Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

14 February, 2012

တိုင်းရင်းသားလား နိုင်ငံသားလား

 တိုင်းရင်းသားလား နိုင်ငံသားလာ
ကျွန်ပ်တို့၏ကမ္ဘာမြေပြင်၌နေထိုင်ကြသောလူမျိုးတိုင်းသည်လူမျိုးစုများဖြစ်ကြပါသည်။   မြန်မာနိုင်ငံတွင် လူမျိုး စုပေါင်း ၁၀၀ ကျော်ခန့်နေထိုင်ကြောင်းလေ့လာမှတ်သားဖူးသည်။ မည်သို့ပင်ဖြစ်စေ လူမျိုးစု၊လူ နည်းစုဆိုသည်မှာ လူဦးရေနည်းသော လူမျိုးတစ်စုကိုခေါ်ဆိုကြောင်းကျွန်တော်တို့ အလွယ်တကူသဘော   ပေါက် မိကြသည်။ ထိုသဘောပေါက်မှုသည်မှားယွင်းသောသဘောပေါက်မှုဖြစ်သည်။ ထိုသို့ယူဆမိ    သောကြောင်း ( ethnic minorities as ethic, ethic people ) လူမျိုးစု၊ လူနည်းစုဖြစ်ရခြင်းမှာ သာမန်မဟုတ်သလိုထင်တတ်ကြပြီး၊ လူဦးရေများသည့် လူအဖွဲ့အစည်းတစ်ခုမှ ကွဲပြားခြားနားသူများ (Diviant) အဖြစ်ရှုမြင်တတ်ကြသည်။ Neil Thomspon ရေးသားသော Anti-Discriminatory Practice စာအုပ်တွင် သူပြောသည်မှာ..
“it is often forgotten that all people are ‘ ethnic’, that is, belong to a cultural group, and so it is both inaccurate and misleading to refer to members of ethnic minorities as ‘ethnics’ or ‘ethnic people’. This implies that to be a member of the ethnic majority is ‘normal’ and so members of ethnic minorities are by definition deviant. This is a form of racism” ဟုဆိုပါသည်
လူတိုင်း၊လူတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းကို ယင်းတို့၏ တန်ဖိုးများ၊ ယဉ်ကျေးမှုများ၊ အတွေးအမြင်များ၊ အမျိုးသားရေလက္ခဏာများဖြင့်ဖွဲ့စည်းထားပါသည်။ ယင်းကြောင်း လူမျိုးစု များနှင့် တခြားလူဦးရေ များသော လူမျိုးတစ်မျိုးနှင့် လူဦးရေများသည်ကလွဲပြီး မည်သည်တစ်ခုမျှကွာခြားခြင်းမရှိပါ။ ထို့ကြောင်း သည်ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်လူအားလုံးသည် လူမျိုးစုများဖြစ်ကြပါသည်။ အခြားတစ်မျိုးယူဆလျှင် သည်ကမ္ဘာမြေကြီးတွင် လူမျိုးစု (သို့) တိုင်းရင်းသားဆိုသည်ဝေါဟာရများမရှိနိုင်ပေ။

ကျွန်တော်စဉ်းစားမိသည်မှာ လူမျိုးတိုင်းသည်လူမျိုးစုဖြစ်သည် (သို့မဟုတ်) သည်ကမ္ဘာမြေကြီးတွင်လူမျိုးစု ဟုခေါ်သောလူအစုမျာုးမရှိပါ။ ကျွန်တော်တို့သည်လူသားမျိုးနွယ်များသာဖြစ်ကြပါသည်။ Thomspon စကား ကိုပြန်ကောက် ရသော် မြန်မာနိုင်ငံ၌လူများစုဖြစ်သောဗမာ(မြန်မာ) ဖြစ်ရခြင်းသည် အခွင့်ထူး ခံလူတန်စား(သို့မဟုတ်) နံပါတ်တစ်ဦးစားပေးလူတန်းစားဖြစ်နေပြီး တစ်ခြားလူမျိုးနွယ်စုများမှာ နံပါတ်(၂) အဆင့်ရှိလူတန်းများကဲ့သို့ဖြစ်နေတော့သည်။ မြန်မာတပ်မတော်တွင် နှင့်အုပ်ချူပ်ရေးဘက်ဆိုင်ရာများတွင် ရခိုင်လူမျိုးများ မည်သို့ပင်တော်စေကာမှု အဆင့်ထိပ်သို့မတက်နိုင်ကြပေ။ သည်ကိစ္စနှင့်ပတ်သတ်လျှက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှဒေါက်တာအေးမောင်မှပွင့်ပွင့်လင့်လင့်ဝေဖန်ထောက်ပြထားသည်။
ကျွန်တော်တို့နေထိုင်သောမြန်မာပြည်တွင်လူတိုင်းသည်တိုင်းရင်းသားဆိုသောစကားလုံးကိုကြားဖူးလိမ့်မည်။ တနည်းဆိုရသော် သည်တိုင်းရင်းသားဆိုသည့်စကားလုံးသည် အလွန်ပင်ပေါ်ပျူလာဖြစ်သောစကား လုံး တစ်လုံးဖြစ်သည်။ အစိုးရ၊အတိုက်အခံ၊လူမျိုးစု ထိုထိုသောနိုင်ငံရေးအဖွဲ့အစည်းများကြားတွင် တိုင်းရင်း သား ဆိုသည့်စကားလုံးအလွန်ပင်ခေတ်စားလေသည်။ တိုင်းရင်းသားအခွင့်အရေး၊တိုင်းရင်းသားအရေး၊ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးစသည် အရေးပေါင်းသောင်းခြောက်ထောင်နှင့်နပန်းလည်းလုံးလာကြ သည် မှာများပြီ။
တိုင်းရင်းသားဟုသောစကားပေါ်ပေါက်လာခြင်းသည်မြန်မာနိုင်ငံအတွက်အကျိုးတစ်စုံတရာဖြစ်ထွန်းနိုင်၊မဖြစ်ထွန်းနိုင်ဆိုသည်မှာ အလွန်ပင်စဉ်းစားရခက်ပါသည်။ မည်သူပင်ဆိုစေ တိုင်းရင်းသားဆိုသည့် စကား   ကြောင်း မြန်မာနိုင်ငံတွင်ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများဖြစ်ပေါ်ခဲ့သည်။ လူနည်းစုတိုင်းရင်း သား အားလုံးမြန်မာလူမျိုးများအား အစာမကြေမှုများသာ ရလဒ်အဖြစ်ပေါ်ထွက်ခဲ့ပါသည်။ တိုင်းရင်းသား ဆိုသည့်စကားလုံးကြောင်း လူမျိုးရေး ခွဲခြားဆက်ဆံမှုများ ကျွန်တော်တို့ကြုံတွေ့လာရသည်။
ကျွန်တော်နေဖူးသော ယူကေတွင် မြောက်အိုင်ယာလန်၊စကော့တလန်၊ဝေလနယ်နှင့်အင်္ဂလန် ဟု ပြည် သုံးပြည်ရှိပါသည်။ အတူတကွအေးချမ်းစွာနေထိုင်ကြသည်။ ကျွန်နော်နေထိုင်စဉ်ကာလအတွင် စကော့လူ မျိုးများ၊ဝေလေလူမျိုးနှင့်မြောက်အိုင်ယာလန်သားများအား အင်္ဂလိပ်တိုင်းရင်းသားများဟုသုံးနှုန်းသံ ၊ပြောဆို သံ ၊ ရေးသားမှုများ မမြင်ဖူးမကြားဖူးပါ၊ စကော့၊ဝေး(လ်)၊ အိုင်းရစ်စသည့်အသုံးနှုန်းသာကြား ဖူးပါသည်။
မည်သည့်အတွက်ကြောင်းတိုင်းရင်းသားဆိုသည့်စာလုံးမြန်မာစကားတွင်ပေါ်ပေါက်ခဲ့ပါသနည်း။ တိုင်းရင်း သား ဆိုသည့် စာလုံးကို အဓပ္မာယ်ဖော်ဆောင်သည့်ဖော်ညွန်းချက်မြောက်မြားစွာရှိပါသည်။ ကျွန်တော် ညာဏ်မမီ၍အကျယ်မချဲ့လိုပေ။ ရန်ကုန်တွင်ကျွန်တော်နှင့်အလွန်ရင်းနှီးသောသမာသမတ်ကျသောမြန်မာ ဆရာတစ်ယောက်ကို တိုင်းရင်းသားဆိုသည့် စကားလုံးအကြောင်း ကျွန်တော်မေးဖူးသည်။ ဆရာပြော သည်မှာ ရှင်းသည်၊ တိုသည်၊ပြတ်သားသည်။ “ တိုင်းရင်းသားလို့သမှတ်လိုက်တာ၊ခေါ်လိုက်တာဟာ မင်းတို့ ရခိုင်၊ရှမ်း၊ကချင်၊ကရင် စတဲ့လူမျိုးတွေကို ဗမာခေါင်းဆောင်တွေ တဆင့်နှိမ့်လိုက်တာဖြစ် တယ်” ဟုသူပြန်ဖြေသည်။ သူ့အဖြေကိုအတိုင်းအတာတစ်ခုကျွန်တော် လက်ခံမိသည်။
တစ်နေ့တွင် ကျွန်တော်သည် တောင်ဒဂုံအခွန်ရုံးသို့ရောက်ရှိခဲ့သည်။ အခွန်ဝန်ထမ်းများနှင့်ကျွန်တော်စကားလက်ဆုံကျဖြစ်သည်။ ကျွန်တော်စကားပြောရာတွင်ရခိုင်ဝဲသံပါလေရာ အခွန်အရာရှိအမကြီး တစ်ယောက်က ကျွန်တော်အား တိုင်းရင်းသားလားဟုမေးသည်။ ကျွန်တော်က ဟုတ်မှန်ကြောင်း ကျွန်တော်သည် ရခိုင်လူမျိုးဖြစ်ကြောင်းပြောပြသည်။ အမကရော ဘာတိုင်းရင်းသားလဲဟုကျွန်တော်  ပြန်မေးရာ သူမအဖြေကြောင်းကျွန်တော်ခေါင်းထဲ အတွေးပေါင်းများစွာရိုက်ခတ်ကုန်သည်။ သူမအဖြေမှာ သူမသည် တိုင်းရင်းသားမဟုတ်ကြောင်း၊ မြန်မာလူမျိုးစစ်စစ်ဖြစ်ကြောင်းပြောသည်။
    ဆက်စပ်တွေးတောရလျှင် တိုင်းရင်းသားဖြစ်ခြင်းသည် အဆင့်(၂)တွင်ရှိလျက်မြန်မာ(ဗမာ)လူမျိုးသည် အဆင့်(၁)တွင်အမြဲတမ်းရှိနေသည်။ယင်းကြောင်းမြန်မာလူမျိုးများသည်မိမိကိုယ်ကို ဗမာတိုင်းရင်းသား (သို့) မြန်မာတိုင်းရင်းတိုင်းဟု မခံလိုကြပေ။ တိုင်းရင်းသားဖြစ်ခြင်းသည်တဆင့်နှိမ့်သည်ဟုခံစားထင်မြင် တတ်     ကြသည်။ တခြားမွန်၊ချင်း၊ ရခိုင်များကသာ မြန်မာတိုင်းရင်းများဖြစ်လျက် မြန်မာ၊ဗမာ များမှာ လူမျိုးကြီး (သို့မဟုတ်) မဟာအဖြစ်ဆိုက်ရောက်ကုန်တော့သည်။ ဗမာ(သို့)မြန်မာများသည် မြန်မာနိုင်ငံ တွင်မှီတင်းနေထိုင်ကြသောတခြား ညီအစ်ကိုလူမျိုးစုများ၏တိုင်းရင်းသားမဟုတ်ပေလား၊ ထိုခံစားမှုသည် လူအချင်းချင်းခွဲခြားဆက်ဆံမှု၊ လူမျိုးကြီးဝါဒ၏ သန္ဒေသားလောင်းများဖြစ်သည်။ ပိုဆိုးသည်မှာ မြန်မာ (၀ါ ) ဗမာ လူမျိုးသည် မိမိကိုယ်ကို လူမျိုးစုတစ်စုဆိုသည်ကိုပင်မေ့လျော့နေတတ်သည်။
မကြာသေးမီက ကျင်းပလားသော အကယ်ဒမီဆုပေးပွဲတွင် အနောင်စာမှ သက်မွန်မြင့်အား ချင်းတိုင်းရင်း သူလေးဟု သုံးနှုန်းသွားသည်ကို စာဖတ်သူတို့ကြားလိုက်မိကြလိမ့်မည်။ မြှောက်စားလိုခြင်းကြောင်း လား   နှိမ့်ချခြင်းလား ပြုလုပ်သူများသာသိမည်။တခြားအကယ်ဒမီဆုကြီးများ မြောက်မြားစွာရလားသော မြန်မာ(၀ါ)ဗမာ လူမျိုးများအား အနောင်စာမှ ဗမာတိုင်းရင်းသူ(၀ါ) မြန်မာတိုင်းရင်းသားလေး မည်သူမည်ဝါဟု မခေါ်သင့်ပေဘူးလားဟု ကျွန်တော်ဆပ်စပ်တွေးတောမိတော့သည်။ လူမျိုးရေးခွဲခြားသူများသည် မည်သူများနည်း၊ စာဖတ်သူများသုံးသပ်ကြည့်ပါလေ။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင်တိုင်းရင်းသားဆိုသောစကားလုံးသည် နိုင်ငံရေးလက်နက် ( political weapons) အဖြစ်အသုံးပြုရန်တွက်ပေါ်ထွက်လာခြင်းဖြစ်သည်မှာ ငြင်းစရာမလိုပါ။ တိုင်းရင်းသား အစား ပြည်ထောင်စုသားဟုမှည့်ခေါ်လျှင် ကောင်းဦးမည်ဟုထင်မိပါသည်။ ၎င်းတိုင်းရင်းသားဆိုသည့် စကားလုံးစနက်ကြောင်းမြန်မာနိုင်ငံသည် အနောက်ဘက်မှခိုးဝင်သည့် လူမျိုးခြားများ၏ တိုင်းရင်း သားတောင်း ဆိုမှု၊ နယ်မြေချဲထွင်မှုများနှင့်ကြုံတွေ့နေရပြီဖြစ်သည်။ ထိုကိစ္စများအား ရခိုင်ပြည်နယ် တွင်သာဖြစ်ခြင်းဖြစ်သည်၊ ရခိုင်လူမျိုးများ၏ပြဿနာသာဖြစ်သည်စသည်ဖြင့် အတွေးလွယ်ပါက မကြာမှီကာလအတွင်း မြန်မာပြည်တစ်ပြည်လုံးဒုက္ခလှလှတွေ့လားပါလိမ့်မည်။ ကြာမည်၊မြန်မည် ထိုနှစ်မျိုးသာရှိနိုင်သည်။
ကျွန်တော်စကော်တလန်တွင်ရှိစဉ်ကာလအတွင်းလန်ဒန်မြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင်တရားစခန်း ၀င် ဖူးသည်။ တစ်နေ့တွင်စကားလက်ဆုံကျခိုက်မြန်မာမျိုးချစ်များ မှ မြန်မာသမိုင်း အကြောင်းအစချီတော့သည်။ မြန်မာဘုရင်များ၏စစ်ပွဲများအကြောင်း၊ မြန်မာပညာရှိများ၏အပြော အဆို၊ မြန်မာဘုရင်များ၏ စစ်ပရိယယ်ကြွယ်ဝမှု စသည့် ပြောမဆုံးနိုင်သောမြန်မာသမိုင်းအကြောင်း များဆွေးနွေးကြသည်။ ကျွန်တော်လည်း ပွင့်ပွင့်လင့်လင့်ဝင်ရောက်ဆွဲနွဲမိသည်။ မြန်မာသမိုင်း အကြောင်ြးေ ပာလို့သူတို့မောနေ   လောက်ပြီဟုအထင်နှင့်ကျွန်တော်ရခိုင်သမိုင်းအကြောင်း အနည်းငယ် မိတ်ဆတ်မိတော့သည်။ ဤ်တွင်    ပြဿနာ စတော့သည်။
မြန်မာမျိုးချစ်များမှကျွန်တော့ကိုပြောပြသည်မှာ ရခိုင်သည်ဗမာလက်အောက်ခံဖြစ်ကြောင်း၊ရခိုင်ဘုရင်များ မှ မြန်မာဘုရင်များအား အခွန်ပဏာဆက်ရကြောင်း၊ ရခိုင်ပြည်အား မည်သည့်အချိန်မဆိုသိမ်းပိုက်လျှင်ရ   ကြောင်း၊ရခိုင်စကားနှင့်ဗမာစကားဆင်တူနေခြင်းကြောင်း မြန်မာဘုရင်များညီငယ်များသဖွယ်ဆက်ဆံ 
သောကြောင်းသနားညှာတာသောအားဖြင့် ဗမာ(၀ါ)မြန်မာများမသိမ်းပစ်ခဲ့ခြင်းဖြစ်ကြောင့် စသည့် ရခိုင်သမိုင်းအသစ်များဖြင့်မိတ်ဆတ်ပေးပါတော့သည်။
အလွန်ပင်အထက်စီးနိုင်လွန်သည် ဟုကျွန်တော်ထင်မိပါသည်။ ပိုထူးဆန်းသည်မှာ ဤစကားဝိုင်းတွင် ၀င်ရောက်ပြောဆိုကြသောလူငယ်များ မှာလန်ဒန်၌ကျောင်းတတ်နေသောခောတ်ပညာတတ်လူငယ်များ 
ဖြစ်နေခြင်းကြောင်းပင်။ နောက်လူငယ်တစ်ယောက်မှဆက်ပြီး “ ရခိုင်တွေမဆိုးပါဘူး၊ မြန်မာနိုင်ငံမှာ အဆင့်(၃)လောက်ရှိတာဘဲ” ဟုဆိုသည်။ ကျွန်တော်မှ လွန်စွာအံ့သြသင့်လျက် အဆင့်ဆိုသည်မှာ မည်သည့်အရာကိုပြောပါသနည်းဟု စိတ်ဝင်စားစွာမေးမိရာ သူရှင့်ပြမှပိုပြီးအံ့သြရတော့သည်။ သူဆက်ပြောသည် မှာ မြန်မာနိုင်ငံတွင် မြန်မာလူမျိုးသည် အဆင့်(၁)ဖြစ်ကြောင်း၊မွန်သည်အဆင့်(၂)   ဖြစ်ကြောင်းနှင့် ရခိုင်သည်သမိုင်းအထောက်အထားအရ အဆင့်(၃) လောက်ရှိကြောင်းစသည်ဖြင့်ပြောပြသည်။
သမိုင်းအထောက်အထားအရ မြန်မာနိုင်ငံတွင် ရခိုင်သည်အဆင့်(၃)ဟုပြောသော် အမှားကြီးမှားနေ ပါသည်။ အဘယ့်ကြောင်းဆိုသော် ရခိုင်လူမျိုးများသည် မိမိကိုယ်ပိုင်နိုင်ငံတည်ထောင်ပြီး ဗမာ(မြန်မာ) လူမျိုးများထက် နှစ်ပေါင်း(၁၀၀၀)ခန့်စောလျက် မြို့ပြနိုင်ငံတည်ထောင်ခဲ့ကြသည်။ ယဉ်ကျေးမှုများထွန်းကားခဲ့သည်။ ရခိုင်လူမျိုးများသည်ငွေကြေး စနစ်များတီထွင်ပြီး   ရွှေဒင်္ဂါးများသွန်းလုပ်ချိန်တွင် ဗမာနိုင်ငံတွင် စီးပွားရေးဆိုင်ရာငွေကြေးလှဲလယ်မှုစနစ်မှာ အလွန် ပင်နိမ့်ကျနေ ပါသေးသည်။ သမိုင်းအထောက်အထားအရ ရခိုင်ဘုရင်များသည်မည်သည့်နိုင်ငံသြဇာမှ မခံယူခဲ့ပေ။
မွန်ဂိုများပင်ဖိန့်ဖိန်တုန်အောင်ကြောက်ရသောရခိုင်ပြည်သည် ဗမာဘုရင်အား အခွန်ဆက်သသည် ဆိုသည်မှာရာယ်စရာတော့ကောင်းပါသည်။ဤသို့ထောက်ပြရခြင်းမှာ ရခိုင်သမိုင်းကြောင်းကြွားလို၍မဟုတ်ပေ။ အမှန်တရားတစ်ခုကိုမိတ်ဆက်ပေးခြင်းသာဖြစ်သည်။ဤသို့ဖြင့်ကျွန်တော်သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ကိုယ့်နိုင်ငံဖြင့် နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့သော ရခိုင်လူမျိုးအတွက် သမိုင်းစာမျက်နှာ အသစ်တစ်ခုရလိုက်သည်။
အမှန်တရားကိုရင်ဆိုင်နိုင်မှုမြန်မာလူငယ်များစိတ်ထဲတွင် အလွန်နည်းပါးနေပြီးလား၊ မိမိနှင့်မတူခြား နားသော လူများကို လေးစားနိုင်သောစိတ်ထားများအလွန်ပင်နည်းနေပြီးလား၊ မိမိသမိုင်းကိုတန်ဖိုးထား သကဲ့သို့ တစ်ခြားလူမျိုးများ၏သမိုင်းများကိုလည်း မြန်မာလူငယ်များတန်ဖို့ထား လေးစားတတ်   ပြီလား၊   မေးစရာများတန်းစီနေပါတော့သည်။ မည်သည့်အတွက်ကြောင်းထိုကဲ့သို့ဖြစ်ရပါသနည်း။   မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော လူမျိုးများ၏သမိုင်းများကို လေ့လာမှုအားနည်းခြင်းကြောင်းလား၊ အရွဲ့တိုက်ခြင်းလား၊ မြန်မာလူမျိုးကြီးဝါဒလောင်းရိပ်မိခြင်းကြောင်းလား၊ တိုင်းရင်းများအားအဆင့်လိုက်ခွဲခြားသတ်မှတ်ခြင်းကြောင်းလား၊ စသည့်လားပေါင်းတစ်ရာနှင့်ကျွန်တော်နပန်းလုံးရတော့သည်။
ညာဏ်မှီသလောက်စဉ်းစားရသော် မြန်မာလူငယ်များသည် မဟာဝါဒလောင်းရိပ်မိနေကြသည်။ တိုင်းရင်းသားဆိုသည်မှာ အဆင့်နှိမ့်သောလူမျိုးစုနွယ်များအဖြစ်ထင်မြင်နေကြသည်။ ယင်းကြောင်း ရခိုင်လူမျိုးများမှ သမိုင်းကြောင်းများကိုထုတ်ဖော်ရေးသားပြောဆိုလာလျှင် မြန်မာအများစုမှာ မနှစ်မြို့ကြပေ။ ရခိုင်ထမင်းဆိုင်တွင် ရခိုင်သီချင်း ဗွီစီဒီ ကာရာအိုကေဖွင့်သောကြောင်း  စိတ်ကသိကအောက်ဖြစ်ဟန်တူသော မြန်မာများကို ကျွန်တော် ထူးဆန်းအံ့သြစွာတွေ့ဖူးပါသည်။
ထိုသို့ထင်မြင်လာအောင်လည်းအဘက်ဘက်မှတွန်းအားပေးလျက်ရှိပါသည်။ ဆက်စပ်ပြောရလျှင်ယင်းကဲ့သို့စိတ်ထားများဖြင့် တိုးတက်သောပြည်ထောင်စုလူ့ဘောင်အဖွဲ့အစည်းအားတည်ဆောက်အလှမ်းဝေးနေဦးမည်။ အပေါင်းလဏ္ခာဆောင်သော ချဉ်းကပ်မှုများကို လူငယ်များလက်ခံမှုအားနည်းပေလိမ့်မည်။ လူမျိုးစုများကြား ညို့နှိင်းမရသော ကွာဟမှုများကျွန်တော်တို့ယခုလက်ရှိခံစားနေရသည်။ အနာဂတ်တွင်လည်းခံစားလာရမည်။
ကျွန်တော်စကောတလန်တွင်သက္ကသိုလ်တက်နေစဉ်အတွင်း ရခိုင်ပြည်နယ်ကိုယ်စားပြု ပဉ္စ၀တီအက်(ဖ) အမ် ကိုရခိုင်ဘာသာဖြင့်လွင့်မည်ဟုကြားသိမိခြင်းကြောင်းအလွန်ပင်ဝမ်းမြောက်မိသည်။ သို့သော်လည်း မှန်ချက်နှင့်နှမ်းထွက်တက်တက်စင်လွဲခဲ့ရသည်။ ထိုရေဒီယိုအသံလွင်ဌာနမှာ ရခိုင်ဘာသာစကားနှင့် လွင့်မလိုလိုနှင့်ထုံးစံအတိုင်းမြန်မာဘာသာဖြင့်လွင့်သည်။ ရခိုင်သီချင်းဂဏ္ဍ မိနစ်(၂၀)မှလွဲလျက် အားလုံးမြန်မာစကားဖြင့်လွင့်သည်။ စစ်တွေမြို့မှ ရပ်မိရပ်ဖ နှင့် ရခိုင်လူငယ်၊ ဘုန်းကြီး၊ကိုရင်စသည့်တို့ကို ပဉ္စ၀တီအက်(ဖ်)အမ်ကို ပတ်သတ်လျက်ကျွန်တော် စစ်တမ်းကောက် ကြည့်သောအခါ ၎င်းတို့မှ ရခိုင်ဘာသာဖြင့်လွင့်စေချင်ကြောင်းပြောကြသည်။
ဂျာပန်နိုင်ငံ၌ အိန္ဒိယ လူမျိုးများအတွက် အိန္ဒိယကုလားဘာသာဖြင့် ရေဒီယိုအသံလွင့်ပေးသည်ဟုကြားသိရသည်။ ယူကေတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ( စကော့တလန်လူမျိုးမှုရင်းစကား၊ စကော်တလန်သားများယင်းစကားကိုမပြောကြတော့ပါ) ဂေလိလ့်( Gaelic) ဆိုသောဘာသာစကားဖြင့်ပင် အသံလွင့်ပေးခြင်း၊ သတင်းစာများရိုက်ထုတ်ဝေခြင်းများရှိသည်။ လူဦးရေ ၃ သန်းခန့်မျှပြောဆိုသော ရခိုင်စကား၊ရခိုင်ဘာသာဖြင့် သတင်းစာမပြောနှင့် ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်မဖတ်ဖူးပါ။ ဘာသာစကာများ မပျောက်ကွယ်ရအောင် ယူနစ်စကိုမှ လုံးလမ်းထုတ်နေချိန် တွင် မြန်မာနိုင်ငံ တွင် မြန်မာစကားပြောရာတွင် မိခင်အသံဝဲနေသောကြောင်း အဟားခံရကိန်းဆိုက်နေ ပါသည်။
အထက်တွင်ပြောခဲ့သည့်အတိုင်းလူမျိုး တစ်မျိုးနှင့်မည်သို့ထပ်တူမကျနိုင်ပေ။ မြန်မာများဖြစ်ကြသော ရန်ကုန်သားနှင့်မန္တလေးသူတောင် မတူမတူ၊ ဘယ်အရာမှမတူကြပါ။ ထို့ကြောင်း ရခိုင်နှင့်မြန်မာ တူရမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။ လူအချင်းချင်းအဘယ့်ကြောင့်မတူရပါသနည်း။
Storkey(1991) ကထောက်ပြသည်မှာ
“ All the characteristics which go to make up cultural identity origins, physical appearance, language, family structure, religious belief, political, food, art, music, literature, attitudes towards the body, gender roles, clothing, education.” ဟုဆိုပါသည်။ လူမျိုးတစ်မျိုး နှင့် တစ်ယောက်နှင့်တစ်ယောက် ယင်းတို့၏ကြီးပြင်ပုံနေရာဒေသအလိုက်ကွဲပြားမှုရှိပါသည်။ ဥပမာ ဆိုရသော် ရခိုင်ဒေသတွင်မွေးလျှင် ရခိုင်ရိုးရာဓလေ့ထုံးတမ်းအစီအလာ၊ဘာသာစကား၊ယုံကြည်မှု၊တွေးခေါ်မှု၊ဂီတ၊အနှပညာ စသည့်ရေမတွက်နိုင်သောအရာများသည် ယင်းလူအား ရခိုင်တစ်ယောက်အဖြစ်ပုံသွင်းပေးပါသည်။ ရန်ကုန်တွင်မွေးသောရခိုင်တစ်ယောက်နှင့် ရခိုင်ပြည်နယ်တွင်မွေးဖွားသောရခိုင်တစ်ယောက် မတူကြပါ။ ကွဲပြားခြားနားမှုများစွာရှိပါသည်။
စစ်မှန်သော၊ဟန်ဆောင်မှုကင်းသော၊လူမှုရေးအရတိုးတက်ဖွံ့ဖြိုးသောပြည်ထောင်စုအစစ်အမှန်ကိုသွားလိုလျှင်မတူကွဲပြားမှုများကိုကျွန်တော်တို့လက်ခံတက်ရပါမည်။ လူမျိုးတစ်မျိုးသည် တစ်ခြားလူမျိုးတစ်မျိုး၏     ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ဘာသာစကား၊ယုံကြည်မှု၊တွေးခေါ်မှု၊ဂီတ၊အနှပညာ စသည့်ရေမ တွက်နိုင်သော အရာများသည်ကို အပေါင်းလက္ခဏာဆောင်သော အမြင်များဖြင့်ကြည့်တတ်ရပါမည်။ Each people on this earth are with different characteristics and patterns and it is important for us to see it through. ဟု Storkey(1991) ဆိုထားပါသည်။
နေရာတိုင်းတွင် အလောင်းမင်းတရား၊ကျန်စစ်သား၊ဗိုလ်ချူပ်အောင်ဆန်၊အောင်ဆန်းစုကြည်စ သည်ဖြင့် ပြောနေလို့မပြီးချေ၊ ငါတို့မှာ စသည့်သမိုင်းဂုဏ်ပုဒ်များရှိသလို မြန်မာနိုင်ငံရှိ တစ်ခြားလူမျိုးများတွင်ဆိုင်ရာဂုဏ်ပုဒ်များ များစွာရှိသည်ဟု Mutual ကျသော အတွေးအမြင် အသိအမြင်များ မွေးဖွားရပါမည်။ ရခိုင်တစ်ယောက်မှ ဗိုလ်ချူပ်အောင်ဆန်းဓာတ်ပုံကို အလေးထားမြတ်နိုးသလို မြန်မာတစ်ယောက်မှလည်း ဘုရင်မင်းဘာကြီး၊ ဆရာတော် ဦးဥတ္တမကဲ့သို့သောပုဂ္ဂိုယ်တို့ကိုလည်း လေးစားကြည်ညိုတတ်ရမည်။ မွန်သူရဲကောင်းများကိုလေးစားဂုဏ်ယူရမည်။ ရှမ်းစော်ဘွားများကို တန်ဖိုးထားလေးစားရမည်။ နောင်ရိုးတိုက်ပွဲအကြောင်းကိုသိသလို၊ ပေါ်တူဂီရေတပ်ကိုတိုက်ခိုက်အောင်မြင်သော ဘုရင်မင်းဘာကြီးအကြောင်းကိုလေ့လာရမည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကြေးမုံသတင်းစာမှ အေဒီတာအာဘော်တစ်ခုကျွန်တော်ဖတ်မိသည်။ အိုင်ဒီယာအများစုကိုလက်ခံနိုင်သော်လည်း သမိုင်းကြောင်းကိုထောက်ပြရာတွင်အမှန်ကိုအမှန်တိုင်းပြတ်ပြတ်သားသားလိပ်ပြာသန့်သန့် ရေးသားရန်များစွာလိုနေပါသေးသည်။ မြန်မာနိုင်ငံတွင်ဗမာ(၀ါ)မြန်မာလူမျိုးတည်း၌သာသမိုင်းကြောင်းရှိသည်မဟုတ်ပါ။ မြန်မာတိုင်းရင်းသားများသည်တောင်ငူ၊ပုဂံ၊အင်းဝ စသည့်ခေတ်များ တည်ထောင်လျက်အတူတကွငြိမ်းချမ်းစွာနေ ခဲ့ကြသည်ဟုမြန်မာလူမျိုးကြီးဝါဒကို အသက် သွင်းခြင်း သည်မြန်မာနိုင်ငံရှိတခြားလူမျိုးများ၏ကြီးကျယ်သောသမိုင်းကြောင်းများကို သီအိုရီအသစ် များနှင့်စော်ကားရာကျနေပါသည်။အမှန်ကိုအမှန်အတိုင်းရေးစေချင်ပါသည်။ သို့မှသာ ပြည်ထောင်စုသားများ တစ်ယောက်အပေါ်တစ်ယောက်လေးစားကြည့်ညိုကြပါလိမ့်မည်။
စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကိုဖော်ဆောင်ရာတွင် ဦးရွှေရိုးနှင့်ဒေါ်မိုး အကကို ကမ္ဘာဆုံးထိကပြနေ၍မပြီးချေ။ လုပ်သင့်လုပ်ထိုက်သည်မှာ စိတ်ထားမှန်ကန်စွာဖြစ်လုပ်လားရန်အလွန်အရေးကြီးသည်။ ပြည်ထောင်စုဖွားညီနောင်များအား သူတို့လိုချင်သော identity များကိုအာမခံပေးရမည်။ ပြည်နယ်၊ပြည်မ မခွဲခြားဘဲ တိုးတက်ရန်အလားအလာကောင်းနေသောမည်သည့်ပြည်နယ်၊တိုင်းမဆို ကူညီလုပ်ဆောင်ပေးရမည်။ ပြည်မတိုးတက်ပြီးမှပြည်နယ်တိုးရမည်စသော လက်တွေ့မကျသော အတွေးအခေါ်၊ နှိမ့်ချမှုများအား ခ၀ါချရမည်။
ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသည် လူမျိုးကြီးမဟာဝါဒ အပေါ်အခြေခံပေါ်ပေါက်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ မဟာဝါဒမရှိလျှင် ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒမရှိနိုင်ပေ။ သာမာန်အားဖြင့်မတူညီသောလူမျိုးစုများအကြား ညီညွတ်ခြင်း၊စည်းလုံးခြင်း၊ချစ်ခြင်းစသည် ဟာမိုနီများကိုယူဆောင်ရာ မဟာဝါဒကို ခ၀ါချဖို့လိုပါသည်။
ပြည်ထောင်စုသားများအကြားကျွန်တော်တို့သည် Act Justly, Love Tenderly, Walk Humbly စသည့် တန်ဖိုးကြီးသော လူသားအခြခံစိတ်ဓာတ်များလိုအပ်သည်။ စစ်သူကြီးမဟာဗန္ဒူလကြေးရုပ်ကို ရခိုင်ပြည်လမ်းဆုံလမ်းကြားများထုလုပ်ထားရှိခြင်းဖြင့် ရခိုင်လူထု၏ လေးစားချစ်ခင်မှုကိုမရနိုင်ပေ။ ယင်း၏ဆန့်ကျင်ဘက်သက်ရောက်မှုများသာတိုးပွားစေပါသည်။ စစ်မှန်သောပြည်ထောင်စုဖော်ဆောင်ရန် မဟာဗန္ဒူလထက် ရခိုင်ပြည်နယ်တွင် ဆရာတော်ဥတ္တမ ကြေးသွပ်ရုပ်ကြီးများပိုအရေးကြီးပါသည်။
အချူပ်အားဖြစ်ဆိုရသော မြန်မာလူထုတွင် အမြစ်တွယ်နေသော မဟာစိတ်ကိုတိုးတက်သောလူသားစိတ်ဓာတ်များအခြေခံကာဖျောက်ပစ်ဖို့လိုပါသည်။ မြန်မာနိုင်ငံရှိလူငယ်များသည်မတူကွဲပြားသောအရာ များကို ထောင့်စုံ (ecologically ) သုံးသပ်ကာ လက်ခံနိုင်စွမ်းရှိလာအောင်၊ ယင်းမတူကွဲပြားမှုများကိုတန်ဖို့ထားတတ်လာအောင် လေ့ကျင့်ဖို့လိုသည်။ မိမိကိုယ်ကို ငါသည် ပြည်ထောင်စုသားတစ်ယောက်ဖြစ်သည်၊ အခွင့်ထူးခံလူတန်းစားမဟုတ်။ ပြည်ထောင်စုသားအားလုံး တန်တူအခွင့်အရေးရှိရမည်၊ ကရင်တစ်ကျပ် ၊ မြန်မာ(ဗမာ) တစ်ကျပ်ဟု သီအိုရီထုတ်ပြီး လက်တွေ့ မြန်မာ (၇) ကျပ်ရချင်သည့် အချောင်ခိုအခွင့်ရေး ယူချင်သည့်စိတ်များကို ဖျောက်ရမည်။ သို့မှသာ ကျွန်တော်တို့ပြည်ထောင်စုသားအားလုံးမဟာဝါ ဒလောင်းရိပ်မှ လွတ်မြောက်ပြီး ခေတ်မှီဖွိ့ ဖြိုးတိုးတက်သော မဟာဝါဒကင်း ဒီမိုကရေစီပြည်ထောင် ကြီးဆိုသို့ ဦးတည်နိုင်မည်။
“ ပြည်ထောင်စုသားများလိုချင်သောအရာသည် ခွဲထွက်ရေးမဟုတ် ပေါင်းစည်းရေးဖြစ်သည်။
ပြည်ထောင်စုသားများလိုချင်သောအရာသည် မုန်းတီးရေးမဟုတ် ကြင်နာရေးဖြစ်သည်။
ပြည်ထောင်စုသားများလိုချင်သောအရာသည် မဟာဝါဒမဟုတ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးဖြစ်သည်။”
                                                                                                                                                      ချစ်ဖွယ်ဦး
               

No comments:

Post a Comment