမှတ်သားရင်း “ ဆရာတော်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး တော်လှန်ရေးမဟာဗျူဟာအတွေးအမြင်” တွေကိုတော့ သိခွင့်ရပြီး တအံ့တသြဖြစ်ခဲ့မိတာကတော့ အမှန်ပါပဲ။
ဆရာတော်ဦးဥတ္တမ ဆန့်ကျင်တော်လှန်ခဲ့ရတဲ့ “နယ်ချဲ့” ဆိုတာ သေးသေးမွှားမွှားပါးပါးကလေးမဟုတ်ဘူး။ “နေမ၀င်အင်ပါယာပိုင် ရှင်” လို့ တင်စားခံရတဲ့ ကမ္ဘာပတ်ပြီးအုပ်ချုပ်နေတဲ့ အင်္ဂလိပ်တွေဖြစ်တယ်။ အဲဒီအင်္ဂလိပ်တွေဟာ ဆရာတော်ဦးဥတ္တမ မရှိခင်ကပင် ကမ္ဘာ ကြီးကိုပတ်ပြီး အုပ်ချုပ်နေပြီ။ အာရှတိုက်၊ အာဖရိကတိုက်၊ သြစတေးလျတိုက်၊ အမေရိကတိုက်နဲ့ နယူးဇီလန်ကျွန်းတွေကို စီးထားနေပြီ၊ ဘယ်တိုက် ဘယ်မြေမှ မကျန်ဘူး၊ မလွတ်ဘူး။ အင်္ဂလိပ်ကိုလိုနီတွေဖြစ်နေတာကို တွေ့ရမှာဖြစ်တယ်။ ဥရောပလိုနေရာမျိုးမှာတောင် ဧရာမ စစ်ပွဲကြီးတွေ ဆင်နွှဲနေပြီ။ ထိုးစစ်၊ ခုခံစစ် စစ်ပွဲတွေ အတော်ကလေးပြင်းထန်နေတာတွေ့ရမယ်။ 1993 ခု ဂျာမနီကိုရောက်တော့ ဂျာမန်နဲ့ အင်္ဂလိပ်တိုက်ပွဲဖြစ်ပွားရာ “ရိုင်းမြစ်” ကို ဖြတ်ထိုးထားတဲ့ တံတားတခုဆီကို ရောက်ဖြစ်ပါတယ်။ လိုက်ပို့ပေးတဲ့ ဂျာမန်က “ဒီနေရာမှာ အ သေအလဲဆော်ခဲ့ကြတာပေါ့” ဆိုပြီး ပြောပြလို့ သိခဲ့ရတယ်။ တံတားတခုလုံး သုံးစားမရအောင် ကျေမွနေတယ်။ ဂျာမန်တွေ စစ်ရှုံးခဲ့ပြီး အင်္ဂလိပ်နဲ့ မဟာမိတ်တွေရဲ့ အုပ်ချုပ်မှုအောက် ရောက်ခဲ့ရတယ်။ ဆိုလိုတာကတော့ အင်္ဂလိပ်တွေဟာ ဥရောပသားအချင်းချင်းတောင် မချန် ဘူး၊ မညှာဘူး၊ ကိုလိုနီလုပ်ပစ်လိုက်တယ်။
ပြီးတော့ ဧရာမကြီးမားတဲ့ အိန္ဒိယတို့ တရုတ်တို့ကိုလည်း စိတ်ကြိုက်အုပ်ချုပ်ထားနိုင်သလို သြစတေးလျတိုက်၊ နယူးဇီလန်၊ အမေရိက၊ ကနေဒါတို့ကိုလည်း ၀င်ရောက်ခြယ်လှယ်စိုးမိုးထားတဲ့ နိုင်ငံတခုပါ၊ ဒီနေ့ နိုင်ငံလို့ ဖြစ်နေကြ၊ ခေါ်နေကြရတဲ့ တချိန်က အင်္ဂလိပ် အုပ်ချုပ်ခံနယ်မြေတွေဟာ အရေအတွက်အားဖြင့် မနည်းဘူး။ ဓနသဟာယဆိုတာတောင် နိုင်ငံပေါင်း (40) ကျော်တယ်။ မနည်းဘူး။ ဗြိတိန် ဘုရင်မသြဇာခံနိုင်ငံဆိုတာလဲ ရှိသေးတယ်။ ဒါကြောင့်မို့လို့ အုပ်ချုပ်ခံနယ်မြေများလို့ ကမ္ဘာတပတ်ရှိနေလို့ “နေမ၀င်အင်ပါယာပိုင်ရှင်” လို့ အင်္ဂလိပ်တွေကို ခေါ်နေရတာဖြစ်တယ်။ ဒါဟာ ဆရာတော်ဦးဥတ္တမ တော်လှန်ဆန့်ကျင်ခဲ့ရတဲ့ အင်္ဂလိပ်အကြောင်း နည်းနည်းကလေးပါပဲ။
ဒီလို နေမ၀င်အင်ပါယာပိုင်ရှင် အင်္ဂလိပ်တွေကို ဆန့်ကျင်တော်လှန်ဖို့ဆိုတာ လွယ်ပါ့မလား။ ခေါင်းပေါက်အောင်စဉ်းစားတောင် အဖြေထွက်ပါ့မလား။ ဆရာတော်တို့ခေတ်က ပြောတဲ့စကားနဲ့ပြောရရင် “အင်္ဂလိပ်အရှင်သခင်တွေကို တော်လှန်ဆန့်ကျင်မယ်ဆိုရင် ကိုယ့် သေတွင်း ကိုယ်တူးတာပဲ” ဆိုတဲ့စကားအတိုင်းပါပဲ မလွယ်ဘူး။
နောက်ပြီး ပညာရေးကိုလည်း ထိန်းချုပ်ထားတယ်။ ပညာမရှိတော့ ထူနေအောင် “အ” နေအောင်ပေါ့။ ပညာမရှိတော့ “တော်လှန် ရေး” ဆိုတာ မရှိနိုင်တော့ဘူးပေါ့။
ဆရာတော်ဦးဥတ္တမဟာ ရခိုင်လူမျိုးဖြစ်တဲ့အတွက် “အင်္ဂလိပ်အုပ်ချုပ်ခံ ကိုလိုနီဖြစ်တယ်” ၊ “အင်္ဂလိပ်ကျွန်ဖြစ်တယ်” ။ ”ရခိုင်လူမျိုး” ဆိုတာ ဟိုးရှေးရှေးက ကျောက်ခေတ်အခါကပင် မြို့ပြယဉ်ကျေးမှုအဆင့် ရှိခဲ့ပြီး နှစ်ပေါင်း 5000 (ငါးထောင်) ကျော် ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်နိုင်ငံနဲ့နေလာခဲ့တယ်ဆိုတာ မငြင်းနိုင်ဘူး။ အင်္ဂလိပ်၊ ရုရှတွေနဲ့ ယဉ်ကျေးမှုစင်ပြိုင်ဖြစ်ခဲ့သလို စီးပွားရေးလည်း ပြိုင်ခဲ့ ကြတဲ့ လူမျိုးတွေပါ။ ဒွါရာဝတီခေတ်၊ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်ဆိုပြီး ပဒေသရာဇ်ခေတ်အဆက်ဆက်မှာ စစ်အင်အား ကောင်းခဲ့တော့ ဥရောပသားတွေ မတိုးနိုင်ခဲ့ဘူး။
ဒါပေမယ့် 1784 ခုနှစ် နောက်ပိုင်းလောက်မှာတော့ ရခိုင်တွေဟာ “အကျခေတ်” ရောက်သွားပြီလို့ ပြောနိုင်တယ်။ ပဒေသရာဇ်ခေတ် မှ ပြည်သူ့အစိုးရပြောင်းဖို့ကြိုးစားရာက ခြေချော်လက်ချော်ဖြစ်ခဲ့ရပြီး နိုင်ငံကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ခဲ့ရတယ်လို့ သုံးသပ်နိုင်ပါတယ်။ အဲဒီ ခေတ်ဟာ အမေရိကန်တို့အစပျိုးတဲ့အချိန်၊ သမ္မတစနစ်ထူထောင်စ သမ္မတ၀ါရှင်တန်ခေတ် ဖြစ်တယ်။ ရခိုင်တို့ရဲ့နောက်ဆုံးဘုရင်ကတော့ “မဟာသမ္မတရာဇာ” ဖြစ်တယ်။
ရခိုင်တွေဟာ ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံတော်ရဲ့အခြေအနေကို တည့်မတ်ဖို့ကြိုးစားရာက အိန္ဒိယမှာ ရောက်နေပြီဖြစ်တဲ့ ဥရောပ သား အင်္ဂလိပ်တွေနဲ့ ပေါင်းမိသွားတာပါ။ ခရာဇ်သက္ကရာဇ် 1750 ခုနှစ် ၀န်းကျင်လောက်မှာ ဖြစ်တယ်။ ရခိုင်တွေဟာ ဥရောပသား အင်္ဂလိပ် တွေကို အထင်ကြီးလို့ပေါင်းခဲ့တာမဟုတ်ဘူး။ လုံးဝအထင်မကြီးဘူး။ ရခိုင်တွေ အပူတပြင်းလိုအပ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး ကိစ္စတွေကြောင့် သာ အင်္ဂလိပ်တွေကို ပေါင်းခဲ့ရတာဖြစ်တယ်။ အဲဒီလိုပေါင်းခဲ့ရပေမယ့် ရခိုင်တွေက သတိရှိတယ်။ ကတိက၀တ်စာချုပ်စာတန်းတွေနဲ့ ပေါင်း တာ ပြုတာကြည့်တော့ အတော်ကလေးသတိထားပုံရတယ်။ အစပိုင်းကတော့ ရခိုင်တွေယုံကြည်လာအောင် ရခိုင်တွေလိုအပ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အထောက်အကူတွေ အင်္ဂလိပ်ကပေးတယ်။ နောက်ပိုင်းတော့ မဟာမိတ်ကောင်းစိတ်ဓါတ် မပြသတော့ဘူး။ ကိုလိုနီဇာတိ ရုပ်ပုံလွှာ တဖြည်းဖြည်းချင်းပေါ်လာတာကို တွေ့ရတယ်။ ရခိုင်မင်းညီမင်းသားတွေက မူမမှန်တော့တဲ့ အင်္ဂလိပ်အခြေအနေကိုသိလာတော့ အင်္ဂလိပ် ကိုတိုက်ဖို့ပြင်လာတာကို တွေ့ရတယ်။
ဒါပေမေယ့် ရခိုင်တွေဘက်မှာ နိုင်ငံရေးကိုဦးဆောင်ရတဲ့ မင်းညီမင်းသားတွေနဲ့ စစ်ရေးကိုဦးဆောင်ရတဲ့ ဗိုလ်ချုပ်စံရဗွီတို့လို ပုဂ္ဂိုလ် တွေနဲ့ အင်္ဂလိပ်တိုက်ရေးကိစ္စမှာ အမြင်ချင်းမတူကြတဲ့အတွက် အင်္ဂလိပ်က အသာတကြည်ကောက်စားသွားနိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဘာ ကြောင့်လဲဆိုတော့ စစ်ဘက်အကူအညီနဲ့ ရခိုင်မင်းညီမင်းသားတွေကို ဖမ်းဆီးနိုင်ခဲ့လို့ပါပဲ။ အင်္ဂလိပ်တွေဟာ လက်မြန်ခြေမြန်ပါပဲ။ ရခိုင်မင်း ညီမင်းသားတွေကို ဒက္ကားထောင်မှာထားလိုက်ပြီး ရခိုင်နိုင်ငံတော်ရဲ့ ပထ၀ီကိုလဲ (3) ပိုင်း ပိုင်းထားလိုက်တယ်။ တပိုင်းကတော့ ဘင်္ဂလား ဒေ့ရှ်ဘက်မှာ၊ တပိုင်းကတော့ အိန္ဒိယဘက် မှာ ၊ တပိုင်းကတော့ ပင်လုံစာချုပ်အရပေါ်လာတဲ့ ယခုမြန်မာနိုင်ငံဘက်မှာပါ။
ဒီ ရခိုင်နဲ့ အင်္ဂလိပ်ဆက်ဆံရေးမှာ ရခိုင်တွေက စစ်ရေး၊ နိုင်ငံရေးအရ အသုံးချခဲ့သလို၊ အင်္ဂလိပ်တွေကလည်း ကိုလိုနီအတွက် ရခိုင် ကို အသုံးချနိုင်ခဲ့တယ်။ ရခိုင်တွေကို အင်္ဂလိပ်က တိုက်ရိုက်ခန့်တဲ့ “ရခိုင်တိုင်းမင်းကြီး” အဆင့် အုပ်ချုပ်ရေးလောက်နဲ့ ထားလိုက်ပြီး၊ အဲဒီ တိုင်းမင်းကြီးတွေကို “မော်ဖူးစေ၊ ဘုရားထူးခံ” လုပ်ပစ်လိုက်တယ်။ တချိန်က ရခိုင်နန်းတွင်းထဲမှာ ဥရောပသားတွေကို ရခိုင်တွေက “မော်ဖူး စေ၊ ဘုရားထူးခံ” လုပ်ထားခဲ့တယ်မဟုတ်လား။ ဘာပဲပြောပြော ဒီပွဲမှာတော့ ရခိုင်တွေ “ဘုံးဘုံးလဲ” ရှုံးခဲ့ရတဲ့ပွဲလို့ ပြောလို့ရပါတယ်။
ဒီတော့ ဆရာတော်ဦးဥတ္တမကို မွေးဖွားပေးခဲ့တဲ့နေရာဟာ အင်္ဂလိပ်တွေ ရခိုင်ကို လုံးဝသိမ်းပိုက်ပြီးတဲ့နောက် တည်ထောင်ခဲ့တဲ့ “စစ် တွေ” ဖြစ်တယ်။ “စစ်တွေ” ဟာ အင်္ဂလိပ်ကိုလိုနီမြို့လေးတမြို့။ ဒါကြောင့်မို့လို့ ဆရာတော်ဦးဥတ္တမဟာ အင်္ဂလိပ်တွေရဲ့ “ကိုလိုနီကျွန်” တ ဦး။ ဆရာတော်ဦးဥတ္တမဟာ ရခိုင်လူမျိုးတို့ရဲ့ သမိုင်းရေစီးကြောင်းကို မသိဘဲမနေဘူး။ ဒါတင်မက ရခိုင်နဲ့ဆက်စပ်တဲ့ ပင်လုံစာချုပ်ဝင်လူမျိုး တွေရဲ့ အခြေအနေကို မသိဘဲမနေဘူး။ ဒီလူမျိုးတွေ ကိုလိုနီနယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့ဆိုတာ ဒီလူမျိုးတွေ နိုးကြားလာရုံ၊ တော် လှန်လာရုံနဲ့ မဖြစ်နိုင်ဘူး။ မရဘူး။ သူ့အား ကိုယ့်အား ချိန်ဆနိုင်တဲ့ ခိုင်မာတဲ့မဟာဗျူဟာတရပ်ဟာ အမှန်တကယ်လိုအပ်တယ်ဆိုတာ စဉ်း စားခဲ့ပုံရပါတယ်။
ဒါကြောင့်မို့လို့ ဆရာတော်ဦးဥတ္တမဟာ အိန္ဒိယမှာ တော်လှန်တဲ့အင်အားစုတွေရဲ့ အဓိပတိအဖြစ်ခံယူခဲ့တယ်။ ပြီးတော့ တရုတ်ပြည် တော်လှန်ရေးခေါင်းဆောင် “ဆွန်ယက်ဆင်” နဲ့ ပူးပေါင်းခဲ့တယ်။ ဆရာတော်ဟာ ဂျပန်လူမျိုးတွေရဲ့ အခန်းကဏ္ဍကိုလဲ မေ့မထားဘူး။ ဂျပန် အားကိုလည်း ရယူခဲ့တယ်။ နောက်ပြီး သေးငယ်တဲ့ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးအင်အားစုတွေကိုလည်း ရနိုင်သလောက်စုစည်းနိုင်ခဲ့တယ်။ ပြီးတော့မှ မြန်မာနိုင်ငံထဲကို ပြန်ကြွလာပြီး လူထုတိုက်ပွဲတော်လှန်ရေးကို ဖော်ထုတ်ခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။ ဆရာတော်ဦးဥတ္တမဟာ မြန်မာနိုင်ငံမှာ တော်လှန်ရေးကိုစတင်လိုက်တယ်ဆိုပေမယ့် ကြိုးနီစနစ်နဲ့မနေဘူး။ မြို့ပြနဲ့ ကျေးလက်တွေမှာ ရှေ့တန်းကျကျဦးဆောင်လှုပ် ရှားခဲ့တယ်။ လူထုထဲမှာ အမြဲတမ်းရှိတယ်။ အပင်ပန်း အဆင်းရဲခံတယ်။ ထောင်ကျရဲတယ်။ ဆရာတော်ဦးဥတ္တမ နှစ်တရာပြည့်ကာလက စာ ရေးသူကိုယ်တိုင် ဆရာတော်သီတင်းသုံးခဲ့တဲ့ကျောင်းတွေကို လေ့လာခဲ့တယ်။ ဒီကျောင်းတွေဟာ အားလုံးရိုးရိုးသစ်သားကျောင်းတွေပါပဲ။ ဘာမှ အဆောင်အယောင်မရှိဘူး။ သခင်လွင်နဲ့ အဲဒီတုန်းက ဆုံဖြစ်တော့ မေးကြည့်ပါတယ်။ သခင်လွင်ကိုယ်တိုင်က ချီးကျူးပြောဆိုတာတွေ ကြားခဲ့ရတယ်။
ဆရာတော်ဦးဥတ္တမဟာ လူထုတိုက်ပွဲ နယ်ချဲ့ဆန့်ကျင်ရေးဖော်ထုတ်တဲ့နေရာမှာ အင်မတန်ပါးနပ်တဲ့ နည်းဗျူဟာတွေကို သုံးခဲ့တာ တွေ့ရတယ်။ နိုင်ငံရေးသက်သက်သာ ဟောမယ်ပြောမယ်ဆိုရင် နိုးကြားမှုကြာကောင်းကြာနိုင်မယ်။ ဒါကြောင့်မို့လို့ တချို့နေရာတွေမှာ ဘာ သာရေးနွယ်တဲ့ ဟောပြောမှုတွေကိုလုပ်တယ်။ ထောင်ထဲမှာ သင်္ကန်းဝတ်ရုံခွင့်မရတာကို လူထုကိုချပြတယ်။ ဒီလိုနည်းဗျူဟာအမျိုးမျိုးတွေကို ဖော်ထုတ်အသုံးချတိုက်ပွဲဝင်ခဲ့လို့လည်း နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်တွေ တောမီးပမာ အမြန်အလျှင် ပြန့်နှံ့သွားတယ်လို့ ပြောနိုင်လိမ့် မယ်။
ဆရာတော်ဦးဥတ္တမဟာ မြန်မာနိုင်ငံတွင်းမှာ အဲဒီလို နယ်ချဲ့ဆန့်ကျင်ရေးတော်လှန်ရေး စတင်လိုက်တဲ့အချိန်မှာ အိန္ဒိယတို့၊ တရုတ် တို့၊ အင်ဒိုချိုင်းနားတို့တွေမှာလည်း နယ်ချဲ့ဆန့်ကျင်ရေးတော်လှန်ရေး ပြင်းထန်နေပြီ။ အင်မတန် အချိတ်အဆက်မိမိ ချိန်ကိုက်လုပ်နိုင်တဲ့ပွဲ လို့ ဆိုရပါလိမ့်မယ်။
အဲဒီခေတ်က “ကရက်ဒေါက် ထွက်သွား” ဆိုတဲ့ ရာဇသံဟာ စစ်တွေမြို့က အရှင်သခင်အင်္ဂလိပ်ခန့်ထားတဲ့ ရခိုင်တိုင်းမင်းကြီးကပဲ အ ထိတ်တလန့်ဖြစ်သွားတာမဟုတ်ဘူး။ အင်္ဂလိပ်ကိုလိုနီတခုလုံးတုန်လှုပ်စေခဲ့တဲ့ “ရာဇသံ” ဖြစ်တယ်။ ပထမတော့ ဆရာတော်ဦးဥတ္တမဟာ သာမန်မီးပွားကလေးတခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လို့ နယ်ချဲ့အင်္ဂလိပ်တွေအဖို့ အများကြီးပြင်ဆင်ချိန်နောက်ကျနေပါပြီ။ နယ်ချဲ့ အင်္ဂလိပ်တွေ နေရာအနှံ့မှာ ဆန့်ကျင်တော်လှန်ခံနေရပြီ။ ဒါတွေဟာ ဆရာတော်ဦးဥတ္တမရဲ့ ကျယ်ပြန်တဲ့မဟာဗျူဟာကို ရှေးဦးမှာ အင်္ဂလိပ် တွေ မရိပ်စားမိခဲ့တဲ့ “အပြစ်” လို့ ပြောလို့ရမယ်ထင်ပါတယ်။
အခြေအနေမှန်ကို သိအောင်လေ့လာပြီး မဟာဗျူဟာအရ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို သိမြင်တတ်တဲ့ တိဟိတ် ဥာဏ်ရှင် အာရှနေ၀န်းနီ ဆရာတော်ဦးဥတ္တမ မထေရ်မြတ်အား ဆရာတော်ဘုရားရဲ့ ( ) မြောက် မွေးနေ့မှာ ဒီဆောင်း ပါးဖြင့် ကန်တော့လိုက်ပါတယ်။

အရှင်ခေမာစာရ (ရဟန်ပျိုသမဂ္ဂ)





No comments:

Post a Comment