Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

10 October, 2011

Multi level marketing ကွန်ရက်စနစ်ဖြင့် ဈေးကွက်ဖြန့်ချိခြင်းစနစ် အသုံးပြုခဲ့သည့် အမည်ပျက်စာရင်းဝင် သိမ်းငှက်ကမ္ဘာ ကုမ္ပဏီအား တရားရုံးအမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်း ဆင့်ပွားနည်းဖြင့် (Multi level marketing) အကြောင်းပြ စည်းရုံးဆွဲဆောင်မှုများ သတိပြုစရာ ဖြစ်လာ

http://www.weeklyeleven.com/index.php?option=com_content&view=article&id=10440:-multi-level-marketing-&catid=42:2009-11-10-07-36-59&Itemid=112
(Multi level marketing)ကွန်ရက်စနစ် (သို့မဟုတ်) ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိ ခြင်းစနစ် Network Marketing (or) Multi-Level-Marketing စနစ် ကိုအသုံးပြု၍ မမှန်မကန်သောနည်း လမ်းများဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့သောကြောင့် အမည်ပျက် စာရင်းသွင်း ကြေညာခြင်းခံခဲ့ရသည့် သိမ်းငှက်ကမ္ဘာကုမ္ပဏီ (Falcon Global Co., Ltd.) အား တရားရုံး အမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်၍ နစ်နာခဲ့ရသည့် အဆိုပါ ကုမ္ပဏီမှ အဖွဲ့ဝင်များ အနေဖြင့် ဦးဝင်းနိုင် (စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိ၊ အခန်းအမှတ် ၀၀၇၊ အင်းလျားလိတ် ဟိုတယ်)သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

မူမမှန်သော စီးပွားရေးလုပ်ငန်းများဖြင့် ငွေကြေးလိမ်လည် ဆောင်ရွက်နေသည်များ ရှိနေသောကြောင့် သတိပြုစရာများဖြစ်လာပြီး လူတစ်ဦး နှင့်တစ်ဦး ချိတ်ဆက်ဆင့်ပွားခြင်းဖြင့် ကုန်ပစ္စည်းဖြန့်ဖြူး ရောင်းချ သည့်စနစ်ကို အသုံးပြုကာ ငွေကြေး လိမ်လည်ခဲ့မှုများလည်း ရှိခဲ့သည်။ စီးပွားရေး လုပ်ဆောင်လိုသော လူငယ်လူရွယ်များကို မျက်လှည့်ဆန်ဆန် လှည့်စားထားသောကြောင့် သတိ မမူမိဘဲ ဆုံးရှုံးနစ်နာနိုင်သောကြောင့် ပိုမိုသတိပြုလာရမည်ဟု ပညာရှင် များက အကြံပြုကြသည်။
ဒီဆေးတွေက ဒီနိုင်ငံ FDA ရဲ့ ခွင့်ပြုချက်ရထားလား မရထားဘူးလား ဆိုတာ မသိဘူး။ ဒီဆေးတွေထဲမှာပါတဲ့ ကုန်ကြမ်းတွေက မြန်မာ တိုင်းရင်းဆေးတွေမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ ဒါပေ မယ့် မြန်မာ့တိုင်းရင်းဆေး ဆိုရင် ထောင်ဂဏန်းနဲ့ ရောင်းလို့ရတယ်။ ဒါပေမယ့် ဒီဆေးတွေက အရမ်းဈေးကြီးနေတယ်။ သုံးစွဲတဲ့သူကတော့ ပေးရတဲ့ တန်ဖိုးလောက် ဘယ်လောက် အကျိုးအမြတ်ရတယ် ဆိုတာ မသိပေမယ့် ရောင်းတဲ့သူကတော့ အများကြီး အကျိုးအမြတ် ရသွားတယ်

ရန်ကုန်မြို့နေ ဆင့်ပွားရောင်းချခြင်းစနစ်ကို စိတ်ဝင်စား၍ ၀င်ရောက် လုပ်ကိုင်ရန် လေ့လာခဲ့သူတစ်ဦးက “သူတို့ကအဖွဲ့ဝင်အဖြစ် ၀င်ချင်အောင် ဆွဲဆောင်တယ်။ သင်တန်းတွေပေးတယ်။ ဆုကြေးငွေ ချီးမြှင့်တာတွေ ပြတယ်။ ကုမ္ပဏီရုံးချုပ်ရှိရာ ပြည်ပနိုင်ငံရဲ့အကြောင်း၊ ဘယ်လိုလုပ် ဆောင်ပေးနေတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ကိုယ်ဝင်လိုက်ရင် အဲဒီ အကျိုးအမြတ်တွေကို ခံစားရမယ်လို့ ထင်လာအောင် ပြောတယ်။ အမှန်တော့ အဲဒီအကျိုးအမြတ်တွေကို အဆင့်သတ်မှတ်ချက် မြင့်တဲ့သူတွေပဲ ခံစားရမှာ။ စနစ်ကိုက အောက်လူက ရှာပေးတာကို အထက်လူက အေးအေးဆေးဆေး ထိုင်စားရတဲ့ စနစ်။ အဆင့်မြင့်တဲ့အထိ ရောက်ဖို့ ဆိုတာကလည်း ရှိတယ်ဆိုပေမယ့် မလွယ်ပါဘူး။ သူတို့ကတော့ ရေရှည်လို့ ပြောကြတယ်။ ဒါပေမယ့် ဒီနိုင်ငံက အဆင့်သတ်မှတ်ချက် နိမ့်သေးတဲ့အဖွဲ့ဝင်တွေရဲ့လုပ်ဆောင်ချက် တွေကြောင့် ရလာတဲ့ အကျိုးအမြတ်တွေကို ပြည်ပနိုင်ငံမှာရှိတဲ့ အဆင့် သတ်မှတ်ချက်မြင့်တဲ့ အဖွဲ့ဝင်တွေက ရတာ။ ဒါကြောင့်မို့ ၀င်မယ်လို့စိတ်ကူးမိရင် ဒီအချက်တွေအပြင် ရောင်းတဲ့ ပစ္စည်းတွေက တရားဝင် ဟုတ်ရဲ့လား၊ ဒီနိုင်ငံရဲ့ထောက်ခံချက်တွေကော ရှိရဲ့လား စတဲ့ အခြား အကြောင်းအရာ တွေကိုပါ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းတွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဒေါက်တာမောင်မောင်လေးက “ Multi Level Marketing ဆိုတာ နိုင်ငံတကာမှာ ရှိပါတယ်။ အမေရိကန်က စတာပေါ့။ တစ်ဆင့် ပြန်ယူပြီး ရောင်းချတဲ့သူတွေနဲ့ မသမာသူတွေရဲ့ အမြတ်ကြီးစားမှုကြောင့် ဈေးနှုန်းက အဆမတန်မြင့်တက်တာတွေ ဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ကလည်း ဆေးဝါးရဲ့အကျိုးအာနိသင် ကောင်းတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး ဈေးကစားကောင်း ကစားနိုင်ပါတယ်။ ဒီဈေးကွက်က စနစ်တကျ ကိုင်တွယ် လုပ်ဆောင်မယ်ဆိုရင် ကောင်းပါတယ်။ ကုမ္ပဏီအနေနဲ့ မရိုးမသားနဲ့ စီမံခန့်ခွဲမှုကလည်း ညံ့ဖျင်းမှုမျိုးလည်း မဖြစ်သင့်ပါဘူး။ နိုင်ငံတော်ကလည်း ကြီးကြပ်မှု မှန်ကန်ရပါမယ်။ ဆေးဝါးသုံးစွဲချင်တဲ့ သူတွေအနေနဲ့ကလည်း ကိုယ့်ကိုလာ ရောင်းတိုင်း မ၀ယ်မိစေဖို့နဲ့ အာမခံချက်ရှိတဲ့ ကုမ္ပဏီကြီးတွေဆီကပဲ ၀ယ်ယူသင့်ပါတယ်။ Multi Level Marketing နဲ့ရောင်းချမယ်ဆိုရင် တော့ ဆေးဝါးဆိုရင် နိုင်ငံအလိုက် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန မှာ မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင် ပြီးမှ ရောင်းချခွင့်ရှိပါတယ်။ ဒါပေမယ့် မှတ်ပုံတင်ထားတဲ့ ဆေးဝါးကို အကြောင်းပြပြီး တစ်ခြားစီက တရား မ၀င်တဲ့ဆေးတွေကို ရောပြီးတော့ မရောင်းသင့်ပါဘူး” ဟုရှင်းပြပါသည်။

ဆင့်ပွားရောင်းချရခြင်းနှင့် အထက်မှအောက် အဆင့်ဆင့် အမြတ်ယူကြခြင်းကြောင့် ၎င်းတို့ကုမ္ပဏီမှ ထုတ်သော ဆေးဝါးပစ္စည်းများသည် အဆမတန် ဈေးမြင့်နေကြောင်းကိုလည်း စုံစမ်းသိရှိရသည်။

“ကျွန်မရဲ့ အစ်မက ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ တက်ဖို့ ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးကနေ ရန်ကုန်မှာ အဆောင်လာနေတာပါ။ အဲဒီမှာ သူ့သူငယ်ချင်းက စည်းရုံးတာ ကောင်းလို့ယုံကြည်ပြီး နယ်မှာရှိတဲ့ လယ်ယာတွေကို ရောင်းပြီး ကျပ်သိန်း ၁၀၀ ကျော်ကို ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိခြင်း စနစ်သုံးလုပ်ငန်းတစ်ခု မှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ ရနံ့ ကုထုံးနဲ့ ပတ်သက်တဲ့ အမွှေးနံ့ပစ္စည်း အချို့သာ ရလိုက်တယ်။ နောက်မှ အဲဒီလုပ်ငန်းက လိမ်လည်တာဖြစ်လို့ သက်ဆိုင်ရာက အရေးယူလိုက်တယ် ပြောပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးကျေးရွာတွင် နေထိုင်ခဲ့သူ မသဲသဲက ရှင်းပြသည်။

ထို့ပြင် ကျပ်သိန်း ၁၀၀ ထည့်ဝင်သူတစ်ဦး အနေဖြင့် နောက်ထပ် ကျပ်သိန်း ၁၀၀ ထည့်ဝင်နိုင်မည့်သူ ငါးဦးခေါ်လာနိုင်ပါက ထိုရှယ်ယာ ၀င်အားလစဉ်ပုံမှန် စင်ကာပူဒေါ်လာ သုံးထောင် ထုတ်ပေးမည်ဟု ဆိုကာ စည်းရုံးပြောဆိုကြပြီး အသစ်ဝင်လာသော လက်အောက်အဖွဲ့ဝင်များအပေါ် အဆင့်ဆင့် ခံစားခွင့်များ ရယူကြ၍ မမှန်မကန် ပြုလုပ်ခဲ့ကြသည်။ ယခုအခါ ယင်းသို့ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီအား လိမ်လည်မှုဖြင့် သက်ဆိုင်ရာ၏ အမည်ပျက်စာရင်းသွင်း အရေးယူခြင်းကို ခံထားရပြီဖြစ်ပြီး ကုမ္ပဏီ ကို စာရင်းရှင်းလင်း ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။

Falcon Global Co., Ltd ဒါရိုက်တာအဖွဲ့ဝင်များ၏ Multi Level Marketing စနစ်သုံး လိမ်လည်မှုတွင် ပါဝင်သည့် တစ်ဦးချင်း အမြတ်များကို လူဦးရေနှင့် အုပ်စုခွဲများအလိုက် ပြုစုထားရာတွင် ငွေပမာဏမှာ သန်း ၁၈၀၀ နီးပါးရှိနေကြောင်း၊ ယင်းကုမ္ပဏီနှင့် ဒါရိုက်တာ အဖွဲ့ဝင်သုံးဦးအား black list ကြေညာထားပြီး ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာနှင့် တစ်ဦးချင်းအမြတ်များကို လူဦးရေနှင့် အုပ်စုခွဲများအလိုက် ပြုစုထားသည့် စာရင်းဇယားများ အရ သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရုံးက အမိန့်ကြော်ငြာစာအမှတ် ၃၀/၀၉ ဖြင့် သိမ်းငှက်ကမ္ဘာ ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင် သုံးဦးတို့အား အမည်ပျက်စာရင်း ကြေညာခဲ့သည်။ အဆိုပါ ကုမ္ပဏီသည် ဆင့်ပွားနည်းဖြင့် ဈေးကွက်ဖြန့်ချိခြင်း စနစ်ကို အသုံးပြုကာ လူငယ်လူရွယ်များ၊ လူအများအပြားကို ဖျားယောင်းသွေးဆောင် စည်းရုံးခေါ်ဆိုပြီး ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်ရယူ၍ မမှန်မကန်သော နည်းလမ်းများဖြင့် ငွေကြေးရယူနေခြင်းအပေါ် ဖော်ထုတ် အရေးယူပေးပါရန် ဖော်ပြထားသည့် တိုင်ကြားစာများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ပေါ် ပေါက်ချက်များအရ အမိန့်ကြေညာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီအား ဖျက်သိမ်းပြီး လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီအား အမည်ပျက်စာရင်းတွင် ထည့်သွင်းသတ်မှတ်လိုက်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြထားသည်။

အဆိုပါအမှုအား ဖော်ထုတ်စစ်ဆေးခဲ့ပြီး အထက်ပါ ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတော်က ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအဖြစ် ဦးဝင်နိုင်အား တာဝန်ပေးအပ်ကာ အဆိုပါကုမ္ပဏီတွင် နစ်နာ ဆုံးရှုံးခဲ့သူ အဖွဲ့ဝင်များ၏ နစ်နာမှုများ အပေါ် ပြန်လည် ရှင်းလင်းပေးမည် ဖြစ်သည်။ အဖွဲ့ဝင်များအနေဖြင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိကို ဆက်သွယ်ကာ ကျမ်းကျိန် ကတိသစ္စာ ပြုခြင်း၊ အထောက်အထား အချက်အလက်များ စစ်ဆေးခြင်း၊ အမှန်တကယ် နစ်နာခဲ့ခြင်းရှိ မရှိ သုံးသပ်စစ်ဆေးမှုများပြုလုပ်ပြီး နစ်နာမှုများကို ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးမည် ဖြစ်သဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ စာရင်းပြုစု လျက်ရှိပြီး အမြန်ဆုံးဆက်သွယ်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။

“နစ်နာမှုတွေ ပြန်ရှင်းပေးမယ် ဆိုတာတော့ ၀မ်းသာပါတယ်။ အဆုံး လို့ သတ်မှတ်ထားတာကနေ ပြန်ရမှာပေါ့။ ဒါပေမယ့် ကြားရတာက ပမာဏနည်းနည်းစီလောက်ပဲ ရမယ်လို့ ကြားပါတယ်။ အဖွဲ့ဝင်တွေနဲ့ ပေးသွင်းခဲ့ရတဲ့ ငွေပမာဏကမနည်း ပါဘူး။ တကယ်တမ်း ပြန်ရှင်းပေးမှာက ဘယ်လောက်လဲဆိုတာ မသိပေမယ့် ငွေထက်အချိန်တွေ၊ စိတ်ဓာတ် တွေ ဆုံးရှုံးခဲ့ရတာပါပဲ။ သူငယ်ချင်း အချင်းချင်း ယုံကြည်မှုတွေနဲ့ ၀င်လုပ်ခဲ့ပြီးမှ ဘာမှ တိကျရေရာတဲ့ စာချုပ် စာတမ်း၊ အချက်အလက် ပြန်မပေးခဲ့ဘဲ၊ တာဝန်ယူမှုမရှိဘဲ ယုံကြည်မှု ကို အလွဲသုံးစားလုပ် အမြတ်ထုတ် အကျိုးအမြတ်တွေ ယူကြတယ်။ အခုလည်း ပြန်ရှင်းပေးမယ် ဆိုတဲ့အခါမှာ အပေါ်က လူတွေအနေဲ့ တကယ်နစ်နာသူတွေကို မှန်မှန်ကန်ကန်ရပ်တည်ပေးပြီး တာဝန်ယူပေးသင့်ပါတယ်။ သက်ဆိုင်ရာအနေနဲ့ အဆင့်ဆင့်တွေကိုပါ စစ်ဆေးသင့်ပါတယ်”ဟု ယင်းလုပ်ငန်းတွင် ငွေကြေးထည့်ဝင်ခဲ့သူ တစ်ဦးက ဆိုသည်။

အဆိုပါကုမ္ပဏီသည် စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ လုပ်ငန်းခွဲတစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းမျိုးဖြစ်ပြီး တင်သွင်းလာသော ပစ္စည်းမှာ Bel'air အမှတ်တံဆိပ် အမွှေးရနံ့ကုထုံး ဆေးပုလင်း ရည်များဖြစ်သည်။ ပစ္စည်းတန်ဖိုး ဈေးနှုန်း ကီးမြင့်ပြီး အဖွဲ့ဝင်ကြေး အဆမတန် ပေးသွင်းခဲ့ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူငယ်အများအပြား ပါဝင်ပတ်သက်မှုရှိခဲ့၍ နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။ ယင်းကြောင့် သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူ ဆောင်ရွက်ကာ နစ်နာမှုများကို ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

အဆိုပါစနစ်ဖြင့် ဈေးကွက် ဖြန့်ချိခြင်းစနစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက အမေရိကန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ဥရောပနိုင်ငံများတွင် ခေတ်စားခဲ့သည်။ လူကိုဦးတည်ကာ စည်းရုံးလိမ်လည်ခဲ့သောကြောင့် အချို့နိုင်ငံများတွင် ယင်းစနစ်ကို ပိတ်ပင်ထားပြီး နောက်ပိုင်းတွင် ဖွဲ့ဖြိုးဆဲနိုင်ငံနှင့် မဖွံ့ဖြိုးသေးသော နိုင်ငံများ၊ အထူးသဖြင့်အရှေ့တောင် အာရှဒေသများအား ပစ်မှတ်ထား လာကြသည်။ ထိုင်ဝမ်မှ စတင် အခြေပြုသည့် လုပ်ငန်းများ မြန်မာ နိုင်ငံတွင်းသို့ ထိုးဖောက်ဝင်ရောက် လာပြီး အလှကုန်၊ လူသုံးကုန်အပြင် ဆေးဝါးများကိုပါ ယင်းစနစ်ဖြင့်ဖြန့် ချိလာကြကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး အောင်မြင်နေသည့် လုပ်ငန်းများရှိသော်လည်း ရောယောင် တုပမှုများ ရှိနေခြင်းကြောင့် သတိပြု စရာဖြစ်နေသည်။ ယင်းစနစ်ဖြင့် ရောင်းချသည့်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းပြီး ဈေးနှုန်း သက်သာရမည်ဖြစ်သော်လည်း အဆမတန် ဈေးမြင့်တက်နေသည်ကို တွေ့ရ ကြောင်း၊ ကြော်ငြာစရိတ်နှင့် ၀န်ထမ်း မရှိဘဲ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကာ ကွန်ရက်သဖွယ် ဖြန့်ကြက်သွားခြင်းကြောင့် ဈေးနှုန်းသက်သာသင့်ကြောင်း ယင်းစနစ်ကို လေ့လာထားသူ စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါသည်။

ယင်းလုပ်ငန်းကဲ့သို့ သဘောတရား၊ နည်းစနစ်များ တူညီသော စီးပွားရေးလုပ်ငန်းများ ရှိနေဆဲဖြစ် ပြီး ယင်းစနစ်ကို အသုံးပြု၍ ဆေးဝါးများကိုလည်း ဖြန့်ဖြူးနေကြသောကြောင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အများပြည်သူ သုံးစွဲနိုင်သည့် ဆေးဝါးများဖြစ်ရန်လည်း လိုအပ်သည်။

ဆေးဝါးများအား အသုံးပြုမည်ဆိုပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်းသည် အသင့်တော်ဆုံးဖြစ်ကြောင်း လက်ရှိတွင် ဆင့်ပွားနည်းဖြင့် ဖြန့်ချိခြင်း (Multi lelvel marketing) စနစ်ကို အသုံးပြုရောင်းချနေသော ဓာတ်စာ ဟုဆိုသည့် နိုင်ငံရပ်ခြားမှ တိုင်းရင်းဆေးများရှိနေကြောင်း၊ ယင်းဆေးများတွင် ပါဝင်သည့်ပစ္စည်းများ စနစ်တကျ ဖော်ပြထားခြင်းမရှိဘဲ သောက်သုံးသူများ အနေဖြင့်လည်း ဆရာဝန်ညွှန်ကြားချက် မပါဘဲ ယင်းကုမ္ပဏီ၏ ညွှန်ကြားချက်ဖြင့် သောက်သုံးနေခြင်းကို တွေ့ရကြောင်း၊ ယင်းစနစ်ကြောင့် ဆေးများသည်သုံးစွဲသူ လက်ထဲသို့ ရောက်ရှိချိန်တွင် အဆမတန်ဈေးကြီးနေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုပါသည်။

ဂရိတ်ဝေါလ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်ဦးက “ဒီဆေးတွေက ဒီနိုင်ငံ FDA ရဲ့ ခွင့်ပြုချက်ရထားလား မရထားဘူးလား ဆိုတာ မသိဘူး။ ဒီဆေးတွေထဲမှာပါတဲ့ ကုန်ကြမ်းတွေက မြန်မာတိုင်းရင်းဆေးတွေမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ ဒါပေ မယ့် မြန်မာ့တိုင်းရင်းဆေး ဆိုရင် ထောင်ဂဏန်းနဲ့ ရောင်းလို့ရတယ်။ ဒါပေမယ့် ဒီဆေးတွေက အရမ်းဈေးကြီးနေတယ်။ သုံးစွဲတဲ့သူကတော့ ပေးရတဲ့ တန်ဖိုးလောက်ဘယ်လောက် အကျိုးအမြတ်ရတယ် ဆိုတာ မသိပေမယ့် ရောင်းတဲ့သူကတော့ အများကြီး အကျိုးအမြတ်ရသွားတယ်။ ဒီလို ဆင့်ပွားနည်းဖြင့် ဖြန့်ချိခြင်း (Multi lelvel marketing) စနစ်ကို စင်ကာပူ၊ တရုတ်စတဲ့ နိုင်ငံတွေမှာ တားမြစ်နေ ပြီလို့လည်း သိရတယ်” ဟုဆိုပါသည်။

1 comment:

  1. မြန်မာပြည်မှာ ထိထိရောက်ရောက် တားမြစနိုင်ရင်ကောင်းမယ်ဗျာ

    ReplyDelete