Published on March 1, 2012 by အေးနိုင် ·
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထဲကို သွယ်တန်းဖောက်လုပ်နေတဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ဆိုင်းငံ့ထားဖို့ အဖွဲ့အစည်း ၁၃၀ လောက်က မြန်မာသမ္မတ ဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။ဒီတောင်းဆိုတဲ့ အဖွဲ့တွေထဲမှာ နိုင်ငံပေါင်း ၂၀ က လူအခွင့်အရေးအဖွဲ့တွေနဲ့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ပါဝင်ပြီး ဒီသမ္မတဦးသိန်းစိန်က ကချင်ပြည်နယ် မြစ်ဆုံရေ ကာတာကိုဆိုင်းငံ့သလို ဒီဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကိုလည်း ရပ်နားဖို့ လှုပ်ရှားတာလို့ ဦးဆောင်သူ ကိုဝင်းအောင်က ပြောပါတယ်။
“ဒီစီမံကိန်းကရတဲ့ အကျိုးအမြတ်တွေရယ် အရင်းအမြစ်တွေကို ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ စွမ်းအင်လိုအပ်ချက်ကို မဖြည့်ဆည်းပေးတဲ့အပြင် လက်တဆုပ်စာ စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဒီပိုက်ဆံတွေကို ကြိုက်သလို သုံးနိုင်တယ်ဆိုတဲ့ အနေအထားတခုမှာ ပြဌာန်းထားတာ တွေ့ရတယ်။ ဒါကြောင့် လောလောဆယ် ဒေသခံတွေ အတွက် အကျိုးမရှိတဲ့ ဒီစီမံကိန်းကို ရပ်နားထားဖို့ တောင်းဆိုတာပါ။”
ဒီစီမံကိန်းက ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်နေတဲ့ လယ်တွေကို သိမ်းဆည်းပြီး နစ်နာကြေး တခိျု့ပေးပေမယ့် အလုပ်အကိုင်ပျောက်ကုန်တာရယ်၊ ဒေသံတွေဟာ စီမံကိန်းလုပ်ငန်းမှာ ကျောက်သယ်၊ အုတ်သယ်အလုပ်တွေပဲရတာ။ ဒီစီမံကိန်းကနေရလာမယ့် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံခန့်ရှိတဲ့ ငွေတွေကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရပဲ လိုသလို သုံးနိုင်ပြီး ဒေသခံတွေအတွက် အကျိုးခံစားခွင့် မပါတာတွေကိုလည်း ရွှေဂတ်စ်ရပ်တန့်ရေး လှုပ်ရှားသူ တွေက ထောက်ပြပြီး ဆန့်ကျင်ကန့်ကွက်ကြပါတယ်။
မတ် ၁ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ထားပြီး ဒီစီမံကိန်းရပ်တန့်ဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူမြို့ တွေမှာ လုပ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့်တွေက တရုတ်သံရုံးတွေရှေ့မှာ စီမံကိန်းရပ်ဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဥရောပနိုင်ငံတွေမှာလည်း အလားတူ လှုပ်ရှားဖို့အစီအစဉ်တွေ ရှိနေပါတယ်။
ရန်ကုန်မြို့ သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာလည်း ဒီစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုကို မနက် ၉ နာရီမှာ လုပ်ဆောင်ခဲ့ရာမှာ လှုပ်ရှားသူတွေက ‘ငါတို့သဘာဝဓာတ်ငွေ့၊ ငါတို့အ နာဂတ်္လ ဆိုတဲ့ စာတမ်းပါ တီရှပ်တွေ ဝတ်ဆင်ဝေငှပြီး ပြုလုပ်ခဲ့ပါတယ်။
သာကေတက ရွှေဂတ်စ်လှုပ်ရှားသူတွေကို တိုင်းရင်းသားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကနေ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ရဲကခေါ်ဆောင်ပြီး ဒီလှုပ်ရှားမှုကို နောက်နောင်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
လှုပ်ရှားမှုလုပ်ပြီး လက်မှတ်ထိုးခဲ့ရသူ မမာက “လက်မှတ်ထိုးရတာက အခုလုပ်တဲ့ စာရွက်ဝေတာတို့၊ တီရှပ်ဝတ်တာတို့ဟာ သူတို့သတ်မှတ်ထားတဲ့ ဥပဒေနဲ့ဆို ငြိတယ်။ ဒီလိုဖြစ်တဲ့ အတွက် တကယ်လို့ အရေးယူမယ်ဆိုရင် အရေးယူနိုင်တယ်။ ဒါကို သိရှိပါတယ်ဆိုတာ လက်မှတ်ထိုးခိုင်းတာပါ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာလည်း စီမံကိန်းရပ်ရေးလှုပ်ရှားမှုလုပ်ရာမှာ တူညီဝတ်စုံ ဝတ်တဲ့ လူ ၆၀ လောက်လိုက်ပါတဲ့ မော်တော်ကားရဲ့မျက်နှာစာမှာ ရွှေဂက်စ် လှုပ်ရှားမှု စာတမ်းကို ကပ်ပြီး ဘုရားဘက်ကို သွားရောက်ခဲ့ကြတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ
No comments:
Post a Comment