မိုဘိုင်းဖုန်းတွေ အဆမတန်ဈေးကြီးနေရတာနဲ့ ပတ်သက်လို့ ဆဲလူလာခေတ်က
ဆက်သွယ်ရေးမှ အသိ အငယ်တန်းအင်ဂျင်နီယာလေးတစ်ယောက်ကို ကျွန်တော်
မေးကြည့်ခဲ့ဖူးရဲ့... သူပြောခဲ့တာက ဘတ်ဂျက်မလုံ လောက်လို့ ရှိတဲ့ဘက်ဂျက်လေးနဲ့ပဲ
လုပ်ရတော့ လိုင်း အင်အားသောင်းဂဏန်းအတွက်ပဲ တည်ဆောက်ရေးလုပ် ရတယ်... ဒီတော့
တစ်လိုင်းအတွက် ကုန်ကျစရိတ်က သူများနိုင်ငံထက်မြင့်တယ် တဲ့...
ဘတ်ဂျက်မလုံလောက်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနဲ့ လုပ်ပါလား... အနောက်တိုင်း Sanction ရှိပေမဲ့ တရုတ်လို အာရှနိုင်ငံကြီးတစ်နိုင်ငံနဲ့ ဖက်စပ်လုပ်နိုင်တာ ပဲလို့ ကျွန်တော်က ပြန်ပြောတော့ ဆက်သွယ်ရေးလို အသက်သွေးကြောကိစ္စကို လူကြီးတွေက ပြည်ပနဲ့ လုပ် ချင်ပုံမရလို့ ဖြစ်မှာပေါ့လို့ သူက ပြန်ပြောခဲ့တယ်... ဆက်ပြီး သူက သူလည်းဌာနတာဝန်နဲ့ နိုင်ငံခြားသွားရင် ဒီကိစ္စနဲ့ မျက်နှာတောင်မပြရဲပါဘူးတဲ့... လာအို တို့ ဘင်္ဂ လားဒေ့ရှ်တို့ကတောင် ကိုယ့်ထက် ဖုန်းလိုင်းအရေအတွက်ကော၊ သိပ်သည်းဆပါ မယှဉ်သာအောင်များနေတာ မို့ အသာလေးလျှိုနေခဲ့ရတယ်လို့ ပြောရှာတယ်...
အဲဒီ အင်ဂျင်နီယာလေးရဲ့ စကားကို ကျွန်တော် နားလည်ပေးနိုင်ခဲ့ပါတယ်... ဒါပေမဲ့ တိုင်းပြည်ရဲ့ တခြားအသက်သွေးကြောလို့ ဆိုနိုင်တဲ့ လေဆိပ်တို့၊ ရေ ဆိပ်တို့ ကားလမ်းတို့လို ကိစ္စတွေကိုတော့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေနဲ့ လုပ်နေတာ ကြားရမြင်ရတိုင်း သက်ပြင်း ချမိပါတယ်။
ဒါနဲ့ပဲ ဆက်သွယ်ရေးကနေပြီး မြန်မာ့ပထမဆုံး GSM ဖုန်းကို ဆင်းမ်ကတ်တစ်ကတ် ငါးသိန်းနှုန်းနဲ့ ပုဂ္ဂ လိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်စချပေးခဲ့တော့ လုပ်နိုင်သူမို့ စလုပ်ခွင့်ပေးတာပဲလေလို့ နားလည်ပေးခဲ့ပါ တယ်။ (SKY LINK CO လို့ ခပ်ရေးရေးမှတ်မိပါတယ်။ သေချာတာက ဦးနေဝင်းရဲ့မြေးများ ပိုင်ဆိုင်ခဲ့တာပါ)
နောက်တော့ အကြောင်းကြောင်းတွေကြောင့် အဲဒီ ကုမ္ပဏီကလည်း ဆက်လုပ်ခွင့်မရတော့ဘဲ ဆက်သွယ် ရေးကသာလျှင် GSM စီမံကိန်းကို ဆက်လုပ်ခဲ့တယ်... ငါးသိန်းနဲ့ပဲ ရောင်းတယ်... ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ အပြင်ပေါက်ဈေး သိန်း ၃ဝ ကျော်ထိဖြစ်ပြီး အခွင့်ထူးသူတွေ ထီဆုကြီးပေါက်သလောက်နီးနီး ပွကုန် တယ်... ကျွန်တော့်မိတ်ဆွေ စာနယ်ဇင်းအဖွဲ့ဝင်အချို့ တောင် ထောက်ခံချက်တွေနဲ့ လျှောက်လိုက်ကြတာ ရတဲ့ လူရ... မရတဲ့လူမရ... ဒါနဲ့ပဲ နောက်တော့ တရားဝင် ဈေးကိုပဲ ၁၅ သိန်း သတ်မှတ်လိုက်တော့ အမြတ်နည်းသွား ကြတယ်။
တိုးယူလိုက်တဲ့ငွေတွေ အစိုးရဘတ်ဂျက်ထဲ ရောက် သွားတော့လည်း ပြည်သူ့အကျိုးပြုစီမံကိန်းတွေမှာ သုံး စွဲနိုင်တာပေါ့လို့ နားလည်ပေးခဲ့ပါတယ်... ၁၅ သိန်းနဲ့ တောင် လိုအပ်သလိုမရတာမို့ အပြင်ပေါက်ဈေးက သိန်း နှစ်ဆယ်/အစိတ် ဖြစ်နေခဲ့သေးတာ... အိမ်နီးချင်းနိုင်ငံ တွေနဲ့တော့ အကွာကြီးကွာဆဲပေါ့။
အဲဒီနောက်တော့ အစိုးရသစ်မပြောင်းခင်မှာ မူလ ဈေးငါးသိန်း ပြန်သတ်မှတ်ပေးခဲ့ပါတယ်... တိုးချဲ့လိုင်း အင်အားကလည်း သိန်းနဲ့ချီပြီးဖြစ်လာပြီ...တပ်ဆင်ခ ဒီထက်မလျှော့သင့်ပေဘူးလား တွေးမိပေမဲ့ အခွန်အခ အရနည်းတဲ့ တိုင်းပြည်ပဲလေ ... အစိုးရမှာ ငွေလိုနေ တာပဲလို့ နားလည်ပေးခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ GSM သာမက CDMA 450/800 ဆိုတဲ့ ဖုန်းတွေ...FEC ၂ဝ တန်/ ၅ဝ တစ်ခါသုံးကတ်တွေ ပေါ်လာပြီး ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့် ကုမ္ပဏီတစ်ခုတည်းကို ချပေးလိုက်ပြန်တော့လည်း ပထမ ဆုံး GSM တုန်းကလိုပဲ လုပ်နိုင်သူမို့ ပေးလိုက်တာပဲလေ လို့ နားလည်ပေးရပြန်ပါတယ်။
ဒါပေမဲ့ မတွေးဘဲတော့ မနေနိုင်... အဲဒီလုပ်ပိုင် ခွင့်ရသူက တရုတ်က HUAWEI စက်ပစ္စည်းတွေ အဓိက ဝယ်ယူလုပ်ကိုင်တာကို သိရတော့... HUAWEI ကုမ္ပဏီ အကြောင်း အင်တာနက်မှာ ရှာကြည့်မိရဲ့... ဒီတော့ HUAWEI ဆိုတာ အစိုးရတစ်ပိုင်းလုပ်ငန်းဖြစ်ခဲ့ပေမဲ့ အခု တော့ ဝန်ထမ်းတွေကိုလည်း ရှယ်ယာပိုင်ဆိုင်ခွင့်ပေးထား လို့ တိုးတက်မှုအလွန်လျင်မြန်ခဲ့ပြီး တရုတ်မှာသာမက နိုင်ငံတကာဈေးကွက်မှာလည်းကုန်ပစ္စည်းတွေကိုဈေးသက်သာစွာဖြန့်ဖြူးရောင်းချပေးနိုင်တဲ့ကုမ္ပဏီတစ်ခုဆိုတာသိရပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဘယ်လိုပဲ ဈေးချိုပေမယ့် မြန်မာ ပြည်မှာတော့ ဖုန်းကတ်ပေါင်း တစ်သိန်းပြီးတစ်သိန်း တိုးလာတာတောင် တစ်ကတ် ငါးသိန်း (ဒေါ်လာခြောက် ရာဝန်းကျင်) ကနေ မလျှော့ ပေးခဲ့တာကိုတော့ နားလည် ပေးဖို့ စ.. ခက်ခဲလာပါပြီ။
ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ လိုင်းကတ်ပေါင်း သန်းချီလာမယ်ဆိုရင် ၊ကုမ္ပဏီအများ ပါဝင်ခွင့်ရမယ်ဆို ရင် ဆင်းမ်ကတ်တစ်ကတ်တန်ဖိုး (သူများလောက်ဈေး မပေါသေးတောင်) ဒေါ်လာတစ်ရာအောက်လောက်တော့ ဖြစ်လာမယ်လို့ ခန့်မှန်းမျှော်လင့်ထားခဲ့မိပါတယ်။
အထူးသဖြင့် အစိုးရသစ်တက်လာပြီး သမ္မတကြီး စပြောခဲ့တဲ့ သမိုင်းဝင်မိန့်ခွန်းတွေ၊ နိုင်ငံရေးအရ ပြုပင် လုပ်ဆောင်ချက်တွေ၊ မီဒီယာများဖြေလျှော့ပေးမှုတွေ၊ ကားဟောင်းလဲလှယ်ခွင့် အစရှိတာတွေဟာ လစ်ဟာချက် အချို့ ရှိပေမယ့် လူ/နတ် သာဓုခေါ်ရမယ့် လုပ်ဆောင် ချက်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးသိပ်သည်းမှုက ၆ ရာခိုင် နှုန်းသာ ရှိသေးလို့ လိုအပ်ချက်မြင့်မားနေဆဲဖြစ်တဲ့ ၉၄ ရာခိုင်နှုန်းသော ပြည်သူအများစုအတွက်တော့ အဲဒီဖုန်း ကိစ္စ မျှော်လင့်ချက်ဟာ ရိုက်ချိုးခံလိုက်ရပြန်ပါတော့ တယ်။
လိုင်းအင်အား သန်းချီတပ်ဆင်လာရင် တို့တိုင်းပြည် မှာလည်း ဖုန်းဈေး လူတိုင်းသုံးနိုင်အောင်ဖြစ်လာမှာပါ ကွာလို့ အကောင်းမြင်ဟောကိန်းထုတ်ပြခဲ့တဲ့ ကျွန်တော် ဟာ မိတ်ဆွေများအလယ်မှာ ရယ်သွမ်းသွေးခံရပါတော့ တယ်။
ငါးနှစ်အတွင်း သန်း ၃ဝ တပ်ပေးမယ်။ ပထမ ဆုံးနှစ်မှာတင် ၄ သန်း တပ်ပေးမယ်။ ကနဦးတပ်ဆင်ခ ကတော့ နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင် (ဒေါ်လာ ၃ဝဝ/ ၃၇ဝ) ဆိုတဲ့ သတ်မှတ်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေ မှာ ကျပ် ၂ဝဝဝ သုံးဒေါ်လာဝန်းကျင်ပဲ ပေးရမှန်းသိ နေသူတွေအတွက် စိတ်အပျက်ကြီးပျက်စရာပါပဲ။ နောက် နှစ်တွေမှ တဖြည်းဖြည်းလျှော့ပေးမယ်၊ ငါးနှစ်ကြာလျှင် တစ်သိန်းအောက် ရောက်ချင်ရောက်သွားနိုင်တယ်ဆိုတာ မျိုးက လူထုအတွက် နှစ်သိမ့်စရာမဖြစ်တော့ပါ။ တစ် သိန်းဆိုတာ ဒေါ်လာတစ်ရာကျော်ပါ၊ ငါးနှစ်ပြည့်တာ တောင် ကတ်တစ်ကတ် ဒေါ်လာတစ်ရာဖြစ်ဖို့ မသေချာ သေးဆိုတော့ ''ငါတို့လက်ထက်မှာ အိမ်နီးချင်းတွေလို သုံးဒေါ်လာလောက်တော့ မမျှော်လင့်နဲ့လို့'' ပြောတာနဲ့ အတူတူပဲလို့ ထေ့ငေါ့လာတဲ့ မိတ်ဆွေတချို့ကို အဆိုးမြင် သူတွေလို့တောင် အရင်လို ကျွန်တော် မချေပနိုင်တော့ ပါ။
တစ်လိုင်း သုံးသိန်းနှုန်းဝန်းကျင်နဲ့သာ ကတ်လေး သန်းရောင်းမယ်ဆိုတော့ တစ်နှစ်အတွင်း လူထု ၉၄ ရာခိုင်နှုန်းဆီကနေ ကျပ်ဘီလီယံပေါင်း ၁၂ဝဝ လောက် ရယူမယ့် စီမံကိန်းကြီး ဖြစ်နေပါရောလား၊ ဒေါ်လာသန်း ပေါင်း ၁၅ဝဝ လောက် ရှာဖွေမယ့်သဘောဖြစ်နေရာ ဓာတ်ငွေ့ရောင်းရသလောက်နီးနီး ပြည်သူတွေက ဖုန်းအ တွက် ကုန်ကျရမလို ဖြစ်နေပါတယ်။ (တစ်လိုင်း နှစ်သိန်း ခွဲနဲ့ ရောင်းလျှင်တောင် ကျပ်ဘီလီယံ ၁ဝဝဝ=ဒေါ်လာ သန်း ၁၂၅ဝ လောက် ဖြစ်ပါတယ်)
အရင်းအနှီးက ကုမ္ပဏီ ၂၃ ခုပေါင်း ကျပ်ဘီလီယံ ၅ဝဝ လို့ သိရတော့ ပြောခတွေ တစ်ပြားမှ မပါသေးဘဲ ဌာနနဲ့ ပုဂ္ဂလိကတွေပေါင်းပြီး တစ်ကျပ်ရင်းပြီး တစ်နှစ် အတွင်း နှစ်ကျပ်ချက်ချင်းပြန်ရှာမယ့်ပုံစံကြီးဖြစ်နေတာ ကို အလွန်အံ့သြစရာ တွက်ချက်မိပါတယ်။
ပြောခကလည်း တစ်မိနစ် ၅ဝ မို့ အဲဒီဖုန်း ၄ သန်း တစ်လအနည်းဆုံး မိနစ်တစ်ရာ ပြောတယ်ထား၊ ၄ သန်း x ၅ဝx၁ဝဝ= ကျပ်ဘီလီယံ ၂ဝ ရပါမယ်။ တစ် နှစ်ဆိုလျှင် အနည်းဆုံး ကျပ်ဘီလီယံ ၂၄ဝ ရပါမယ်။ တွက်ကြည့်ကြပြီး သူငယ်ချင်းတွေက နိုင်ငံခြားကို ဓာတ် ငွေ့တွေဘာတွေမရောင်းဘဲ ပြည်တွင်းမှာပဲ ဖုန်းတွေ ဒီ အရေအတွက် ဒီဈေးနှုန်းနဲ့ရောင်းပြီး ဘီလီယံချီပြီးရနိုင် တာ နိုင်ငံတကာစီးပွားရေးပညာရှင်တွေ သိကြပုံမရဘူး လို့ သရော်ကြပါတယ်။
အဲဒီနောက် ရွှေပြည်တံခွန်ကုမ္ပဏီရဲ့ ငါးထောင်တန် ဖုန်းဂယက်ထလာတော့ ဘာအဖြေပေးမလဲဆိုတာ ကျွန် တော်တို့ အစောကြီးမှန်းဆထားမိသလိုပါပဲ။
ဒါပေမဲ့ အဲဒီ ငါးထောင်ဆိုတဲ့ တန်ဖိုးနဲ့ပဲ တစ်နှစ် နီးပါး အချိန်ယူတည်ဆောက်နေရပါတယ်ဆိုတဲ့ ဆင်းမ် ကတ် လေးသန်းမြှောက်ကြည့်လိုက်တော့ ကျပ်ဘီလီယံ ၂ဝ ရပါတယ်။ စောစောကတွက်ပြခဲ့သလို ဖုန်းတစ်လုံး တစ်လအနည်းဆုံး ပျမ်းမျှကျပ်ငါးထောင်ဖိုး ပြောတယ် ထား၊ တစ်နှစ် ကျပ်ဘီလီယံ ၂၄ဝ နဲ့ နှစ်နှစ်အကြာမှာ အနည်းဆုံး ကျပ်ဘီလီယံ ၄၈ဝ ရမှာမို့ ကတ်ဘိုးနဲ့ပေါင်း လိုက်ရင် အရင်းပြန်ရပါပြီ။ ဒီနေရာမှာ ဖုန်းတစ်လုံး တစ်လ ငါးထောင်ဆိုတာ တကယ့်ကို အနည်းဆုံးနှုန်း နဲ့ တွက်ထားတာပါ။ ကတ်ဘိုး သက်သာတာမို့ ပြောခ ကို မချွေတာကြဘဲ တစ်လတစ်ကတ် ပျမ်းမျှ ကျပ်တစ် သောင်းဖိုးလောက် ပြောကြမယ်ဆိုရင် ပြောခနဲ့တင် တစ်နှစ်အတွင်း အရင်းကျေသွားနိုင်ပါတယ်။
ဟုတ်ကဲ့ ကိုယ့်ဘာသာကိုယ် အေးအေးနေလို့ရပေ မယ့် တိုင်းပြည်အတွက် အနစ်နာခံလုပ်နေရပါတယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အသက်တွေဘာတွေစွန့်စရာမလို ပါ၊ အရင်းပေါ်ဖို့ နှစ်နှစ်လောက်သာ ထိုင်စောင့်ပေးကြ ပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ငါးထောင်ထိတော့ ချမပေးနိုင်ဘူး။ နိုင်ငံတော်ကို လည်း အခွန်အခတွေသွင်းရဦးမှာဆိုလျှင်လည်း မြန်မာ ပီပီ ဆယ်ဆတိုးပြီး တစ်ကတ် ကျပ်ငါးသောင်းနဲ့ ရောင်း ကြည့်ပါ၊ ၅ သောင်း x ကတ် ၄ သန်း= ကျပ်ဘီလီယံ ၂ဝဝ တိတိရပါမယ်။ အထက်ကလိုပဲ ပြောခ တစ်နှစ် စောင့်ယူလိုက်ရင် အရင်းကြေသွားပါလိမ့်မယ်။ ရှေ့ ဆက်ပြီး ပြည်သူတွေပြောသမျှ အမြတ်ထွက်နေမှာပါ။ (အရင်ဆောင်းပါးမှာ ရေးခဲ့ပြီးပါပြီ)
ဥပဒေအသစ်ဆွဲထားပြီးပြီ၊ လွှတ်တော်မှာတင်လို့ အတည်ဖြစ်တဲ့အခါ Phone Operator တွေ ထပ်ပေါ်လာ ပြီး ဈေးတွေထပ်လျော့ကျနိုင်ပါတယ်လို့ ဆက်သွယ်ရေး တာဝန်ရှိသူတစ်ယောက်က ဖြေတယ်ဆိုတော့ အဲဒီအခါ ကျ မဖြစ်မနေ ထပ်လျှော့ပေးရမှာမို့ လောလောဆယ် ပြိုင်ဘက်ကင်း ဈေးတင်ထားတာလားလို့ တွေးစရာ၊ ဆယ့်ငါးသိန်း/ငါးသိန်းပေးထားရတဲ့ ဖုန်းတွေအကြောင်းကြောင်းကြောင့် ဆင်းမ်ကတ် ပျက်/ပျောက်လို့ အသစ် လဲချင်ရင် ငါးသောင်း (အရင်က တစ်သိန်း၊ အခု သ နားလို့) အမည်ပေါက်နာမည်ပြောင်းချင်ရင် ကိုယ့်တာ ဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ နာမည်ပြောင်းခရေး ခကတော့ ငါးသောင်း၊ လိပ်စာပြောင်းချင်သေးလား၊ တစ်သောင်းဆိုတဲ့ သတ်မှတ်နှုန်းတွေဟာလည်း ပြိုင်ဘက် တွေပေါ်လာပါမှ ပျောက်သွားမယ်ထင်ပါရဲ့လို့ တွေးမိပါ တယ်။
Transition Costs များ လျှော့ချရေး ပြည်ပရင်းနှီး မြှုပ်နှံမှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လယ်ယာ ကဏ္ဍ ဈေးကွက်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးရယူလာသူ တိုင်းရင်းသားတွေရဲ့ လူမှုဘဝမြှင့်တင်ရေး၊ နည်းပညာ တိုးတက်ရေး၊ အလွန်နိမ့်ကျနေဆဲ Tele density အလျင် အမြန် တိုးတက်ရေး၊ ဂျီဒီပီကို အထောက်အကူပြုရေး ဆိုတဲ့ ရည်မှန်းချက်တွေနဲ့……
တန်ဖိုးနိမ့်ပါဆိုတဲ့ ဖုန်းတစ်လုံး အနည်းဆုံး ဒေါ် လာ ၃ဝဝ ….လတ်တလောတစ်နှစ်အတွင်း ဖုန်းလေးသန်း အတွက် ဒေါ်လာ သန်း ၁၂ဝဝ ….ပြောခမပါသေးပါ … ဟုတ်ကဲ့ ……. ကျွန်တော်တော့ ဘယ်လိုမှ နားမလည်နိုင်တော့ပါ။
မင်းမြတ်စံ (မက်ဆင်ဂျာဂျာနယ်)

No comments:
Post a Comment