ယခုနှစ် စာပေရာသီ၌ ရခိုင်ပြည်နယ် အနှံ့အပြားတွင်
စာပေဟောပြောပွဲများကို ကျင်းပ ပြုလုပ်နေရာ ရခိုင်လူထု အနေဖြင့် စာပေ
ဟောပြောပွဲများကို ယခင်နှစ်များကထက် စိတ်ဝင် စားမူပိုမို များပြားလာကြောင်း
စာပေ သမိုင်း သုတေသီ သူမြတ် မဟာအောင်မြေက ပြောသည်။
" ခါတိုင်းနှစ်တွေနဲ့ မတူတာက ကျွန်တော်တို့ လူထုအနနဲ့ စာပေဟောပြေပွဲတွေကို ပိုမို စိတ်ဝင်စားလာတာကို တွေ့ရတယ်။ စာပေဟော ပြောပွဲတိုင်းမှာ တက်ရောက်နားထောင်သူ ပရိသတ် အရေအတွက်က အရမ်းများလာတာကို တွေ့ရတယ်။ ပီးတော့ အာရုံ စူးစိုက်ပီး နားထောင်တာတွေ၊ စာပေဟောပြောပွဲတွေ အပေါ်မှာ အလေးနက် ထားလာတာတွေကိုလည်း တွေ့လာရပါတယ်။ အားရစရာကောင်းပါတယ်" ဟု စာပေ ဟောပြောပွဲ ၂၀ ခန့်သို့ ယခုနှစ် အတွင်း သွားရောက် ဟောပြောခဲ့သူ သူမြတ် မဟာအောင်မြေက ပြောသည်။
သူမြတ် မဟာအောင်မြေနှင့် အတူ စာပေဟောပြောပွဲများသို့ အဓိကထား သွားရောက် ဟောပြောကြသူ များမှာ စာရေးဆရာ စစ်တွေ ညိုသန့်၊ စာရေး ဆရာမ ပံသုခင်၊ ဆရာ ဘကြီးကျော်၊ လွှမ်းတင်အောင်တို့ အပါအ၀င် တခြား ရခိုင်စာရေးဆရာကြီးများ ဖြစ်ကြသည်။
" အဓိကဟောပြောတာကတော့ ရသပိုင်း၊ သုတပိုင်း နှစ်ပိုင်းကို သန်ရာ သန်ရာ ဟောပြောကြပါတယ်။ သုတပိုင်း အနေနဲ့ ရခိုင်သမိုင်းနဲ့ ယဉ်ကျေးမူ ဆိုင်ရာ အပိုင်းတွေကိုလည်း ဟောပြောကြပါတယ်။ ပရိသတ်ကတော့ ကိုယ့်ဒေသ ကိုယ်ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ အပေါ်မှာ အထူး စိတ်ဝင်စားကြပါတယ်။ ကျွန်တော်ကတော့ ရခိုင်သမိုင်းနဲ့ လက်ရှိ ရခိုင်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အကြောင်းအရာတွေ အပေါ်မှာ အဓိကထား ဟောပြောပါတယ်" ဟု သူက ဆက်ပြောသည်။
ယခုနှစ်တွင် ယခင်နှစ်များကထက် စာပေဟောပြောပွဲများကို ရခိုင်ပြည်နယ် အတွင်း မြို့ရွာ အနှံ့ကျင်းပ လာကြသည်ဟု သူကဆက်ပြောသည်။
" ကျွန်တော်တို့ ကိုယ်တိုင် တခြား စာရေးဆရာတွေနဲ့ သွားရောက်ဟောပြောတာက ရွာပေါင်း ၂၀ ခန့်ရှိပါပြီ။ ရသေ့တောင်မြို့နယ်မှာ ဆိုရင် လောင်းချောင်းနဲ့ ကျောက်တန်းရွာ၊ ပုဏ္ဍားကျွန်းမြို့နယ်မှာ ဆိုရင် မြို့ပေါ်နဲ့ တန်းခိုးရွာ၊ ကျောက်တော်မြို့နယ်မှာဆိုရင် ရောင်စုံ၊ အပေါက်ဝရွာ၊ စစ်တွေမြို့နယ် မှာဆိုရင် ကံ့ကော်ကျွန်း စတဲ့ ရွာတွေ ဖြစ်ပါတယ်" ဟု ပြောသည်။
၎င်းအပြင် သူမြတ် မဟာာအောင်မြေက ပေါက်တောမြို့နယ် လက်ပံပြားတွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က၎င်း၊ သရက်တွင် ဖေဖေါ်ဝါရီလ ၆ ရက်နေ့က၎င်း၊ ငွေတွင်းဒွေတွင် ဖေဖေါ်ဝါရီလ ၇ရက်နေ့က၄င်း အသီးသီး ဟောပြောခဲ့ပြီး နောက်ထပ်လည်း ရွာအများအပြားကလည်း ထပ်မံ ဖိတ်ကြားခံထားရသည်ဟု နိရဉ္စရာသို့ ပြောကြားသွားပါသည်။

No comments:
Post a Comment