Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

10 February, 2012

သရီးအင်ဝမ်း

သရီးအင်ဝမ်း
မောင်မောင်ဘု

သရီးအင်ဝမ်း ဆိုတော့ ကော်ဖီမစ်ကို ပြောတယ်လို့ မထင်ကြစေလို။ နိုင်ငံရေးအကြောင်းကို တင်ပြချင်တာပါ။ တကိုယ်ရေ အမြင်လေးပါ။ ဝေဖန်သမှု ပြုပေးကြပါ။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပြီး ဒီဆောင်းပါးကို ရေးပါတယ်။ အာဏာရှင်စနစ်အောက်မှသည် ဒီမိုကရေစီဆီသို့ ပြောင်းလဲဖို့ ရုန်းကန်နေရတဲ့ အချိန်မှာ နိုင်ငံရေးအပေါ် လူအမျိုးမျိုး၏ ခံယူပုံများကို လေ့လာတင်ပြချင်ပါတယ်။

လူအုပ်စုကြီး ၃ ခုမှာ ...

(၁) နိုင်ငံရေးဆိုတာ ငါတို့နဲ့ပဲ ဆိုင်တယ်လို့ တရားသေ ယူဆထားသူများ
(၂) နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်လို့ ခံယူထားသူများ
(၃) နိုင်ငံရေးဆိုတာ ငါတို့နဲ့ မဆိုင်လို့ လုံးလုံးယူဆထားသူများ

အကြမ်းဖျင်းလေ့လာပါက ...

အုပ်စု (၁)

ဒီအုပ်စုကတော့ လက်နက်အားကိုး၊ အာဏာအားကိုး လူတန်းစားအများစု ပါဝင်တယ်။ အာဏာရှင်နဲ့ ထောက်လှမ်းရေး ကောင်းစားစဉ်ကာလများက အာဏာရှင်တဦးက နိုင်ငံရေးကိစ္စတွေဟာ ကျောင်းသားတွေနဲ့ မဆိုင်ဖူးဆိုပြီး သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားတာ ရင်နာနာနဲ့ ကြားလိုက်ရပါတယ်။ သူ ဘာဖြစ်လို့ ပြောလဲဆိုတာ နောက်ပိုင်း တဖြည်းဖြည်း သဘောပေါက်လာပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးအကျဉ်းသားတွေဆိုပြီး ပေါ်လာတာ မဆန်းပါ။

နောက် အာဏာရှင်ကို တွန်းလှန်နေပါတယ်ဆိုတဲ့ နိုင်ငံရေးသမားအချို့လည်း ဒီလိုအချိုးမျိုး ချိုးခဲ့ကြတဲ့ လူတွေ ရှိပါတယ်။

အုပ်စု (၂)

ခံယူချက်ရှိကြတဲ့ လူတွေများပါတယ်။ ဗိုလ်ချုပ်ကို လေးစားတဲ့ လူအတော်များများ ဒီလိုခံယူချက်ရှိတာ တွေ့ရပါတယ် (ဗိုလ်ချုပ် = အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း)။

အနှိမ်ခံအုပ်စုလို့ ဆိုရမလားမသိ။ ဆိုင်တယ်။ လုပ်ကို လုပ်ရမယ်ဆိုပြီး ထလုပ်တာနဲ့ လာခဲ့ အခေါ်ခံကြရတယ်။ ဒီအုပ်စုကပဲ အနာဂတ်နိုင်ငံရေးကို မောင်းနှင်နိုင်မယ်။ အပြောင်းအလဲကြီးတွေ ရအောင် ကြံစည်နိုင်မယ်။
အုပ်စု (၃)

အိပ်စားကာမသာ ဦးစားပေးသော အုပ်စုဖြစ်ပါတယ်။ ဒီသုံးခုကောင်းနေရင် ဘယ်အစိုးရတက်တက် ထောက်ခံတယ်လို့ ပြောနေတဲ့ လူတွေပေါ့။ နိုင်ငံရေး လာမပြောနဲ့၊ နားခါးတယ်ဆိုတဲ့ လူစားတွေ။ ဘ၀အညွန့်ကျိုးသွားမယ်နော်ဆိုတဲ့ သတိပေးကောင်းသူများ ဖြစ်ပါတယ်။ စေတနာရှင်တွေလို့ ပြောလို့ ရမယ်ထင်တယ်။

အနည်းငယ် အကျယ်ချဲ့လေ့လာရင်တော့ ...
အုပ်စု (၁) ကို အုပ်စုခွဲလေးများ ထပ်မံခွဲခြားနိုင်ပါတယ်။ (အတ္တ အခြေခံအုပ်စု)

အုပ်စုခွဲ (၁)

မထင်မှတ်ပဲ အာဏာရှင်ဘ၀ ရောက်သွားသူများဟာ နိုင်ငံရေးကို မောင်ပိုင်စီးထားလေ့ရှိတယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး အငြှိုးအတေးတွေ ထားတတ်တယ်။ သူများပြောရင် အမှား။ သူပြောမှ အမှန်လို့ ထင်တတ်တယ်။ တိုင်းပြည်ကြီး သူ့ကြောင့် တိုးတက်လာတယ်ဆိုပြီး ဘ၀င်မြင့်နေတတ်တယ်။ အာဏာကို လှုပ်ကိုင်လာပါက ပြတ်ပြတ်သားသား ရှင်းလင်းတတ်တယ်။ ဓာတ်ဆီဈေးနှုန်း ချပေးပါလို့ တောင်းဆိုရင်တောင်မှ ထောင်ချလိုက်တတ်တယ်။ ဆန္ဒပြတာ သူ့ကို စိန်ခေါ်တာပဲဆိုပြီး ဖမ်းခိုင်းတတ်တယ်။ ရေးစရာ ကုန်လိမ့်မယ်မထင်။ စစ်တပ်ကို အကာအကွယ် ယူထားသူပီပီ တပ်မတော်ကို ရှေ့တန်းတင် ပြောဆိုလေ့ရှိတယ်။ စစ်တပ်လောက် နိုင်ငံတော်ကို ချစ်တာမရှိဆိုတဲ့ နိုင်ငံရေးအမြင်သေကြီးကို ကိုင်စွဲထားလေ့ရှိတယ်။ စစ်တပ်လုပ်တာမှ အမျိုးသားနိုင်ငံရေး။ ကျန်တဲ့လူတွေက အာဏာအချောင်လိုချင်တဲ့ လူတွေအဖြစ် စွပ်စွဲလေ့ရှိတယ်။

အုပ်စုခွဲ (၂)

အာဏာရှင်ခိုင်းတဲ့အတိုင်း လုပ်သူများ ဖြစ်တယ်။ စက်ရုပ်ဆန်တဲ့ လူအုပ်စုဖြစ်တယ်။ အကြောက်တရား လက်ကိုင်ထားကာ အာဏာရှင်အလိုကျ လိုက်ပါလုပ်ဆောင်သူများဖြစ်ပါတယ်။ မိမိရာထူးနေရာလေး တည်မြဲရေးအတွက် လူသတ်ဖို့တောင် ၀န်မလေးတဲ့သူတွေ။ အာဏာရှင်က အသုံးမလိုတော့တဲ့အချိန် မြောင်းထဲကျသွားလေ့ရှိတဲ့ သနားစရာ လူအုပ်စုဖြစ်ပါတယ်။ တချို့ဝန်ထမ်းတွေလည်း ပါတယ်။ အာဏာရှင်နှိပ်စက်လို့ မလှုပ်နိုင်တဲ့ လူတွေကို ထပ်ဆင့်ဖိနှိပ်ခဲ့တယ်။

အုပ်စုခွဲ (၃)

ဒီအုပ်စုမှာတော့ ဒီမိုကရေစီဗန်းပြ လုပ်စားသူတွေ ပါတယ်။ သူတို့နေရာတွေကို အလည်သွားမိရင်တောင်မှ သူတို့နေရာ လာလုမယ်ထင်ပြီး မင်းတို့က အခုမှ နိုင်ငံရေးလုပ်တာ။ ငါတို့က အံတိုနေပြီကွဆိုပြီး အာပုတ်နံ့ တထောင်းထောင်းထအောင် ပါးစပ်ဟပြတတ်တဲ့ လူတွေ။ မင်းတို့ ထောင်ကျဖူးလားကွဆိုပြီး အမြဲ ကြွားနေတတ်တယ်။ ထောင်ကျဖူးမှ နိုင်ငံရေးသမားလို့ နိုင်ငံရေးသဘောတရား သေးသိမ်သူများဖြစ်တယ်။

အုပ်စု (၃) ကို ကျော်ပြီး တင်ပြပါ့မယ်။ (ကာမ ဦးစားပေး အုပ်စု)

ဘာဖြစ်လို့လဲဆိုတော့ ဒီအုပ်စုဟာ အုပ်စု (၁) ကို အားပေးအားမြှောက်ပြုနေသူများ ဖြစ်လို့ပါ။ ရှေ့ဆက် နိုင်ငံရေးကို အဟန့်အတား ဖြစ်စေပါတယ်။ ခေတ်တိုင်း စနစ်တိုင်းမှာလည်း ဒီအုပ်စုကို တွေ့ရလေ့ရှိတယ်။ ဒီအုပ်စုကတော့ အုပ်စုကြီးလို့ ပြောရင်ရတယ်။ ဒီအုပ်စုကြီးကို ပြောင်းလဲပေးနိုင်မှ ဒီမိုကရေစီနဲ့ နီးမယ်။



အုပ်စုခွဲ (၁)

နိုင်ငံရေး အရေးမကြီးပါ။ စီးပွားရေးပဲဆိုပြီး အာဏာရှင်နဲ့ ပေါင်းကာ လုပ်စားခဲ့တဲ့အုပ်စု။ ဒေါ်လာသန်းချီ ချမ်းသာကြတယ်။ ကား ဖုန်းမှ အစ အရာရာ သူတို့ခေါ်ဈေး။ သာမာန်လူတွေ လက်လှမ်းမမီ။ နိုက်ကလပ်ကြီးတွေ၊ ကာရာအိုကေကြီးတွေ၊ လောင်းကစားဝိုင်းကြီးတွေ၊ မူးယစ်ဆေးဂိုဏ်းတွေ၊ လူရမ်းကားဂိုဏ်းကြီးတွေ၊ ချဲဒိုင်၊ ဘော်လုံးပွဲဒိုင်ကြီးတွေ၊ ဆေးလိပ် ဘီယာဆိုင်ကြီးတွေ ... စတဲ့ ... စတဲ့ စာရိတ္တပျက်စေတဲ့ စီးပွားရေးကြီးတွေပိုင်တဲ့ လူအုပ်စုတွေလည်း ပါတယ်။ လူငယ်တွေ နိုင်ငံရေးဘက်မရောက်ဘဲ ဖာရုံရောက်အောင် ကြံစည်ခဲ့တဲ့ တကိုယ်ကောင်းသမားတွေ ဖြစ်တယ်။ အတော်ကို ပြန်လည်ပြုပြင်နိုင်မှ ဒီမိုကရေစီစစ်စစ်နဲ့ နီးနိုင်မယ်။

အုပ်စုခွဲ (၂)

စီးပွားရေးလေး အဆင်ပြေနေပြီးရော။ ဘယ်အစိုးရတက်တက် ငါ့အစိုးရပဲဆိုတဲ့ အိပ်စားကာမအုပ်စု ဖြစ်တယ်။ ပညာတတ်ကြီးတွေ၊ စီးပွားရေးသမား ကုန်သည်ပွဲစားတွေကို ဒီအုပ်စုမှာ တွေ့ရလေ့ရှိတယ်။ သြော် ... သူတို့လည်း သူများကားစီး ကိုယ်ကားစီး၊ သူများဖုန်းကိုင် ကိုယ်ဖုန်းကိုင်ချင်တာကိုး။ သာကူးအုပ်စုတွေပေါ့။ NLD တုန်းက NLD။ NLD အရေးမလှတော့ တခြား။ အင်း ... ပြောရမှာ အားတော့နာပါရဲ့။ ဒီအုပ်စုကို ပြုပြင်ပြောင်းလဲနိုင်မှ နောက်ပိုင်း အဆင်ပြေလိမ့်မယ်။

အုပ်စုခွဲ (၃)

နိုင်ငံရေးဆိုတာထက် ဒီနေ့ ဗိုက်ဝရေးကို ဦးစားပေးနေရတဲ့ သနားစရာအုပ်စုပါ။ သူများယောင်တိုင်း လိုက်ယောင်နေရတဲ့ အုပ်စု။ ချဲလေးပေါက်တော့ ၀မ်းသာ။ ညပိုင်း အရက်လေး နှစ်ပက်လောက် သောက်လိုက်ရရင် ပြီးရော။ ကလေးရှင်ပြုဖို့ အဓိက ဘ၀ရည်မှန်းချက်။ ပိုက်ဆံလေး ချေးပေးတော့ ဘုရားမတာပဲ ထင်နေတဲ့အုပ်စု။ ပညာအခြေခံ နည်းသူအုပ်စုလို့ ပြောရင်ရမလား။ ဒီအုပ်စုကို ပညာကောင်းကောင်းတတ်အောင် သင်ပေးနိုင်ရင် အနာဂတ်နိုင်ငံရေး လမ်းဖြောင့်လိမ့်မယ်။

အုပ်စု (၂) ကို ပြန်ဆက်ပါမယ် (ပရစိတ်ထား အများအကျိုးဆောင်အုပ်စု)

အုပ်စု (၂) ကို အုပ်စု ထပ်မခွဲတော့ပါ။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆိုင်တယ်ဆိုပြီး လှုပ်ရှားနေကြတဲ့ အမျိုးကောင်းသားတွေ အားလုံးပါတယ်။ ထောင်ကျဖူးသူတွေလည်း ပါမယ်။ ထောင်မကျဖူးတဲ့ လူတွေလည်း ပါမယ်။ သို့သော် သူများခင်းတဲ့ လမ်းအတိုင်း လိုက်လျှောက်နေတဲ့ လူတွေနဲ့ ကိုယ်လမ်းကိုယ် လျှောက်နေတဲ့ လူတွေဆိုပြီး ကွဲပြားနေသလို တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ ဘုံယူဆချက်ကတော့ တူနေတဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖန်တီးနိုင်ဖို့ လက်တွဲနိုင်ရမယ်။ ကျန်အုပ်စုများ ပြုပြင်ပြောင်းလဲနိုင်ရန် နည်းလမ်းတွေ ချပြပြီး လက်တွေ့ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အချင်းတွေ ထုတ်နိုင်ရမယ်။

ဖြစ်ပျက်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်ပြီး မိမိအမြင်တခုတည်းနဲ့ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

အုပ်စု (၁) နဲ့ အုပ်စု (၃) မှ နိုင်ငံသားတွေ အုပ်စု (၂) လို သဘောထားကာ ပူးပေါင်းလုပ်ဆောင်လာမှသာ အနာဂတ် ဒီမိုကရေစီစစ်စစ်နဲ့ ပြည်ထောင်စုစစ်စစ်ဆီ တက်ညီလက်ညီ ချီတက်နိုင်မယ်။

သရီးအင်ဝမ်းဖြစ်မှ ကော်ဖီသောက်လို့ ကောင်းသလိုမျိုးပေါ့။ တအုပ်စုတည်း ဖြစ်သွားအောင် ကြိုးစားရမယ့်အရေးသည် နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါကြောင်း နိုင်ငံသားတိုင်းကို လေးစားစွာ တင်ပြအပ်ပါတယ်။


မောင်မောင်ဘု
၇-၂-၂၀၁၂

No comments:

Post a Comment