�ပါရမီမြောက်သော အလုပ်၌ဖြစ်စေ၊ ပါရမီမမြောက်သော အလုပ်၌ဖြစ်စေမည်သည့်အလုပ်၌ဖြစ်ဖြစ် အသိဥာဏ်သည် ဦးဆောင်မှုကဏ္ဍမှပါဝင်ရသည်ချည်းဖြစ်၏။ အသိဥာဏ်ဟူသည် ပညာအမည်ဖြစ်၏။ ထို့ကြောင့်ပညာသည် အရေးကြီး၏။� (ဆရာကြီး ဦးရွှေအောင်)
ယနေ့ကာလ မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် လူငယ်များပညာမသင်ယူနိုင်ကြတော့ပေ။ အကြောင်းက မိသားစု စားဝတ်နေရေး မဖုံလုံသောကြောင့်တည်း။ အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော စကားအရ မိသားစုအတွင်း စားဝတ်နေရေးမပြည့်စုံလျှင် ပညာရေးဟူသည် ထိုမိသားစုအတွက် စဉ်းစားဖို့အချိန်မရှိပေ။ မျိုးဆက်သစ်လူငယ်များ ပညာရေးကဏ္ဍအားနည်းလာသည်နှင့်အမျှ ၄င်းတိုင်းပြည်၊၄င်းလူမျိုးသည်လည်း အဘက်ဘက်တွင်နိမ့်ကျလာသည်။ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်းလူငယ်များကိုယ်ကျင့်စာရိတ္တ ကောင်းမွန်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်မှု စသည်များကို အသိဥာဏ်အမည်ရသော ပညာဖြင့်သာ အခြေခံ အုတ်မြစ်ချကာ တည်ဆောက်နိုင်ပေသည်။ လူတစ်ချို့ကပြောကြသည်။ ပညာဟူသည် စာသင်ကျောင်း၊စာသင် ခန်းများတွင် ပြဌာန်းစာအုပ်များကိုင်လျှက် ဆရာ၊ဆရာမများကပို့ချသင်ကြားပေးသော သင်ခန်းစာများကိုကျက် မှတ်နေခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ မိမိကိုယ်တိုင်လေ့လာစူးစမ်းလိုစိတ်မှအစပြု၍ တကယ်လက်တွေ့ဘ၀ ကရရှိလာသော အတွေ့အကြုံများအပေါ်အခြေခံကာ ကိုယ်တိုင်လေ့လာစူးစမ်းခြင်းသည်လည်း ပညာဖြစ်သည် ဟုဆိုတတ်ကြသည်။ ထိုစကားသည်မှန်ပါ၏။ သို့သော်လည်းအသိပညာနည်းပါး၍ အပျော်အပါးကိုသာမက်မော သောအချိန်၊ အရွယ်မရောက်သေးသည့်ကလေးဘ၀တွင် ကိုယ်တိုင်လေ့လာစူးစမ်းလိုခြင်းဟူသည် လူကြီး များ၏ပြုစုပျိုးထောင်မှု၊ စာသင်ကျောင်းများတွင် ဆရာ၊ဆရာမများ၏စနစ်တကျလေ့ကျင့်ပေးမှုမှ ဖြစ်ပေါ်လာ သောအသိဥာဏ်မျိုးဖြစ်ပေသည်။ ပင်ကိုဗီဇ(၀ါ)ပဋိသန္ဓေစိတ်ကဖြစ်ပေါ်လာသောစိတ်ဓာတ်မျိုး (၀ါ)အသိဥာဏ် မျိုးကားမဟုတ်ပေ။ ထိုအသိဥာဏ်မျိုးသည်အလွန်တရာမှတွေ့ရခဲ့သော အခြေအနေတရပ်ဖြစ်သည်။ ဥပမာ ပြရသော် ကျွန်ုပ်တို့ဗုဒ္ဓဘာသာထဲက ဘုရားဖြစ်စဉ်ဇာတ်တော်များဖြစ်သည့် ဝေဿန္တရာဇာတ်တော်၊ မဟောသ ဓာဇာတ်တော်၊ တေမိယဇာတ်တော်၊ နောက်ဆုံးဘ၀ဖြစ်သည့်သိဒ္ဓတ္ထမင်းသားဘ၀စသည့်ဇာတ်တော်များတွင် တွေ့ရတတ်သည်။တေမိယဇာတ်တော်တို့တွင် ဘုရားလောင်းမင်းသားကလေးသည် သူ့ဖခင်ဘုရင်ကြီး၏ရင်ခွင်ဝယ်ရှိနေစဉ် သူ့ဖခင်ဘုရားက အပြစ်ရှိသောသူခိုးဓမြများကို သတ်ဖြတ်ရန် မင်းမှုးထမ်းများအား အမိန့်ပေးသံကိုကြား၏ဟု ဆိုသည်။ ထိုအချိန်မှစ၍ မင်းသားကလေးစဉ်းစားမိသည်မှာ အကယ်၍ သူကြီးပြင်းလို့အရွယ်ရောက်လာလျှင် သူ့ဖခင်အရိုက်အရာကိုဆက်ခံ၍ဘုရင်ဖြစ်လာရမည်။ ဘုရင်ဖြစ်လာလျှင်သူ့ဖခင်ကဲ့သို့လူများအသက်သတ်ဖြတ် ရန်အမိန့်ပေးရတော့မည်။ ထို့ကြောင့်ဘုရင်ဖြစ်ရခြင်းသည် သူ့အတွက်အကုသိုလ်ဖြစ်၍မကောင်းမှုများနှင့်ပြည့် နှက်နေသောနေရာဟုမြင်မိသည်။ ထိုအချိန်မှစ၍ ဘုရင်မဖြစ်အောင် စကားမပြောသော တေမိယ (၀စီပိတ်) အကျင့်ကို ကျင့်ခဲ့သည်။ ဤကဲ့သော အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အကြောင်းကိုခွဲခြားဝေဖန်တတ်သော ပင်ကိုဗီဇ ပဋိသန္ဓေစိတ်(၀ါ)အသိဥာဏ်မျိုးသည် ဘ၀အဆက်ဆက်ကမြင့်မြတ်သော လမ်းစဉ်အကျင့်များကို ကျင့်၍ ပါရမီဖြည့်ဆည်းလာသော မြင့်မြတ်သောပုဂ္ဂိုလ်များတွင်သာတွေ့ရတတ်သည်။ သာမာန်လူသားများ အနေဖြင့် ပြုစုပျိုထောင်ခြင်းဖြင့်သာ အသိဥာဏ်ကိုဖြစ်ပေါ်စေ၏။ ထို့ကြောင့် လူသားဖြစ်စဉ်တွင် ကလေးဘ၀ သည် အရေးကြီး၏။ အသိဥာဏ်နည်းပါးသောကလေးဘ၀တွင် အသိဥာဏ်ရှိသောလူကြီးမိဘများ၏ဆုံးမသွန် သင်မှုသည် ထိုကလေးဘ၀တိုးတက်အောင်မြင်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်သည်။ ပုဗ္ဗာစရိယ မိနှင့်ဘဟူသောဆိုရိုးစကားအရ မိဘသည် သားသမီးများအတွက်အရေးကြီးသော လက်ဦးဆရာ များဖြစ်ကြသည်။ စီးပွားဥစ္စာပြည့်စုံ၍ကျွမ်းကျင်လိမ်မာသော မိဘများသည်သူတို့သားသမီးများကို ကလေးဘ၀ ကတည်းက စည်းကမ်းစနစ်တကျနှင့်ပြုစုပျိုးထောင်ကာ သူတို့သားသမီးများအတွက် လှပသောအနာဂါတ်ကို ဖန်တီးပေးနိုင်ကြသည်။ သို့သော်လည်း မပြည့်စုံမဖုံလုံသောမိသားစုဆင်းသက်လာသော သားသမီးများအတွက် ဘ၀ခရီးလမ်းသည် ကြမ်းတမ်း၏။ စားဝတ်နေရေးမပြည့်စုံ၊ မဖုံလုံမှုဟူသော မိသားစုတစ်ခု၏မူလအကြောင်းတ ရားကြောင့် ပညာရေးကဏ္ဍဟူသော ကလေးများအတွက် အသိဥာဏ်ကိုအစပျိုးခြင်းသည် ခက်ခဲ့၏။ ကြမ်း တမ်း၏။ ထိုကာလကိုကျော်ဖြတ်ရန် အလွန်အားတင်းရ၏။ ကျော်ဖြတ်နိုင်သောသူများသည်လည်း လူ့လောက လူ့အသိုင်းအ၀ိုင်းတွင် အောင်မြင်ကျော်ကြားသောပုဂ္ဂိုလ်များအဖြစ်ရပ်တည်နိုင်ကြသည်။ ကျွန်ုပ်ကိုယ်တိုင်သည် လည်း ထိုကဲ့သောမပြည့်စုံ၊ မဖုံလုံသောမိသားစုမှ မွေးဖွားလာသောလူတစ်ယောက်ဖြစ်သောကြောင့် ထိုအခြေ အနေများကို ကိုယ်တိုင်ကိုယ်ကျသိထားသူတစ်ဦးဖြစ်သည်။
ကလေးဘ၀၏အခါးသီးဆုံးသော ခံစားချက်များတွင် သိမ်ငယ်မှု၊ ခွဲခြားဆက်ဆံခံရမှု၊ အထင်သေးခံရမှုများ သည် ထိုကလေး၏ဘ၀အပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။ မိမိနှင့်သက်တူရွယ်တူကလေး များက လွပ်လပ်ပေါ့ပါးစွာ ပျော်မြူးနေကြချိန်တွင် တစ်နေရာရာမှ မျက်နှာငယ်ငယ်ဖြင့် ငေးကြည့်နေရသော ကလေးတစ်ယောက်၏ရင်တွင်းခံစားချက်သည် အလွန်ရင်နာစရာကောင်းလှသည်။ ထိုကဲ့သောရင်နာစရာများ နှင့်ပြည့်နက်နေသော ကလေးတစ်ယောက်၏ဘ၀သည် အကောင်းဘက်ထက်အဆိုးဘက်ကို ဦးတည်စေသည်။ ဤနေရာတွင် ကျွန်ုပ်အဓိကပြောလိုသောအချက်မှာ �အသိဥာဏ် (၀ါ) လူတစ်ယောက်၏စဉ်းစားတွေးတော့ တတ်သောဥာဏ်ကို အစပျိုးရန် ကလေးဘ၀ကတည်းက နိဒါန်းပျိုးခြင်းဟုဆိုအပ်သော နားလည်တတ်ကျွမ်း သောဆရာသမားများထံတွင် ပညာကိုလေ့လာသင်ယူမှုသည် လူတိုင်းအတွက်ကလေးဘ၀၌ အလွန်အရေး ကြီး၏။� ပညာသင်ယူခွင့်ရ၍ကြီးပြင်းလာသောကလေးတစ်ယောက်ဘ၀နှင့် ပညာသင်ယူခွင့်မရပဲကြီးပြင်းလာ သောကလေးတစ်ယောက်ဘ၀သည် အစစအရာရာတွင် အလွန်ခြားနားသည်။ ထို့ကြောင့် လူတိုင်းသည် ကလေးဘ၀တွင် ပညာကိုမဖြစ်မနေသင်ယူကြရသည်။ လောကနီတိတွင် � အကြင်အမိသည် သားငယ်ကို အတတ်ပညာ သင်မပေး။ အတတ်ပညာသင်၍မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် သား ငယ်ကို အတတ်ပညာမသင်ပေး။ အတတ်ပညာသင်၍မပေးသော အဖသည် ရန်သူမည်။ ထိုအတတ်ပညာမရှိ သောသူသည် ဟင်္သာတို့အလယ်၌ဗျိုင်းကဲ့သို့ လောကအလယ်တွင်မတင့်တယ်။� ထို့အပြင် လူတစ်ယောက်၏ ဘ၀ကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဟူ၍ အရွယ်သုံးပါးဖြင့်ပိုင်းခြားသတ်မှတ်ထားသည်။ ထိုသတ်မှတ်ချက်အရ လူတစ်ယောက်သည် ပထမအရွယ်တွင် ပညာရှာရမည်။ ဒုတိယအရွယ်တွင် စီးပွားဥစ္စာ ရှာရမည်။ တတိယအရွယ်တွင် လူ့လောကကောင်းကျိုးကိုဆောင်ရွက်ရမည်။ ပထမအရွယ်တွင် ပညာရေးချွတ် ယွင်းခဲ့လျှင် ဒုတိယအရွယ် စီးပွားဥစ္စာလည်း ချွတ်ယွင်းလာမည်။ ပညာလည်းမတတ် စီးပွားဥစ္စာလည်း မပြည့်စုံ သူတစ်ယောက်သည် အဘယ်မှာ လူ့လောကကောင်းကျိုးကို ဆောင်ရွက်နိုင်ပါမည်နည်း။ ထို့ကြောင့်လူတိုင်း အတွက် ကလေးဘ၀တွင် ပညာသင်ယူခွင့်သည် အလွန်အရေးကြီးသည်။
မိမိရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသတွင်းလူငယ်မောင်မယ်များ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ပြီး ဖွံ့ဖြိုးတိုး တက်မှုကို အားပေးကူညီလိုသော မျိုးချစ်ပြည်ချစ်ပညာတတ်၊ပညာရှိများအနေဖြင့် မျိုးဆက်သစ်လူငယ်များ ပညာသင်နိုင်ရေးကို အလေးပေးထားအားပေးကူညီသင့်သည်။ တိုင်းပြည်တစ်ခု၊ လူမျိုးတစ်မျိုး၏ အနာဂါတ် မျှော်လင့်ချက်သည် မျိုးဆက်သစ်လူငယ်များအပေါ်တွင်မူတည်သည်။ ထိုတိုင်းပြည်၊ထိုလူမျိုးသည် အနာဂါတ် တွင် မည်မျှထိတိုးတက်လာနိုင်သည်၊ မည်မျှလောက်ထိဆုတ်ယုတ်သွားနိုင်သည်စသည့် ခန့်မှန်းခြေများကို ထိုတိုင်းပြည်၊ ထိုလူမျိုး၏မျိုးဆက်သစ်လူငယ်များသည် မည်မျှထိပညာရေးကိုစိတ်ဝင်စားမှုရှိကြသည်၊ မည်မျှထိ ပညာအရည်အချင်းမြင့်မားလာကြသည်၊ ပညာရေးအဆင့်အတန်းမြင့်မားလာမှုနှင့်အညီလက်တွေ့ကျကျ လုပ် ဆောင်မှုအပိုင်းတွင်လည်း မည်မျှထိ အောင်မြင်မှုရှိလာသည်ဟူသော ပညာရေးကိုအခြေခံသောစနစ်များဖြင့် တိုင်းတာနိုင်သည်။ �ရေမြင့်မှကြာတင့်သည်� ပညာမြင့်မှ လူမျိုးတင့်သည်� ဟူသောဆိုရိုးစကားအရ တိုင်းပြည် တစ်ခု သာယာအေးချမ်းပြီး၊ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်မှာ ပညာရေးသည် အလွန်အရေးပါ၏။ ပညာရေးသည် အခရာကျ၏။ ပညာရေးကို ဥပေက္ခာပြု၍ လုံးဝမရပေ။ ယနေ့ကာလ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာ့နိုင်ငံများကိုလေ့ လာကြည့်ကြမည်ဆိုလျှင် ထိုနိုင်ငံများသည် တိုင်းပြည်၏မျိုးဆက်သစ်လူငယ်များ ပညာရေးကဏ္ဍကို မည်မျှအ လေးထားကြောင့် တွေ့ရပေလိမ်မည်။
ထိုသို့ဆိုလျှင် ကျွန်ုပ်တို့လုပ်ရမည့်အလုပ်က ဘာလဲဟုမေးစရာရှိလာသည်။ အဖြေက မျိုးဆက်သစ်လူငယ်များ ပညာသင်ယူနိုင်ရေးကို အလေးထားအားပေးကူညီရမည်ဖြစ်သည်။ �ကျွန်ုပ်တို့အားလုံးသည် မွေးရာပါဗီဇ အားဖြင့် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုချစ်တတ်ကြသည်။ ချစ်ကြသည့်အားလျော်စွာကိုယ့်တိုင်းပြည်ကိုယ့် လူမျိုးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာ၌ မိမိတို့စွမ်းနိုင်သည့်ဘက်မှ တစ်စိတ်တစ်ဒေသပူးပေါင်းပါဝင်လို သောဆန္ဒကိုယ်စီလည်းရှိကြသည်။ တဘက်မှာလည်းကျွန်ုပ်တို့တွင် ကိုယ်ပိုင်အယူအဆ ကိုယ်ပိုင်ယုံကြည်မှု များနှင့် ကွဲပြားခြားနားသောရပ်တည်ချက်ကိုယ်စီရှိကြသည်။ မည်သို့ပင်ကွဲပြားခြားနားပါစေ ထိုကွဲပြားခြား နားမှုသည် ကျွန်ုပ်တို့အတွက်ပြဿနာမဟုတ်ပါ။ ကွဲပြားခြားနားမှုများကို ကျွန်ုပ်တို့ကိုယ်စီတွင်ရှိကြသော ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုချစ်ခင်ခြင်း၊ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် ပေးဆပ်လိုခြင်းဟူသောတူညီ သောယုံကြည်ချက်ဖြင့်ပေါင်းစည်းနိုင်သည်။ ဟန်ဆောင်အမျိုးချစ်ခြင်းသည်ကား အလွန်ကြောက်စရာကောင်း၍ အန္တရာယ်များ၏။ ထိုသူများသည်တိုင်းပြည်တစ်ခု၊ လူမျိုးတစ်မျိုးအတွက်အန္တရာယ်ကောင်များဖြစ်၍ မကောင်း ဆိုးဝါးများလည်းဖြစ်၏။ ထိုသူများကို ကျွန်ုပ်တို့သည် ကွဲပြားခြားနားအောင်ပြု လုပ်ရပေလိမ့်မည်။�
၂၀၁၁ ခုနှစ် စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ရခိုင်ပြည်သည် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ် သည်။ ဆင်းရဲသည့်အလျောက် ရခိုင်ပြည်တွင် မျိုးဆက်သစ်လူငယ်များပညာသင်ယူနိုင်မှုဦးရေသည် အလွန် ကြောက်စရာကောင်းလောက်အောင်လျော့နည်း၍ အနာဂါတ်ရခိုင်ပြည်၊ရခိုင်လူမျိုးများအတွက် အလွန်တရာမှ စိုးရိမ်စရာကောင်းသောအခြေအနေတရပ်ဖြစ်သည်။ ရခိုင်လူငယ်မျိုးဆက်သစ်များ ပညာသင်ယူမှုအားနည်းလာ သည်နှင့်အမျှ ရခိုင်လူမျိုးတို့၏ကိုယ်ပိုင်စရိုက်လက္ခဏာများသည်လည်း တစတစနှင့်ပျောက်ကွယ်လာရ၏။ မျိုးချစ်ပြည်ချစ် ရခိုင်ပညာတတ်၊ပညာရှိများအနေဖြင့် ဤအခြေအနေများကိုနားလည်သဘောပေါက်ပြီး တား ဆီးကာကွယ်ဖို့ရန် နည်းလမ်းများကိုရှာဖွေရတော့မည်။ ဖားအော်သလို ငါတို့ရခိုင်ကအတိတ်တစ်ချိန်ကမည်ကဲ့ သို့ကြီးကျယ်ခမ်းနားခဲ့သည်၊ ဂုဏ်ယူစရာကောင်းသည် စသည်ဖြင့် သမိုင်းကြောင်းကိုသာပြောလို့အချိန်မကုန် သင့်တော့ပေ။ လက်တွေ့လုပ်နိုင်သောအတိုင်းအတာတခုကိုစဉ်းစားကြရတော့မည်။ ဤနေရာတွင် ကျွန်ုပ်အ မြင်အရ ရခိုင်လူငယ်မျိုးဆက်သစ်များ ပိုပြီးပညာသင်ယူခွင့်ရရှိအောင်ဖန်တီးပေးဖို့လိုအပ်သည်ဟု မြင်၏။ လူငယ်များပိုပြီးပညာသင်ယူလာနိုင်အောင် ကျွန်ုပ်တို့မည်ကဲ့သို့ဖန်တီးပေးကြမည်နည်း။ ဤမေးခွန်းသည် အလွန်စိတ်ဝင်စားစရာကောင်း၏။ ကျွန်ုပ်အဖြေက စည်းကမ်းစနစ်တကျနှင့်လူငယ်များအားအသိဥာဏ်ကိုမျိုး စေ့ချပေးသော စာသင်ခန်း၊စာသင်ကျောင်းများ၊ ပရဟိတဘုန်းတော်သင်ပညာရေးကျောင်းများ ရခိုင်ပြည်အနှံ့အ ပြားတွင်တည်ထောင်ရန်ဖြစ်သည်။ ပညာဟူသည် လောကလူသားတို့အတွက်အလင်းရောင်ဖြစ်သည်။ ပညာ ဟူသောအလင်းရောင်ဖြင့်သာ ကျွန်ုပ်တို့ဘ၀ကိုထွန်းလင်းတောက်ပစေသည်။ လူတိုင်းအတွက်ဘ၀တွင်ပညာ သည်မရှိမဖြစ်လိုအပ်သည်။ အထူးသဖြင့် မသိနားမလည်သေးသော မျိုးဆက်သစ်လူငယ်များအတွက် အသိ ဥာဏ်ကိုမျိုးစေ့ချပေးခြင်းသည် အလွန်အရေးကြီး၏။ ထို့ကြောင့် မျိုးချစ်ပြည်ချစ်ရခိုင်သူရခိုင်သားများအနေဖြင့် မိမိပြည်နယ်၊ မိမိလူမျိုးကိုအမှန်တကယ်ချစ်ခင်ကြောင်းပြသလိုလျှင် မိမိတို့၏မျိုးဆက်သစ်လူငယ်များပညာရေး ကဏ္ဍတွင် မိမိတို့စွမ်းနိုင်သည့်ဘက်မှအားပေးကူညီ၍ လူငယ်များအသိဥာဏ်ကို မျိုးစေ့ချပြုစုပျိုးထောင်ပေးဖို့လို အပ်ပါသည်။
Plants are improved by cultivation and men by education.
အပင်ငယ်လေးများကို ပြုစုပျိုးထောင်ခြင်းဖြင့် ဖွံ့ဖြိုးရှင်သန်စေသကဲ့သို့ လူကိုပညာရေးဖြင့် ဖွံ့ဖြိုးရှင်သန်စေသည်။
(ဂျင်းဂျက် ရူဆိုး ၏ သဘာဝပညာရေး ဆောင်းပါး၊ မောက္ခမဂ္ဂဇင်းမှ)
ပုဏ္ဏား (၀ရာဇ်မြီ)
No comments:
Post a Comment