Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

15 August, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ....
ခေတ်အဆက်ဆက်က နာကျည်းမုန်းတီးမှုများ ငြမ်းစင်ပြီး
အနှစ်နှစ်အလလဆုံးရှုံးခြင်းအား သိုလှောင်ထားမဲ့ ရေကာတာ မဟုတ်ဘူး ၊
မပျက်စီးတဲ့အတိတ်က ချန်ထားခဲ့ လက်ဗွေရာတွေနဲ့
ဆက်ပြီးပြင်းထန်တဲ့စိတ်ဒဏ်ရာများကို ကုစားမဲ့ ဆေးစွမ်းတစ်လက်ဖြစ်တယ်....။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
လျှို့ဝှက်ရှုပ်ထွေးတဲ့ အပြုအမူများကို မဖြေရှင်းပဲ ပစ်ထားပြီး
အလွဲသုံးစားလုပ်မှုတွေဖန်တီးဖို့ လမ်းလွဲကို လမ်းခင်းတာ မဟုတ်ဘူး  ၊
ဘာလင်တံတိုင်းကြီးက ပြိုတာ ကြာခဲ့ပေမဲ့ တို့မိခင်တွေ ငိုကောင်းတုန်းမို့
ငြိမ်းချမ်းစိမ်းလန်းခြင်းပန်းပွင့်သစ်များ အမိမြေရဲ့ဦးခေါင်းမှာ လှလှပပ ပန်ဆင်ခြင်းဖြစ်တယ်....။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ....
လိမ်လည် လှည့်ဖျားမှုများကို ပါးစပ်အရသာခံ သတင်းစာရှင်းလင်းပွဲလုပ်ပြီး
လွတ်လပ်စွာ ပြောဆိုမဲ့ အတွေးအခေါ်တွေ ထောင်ချထားခြင်းမဟုတ်ဘူး ၊
ဒုက္ခများက ဘူဖေး (Buffet ) ဟင်းလျာလို အစုံအလင်မို့
မနူးမနပ် အပြုအမူတွေရှောင်ရှားပြီး ငြိမ်းချမ်းရေးကို စားသုံးခြင်းဖြစ်တယ်...။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
စွံ့ပျံ့ဝမ်းနည်းကြေကွဲခြင်းများ နှလုံးသားထဲ တလိမ့်လိမ့် စီးဆင်းပြီး
အပေါ်ယံ ဟန်ပြ ဆူးညှောင့်ခလုတ်တွေကို လူမမြင်အောင် ဖုံးအုပ်ထားတာ မဟုတ်ဘူး ၊
အရေးပေါ် အတွေးအခေါ်များ တပ်ဆင်ပြီး ကမ္ဘာကြီးအား ရင်ဘောင်တန်းဖို့
ကြွေးကြော်သံများကို လည်ဆွဲရတနာလို တိုင်းပြည်ရဲ့လည်ပင်းမှာဆင်မြန်းခြင်းဖြစ်တယ်..။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
နူးညံ့ပျော့ပျောင်းတဲ့ အပြောအဆိုတွေကို ရေလာမြောင်းပေးလုပ်ပြီး
အချိန်ဆွဲနည်းဗျူဟာနဲ့ စစ်မီးတောက်ထဲ ပိုးဖလံလိုတိုးဝင်ဖို့ မဟုတ်ဘူး ၊
ငြိမ်းချမ်းရေးနဲ့လွဲသွားတဲ့ မြှားတွေ ၊ ကျကွဲသွားတဲ့ အနာဂတ်အိုးများအတွက်
ထက်မြက်တဲ့ ရွှေရောင်နေ့ရက်များပိုင်ဆိုင်ဖို့ ပြုပြင်ပြောင်းလဲခြင်းကို မြေသြဇာပျိုးခြင်းဖြစ်တယ်..။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ.....
အကြွေးတွေ လည်ပင်းတစ်ပြီး ကူညီမယ်လို့ ခဏခဏပြောနေတဲ့ အမေရိကန်လည်းမဟုတ်ဘူး..
စီးပွားရေးစားကျက်အတွက် ခြေပုန်းခုပ် လက်ဝါးကြီးအုပ်မဲ့ တရုပ်လည်း မဟုတ်ဘူး....
နှစ်ကာလများစွာ ပါးစပ်က စက်သေနတ်ပစ်နေတဲ့ အာဆီယံ၊အီးယူ ၊ ကုလသမဂ္ဂ ဘာတခုမှမဟုတ်ဘူး..

မပြေလည်ခဲ့တဲ့သက္ကရာဇ်ဟောင်း ဆင်းရဲခြင်းမြောင်းပုပ်မှာ
ကိုယ့်သွေးသားချင်း လက်ချင်းဆုပ် ၊ သံသယတွေ မောင်းထုတ် ၊
ငြိမ်းချမ်းစွာ ဘ၀များအတူတကွ ရေရှည်စစ်ကံကြမ္မာထဲက ရုန်းထွက်ခြင်းဖြစ်တယ်.....။

အောင်ခိုင်မြင့်
၁၃ သြဂုတ်လ ၂၀၁၁

No comments:

Post a Comment