Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

13 March, 2012

ဝန်ကြီးဌာနများရဲ့ ဆုံးရှုံးမှု၊ မသမာမှု၊ လိမ်လည်မှုများအား စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်ပြ

ဝန်ကြီးဌာနများရဲ့ ဆုံးရှုံးမှု၊ မသမာမှု၊ လိမ်လည်မှုများအား စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်ပြ

    Posted by Yolanda Aung on မတ် 13, 2012 at 6:46am
 

မြင့်လှိုင်၊ မတ် ၁၂ ရက်၊ ၂၀၁၂
Fire
မြန်မာဝန်ကြီးဌာနများရဲ့ ဆုံးရှုံးမှု၊ မသမာမှုနဲ့ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်က ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းဌာနထံ အစီရင်စာ ပေးပို့ခဲ့ကြောင်း ပြည်သူ့လွှတ်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းသတင်းများနဲ့ မြန်မာပြည်ဆိုင်ရာသတင်းများအရ သိရှိရပါတယ်။
အခုလို အစိုးရ၀န်ကြီးဌာနများရဲ့ မှားယွင်းမှုတွေကို လွှတ်တော်ထံ တင်သွင်းပြီး မြန်မာပြည်တွင်း သတင်းများတွင် ဖော်ပြမှုဟာ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။၁၉၆၂ ခုနှစ်မှာ မြန်မာစစ်တပ်က တော်လှန်ရေးကောင်စီအဖြစ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာ နိုင်ငံတော် အသုံးစရိတ်တွေကို စစ်တပ်အာဏာပိုင်များက ထိမ်းချုပ်ခဲ့ပြီး အရပ်ဖက်ဝန်ထမ်းတွေက စစ်ဗိုလ်တွေအလိုကျ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ရပါတယ်။ ၁၉၈၈ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာတော့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀ကို သူတို့စိတ်တိုင်းကျ ထင်သလို လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အစိုးရရဲ့ ရသုံး ခန့်မှန်းခြေငွေစာရင်းကိုတောင် ထုတ်ပြန်ကြေညာခြင်း မပြုဘဲ ထားခဲ့ကြပါတယ်။ သို့သော် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့က ပြန်လည် စတင်ခဲ့ပြီးနောက်ပိုင်း လွှတ်တော်ကို အစိုးရအသုံးစရိတ်နဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကာ အများပြည်သူကို စတင် အသိပေးလာခဲ့ပါတယ်။ လွှတ်တော်ဆိုင်ရာ သတင်းများအရ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်ပနိုင်ငံများကို ကြွေးမြီ အမေရိကန် ဒေါ်လာ ၁၁၀၂၃ ဒသမ ၂၉၈ သန်း ပေးဆပ်ရန် ရှိနေပြီး ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပေးဆပ်ဖို့ရှိတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၇၅၃၉ ဒသမ ၉၀၈ သန်း ရှိကြာင်း သိရပါတယ်။ ထို့အပြင် အစိုးရ ရသုံးငွေကြေးစာရင်းများအရ လိုငွေပြမှုများလည်း ရှိနေပါတယ်။မြန်မာအစိုးရက လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံတော် အသုံးစရိတ်ကိစ္စ တင်ပြ ဆွေးနွေးနေစဉ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လာမယ့် ဘဏ္ဍာရေးနှစ်က စတင်ပြီး အစိုးရ၀န်ထမ်းများရဲ့ လစာငွေများကို တိုးမြှင့်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ သို့သော်လည်း မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကို ၀န်ထမ်းလစာငွေများ တိုးမြှင့် မပေးနိုင်ကြောင်း ပြန်လည် တင်ပြခဲ့ကာ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ၀န်ထမ်းလစာငွေ တိုးမြှင့်မယ့်ကိစ္စကို ဆက်လက် ဆောင်ရွက်မှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ထိုသို့ အစိုးရနဲ့ လွှတ်တော်တို့အကြားမှာ ၀န်ထမ်းလစာငွေကိစ္စနဲ့ ပတ်သက်ပြီး မတူညီတဲ့အသံများ ကြားလာခဲ့ရသလို ၀န်ကြီးဌာနတွေရဲ့ အရှုံးပေါ်နေတဲ့ ကိစ္စတွေ၊ နိုင်ငံတော်ဘဏ္ဍာသုံးစွဲမှုနဲ့ ပတ်သက်ပြီး အမြင်မတူညီကြတဲ့ အသံများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ လွှတ်တော်အတွင်းမှာ ထိုသို့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုများ၊ တင်ပြမှုများ ပြုလုပ်နေကြဆဲ စာရင်းစစ်ချုပ်က လွှတ်တော်ကို အနည်းဆုံး ၀န်ကြီးဌာန ခြောက်ခုရဲ့ ငွေကြေးလုပ်ထုံးလုပ်နည်းဆိုင်ရာ မလိုက်နာမှုများကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။အမှတ် ၁ စက်မှုဝန်ကြီးဌာန၊ စက်မှု ၂ ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သတ္ထုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သမ၀ါယမ ၀န်ကြီးဌာနတွေမှာ ငွေစာရင်း အလွဲသုံးစား ပြုလုပ်ထားတာတွေ၊ လိမ်လည် ဖော်ပြထားတာတွေ၊ မှားယွင်း ဖော်ပြထားတာတွေ ရှိတယ်လို့ စာရင်းစစ်ချုပ်က လွှတ်တော် ငွေစာရင်းကော်မတီကို အသိပေးခဲ့ပါတယ်။ သို့သော်လည်း အခုလို ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေက တာဝန်ခံခဲ့တယ်၊ ဘယ်သူ့ကို အရေးယူမယ်၊ ဘာ့ကြောင့် ဖြစ်ပျက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက ရေရာသေချာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီနဲ့ ပြန်လည် ပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာ မြန်မာအစိုးရရဲ့ မသမာမှုအချို့ ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာစစ်ဗိုလ်တွေဟာ “မင်းဘဏ္ဍာ ကိုယ့်ဟာ မှတ်ပါလို့“ ဆိုသလို တိုင်းပြည်ဘဏ္ဍာငွေကို သူတို့ စိတ်ကူးပေါက်သလို ရာစုနှစ်တ၀က်ခန့် စီစဉ် သုံးစွဲခဲ့ကြပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ လွှတ်တော်အမတ်တွေအနေနဲ့ တိုင်းပြည်ကို အမှန်တကယ် ပြောင်းလဲဖို့ စိတ်ဆန္ဒရှိရင် အမှားလုပ်ခဲ့သူကလည်း မိမိလုပ်ကိုင်ခဲ့တဲ့ အမှားကို လူကြီးလူကောင်းပီပီ ၀န်ခံပြီး ပြောင်းလဲသင့်တဲ့ လုပ်ငန်းတွေ၊ နည်းဥပဒေတွေကို စနစ်တကျ ပြောင်းလဲ လုပ်ကိုင်ကြမယ်ဆိုရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ ရာထူး ခွဲဝေယူထားတဲ့ မြန်မာအစိုးရကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမို ယုံကြည်လာပြီး မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ သိက္ခာရှိတဲ့၊ အများလေးစား စံပြုရတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တခု ဖြစ်လာမှာ မလွဲပါဘူး။
သတင်း - မြန်မာဝန်ကြီးဌာနတွေရဲ့ အလွဲသုံးစားမှု -


ဝန်ကြီး ဌာန ၆ ခု ဘဏ္ဍာငွေ အလွဲသုံးစား လုပ်မှု စစ်ဆေး တွေ့ရှိ

By မစုမြတ်မွန်

   

မြန်မာနိုင်ငံမှာ အရင် အစိုးရ လက်ထက်တုန်းက ဝန်ကြီးဌာန တချို့ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်ခဲ့တာကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တွေကို အသိပေးခဲ့ပါတယ်။ အဂတိလိုက်စားမှု၊ အလွဲသုံးစား လုပ်မှုတွေရှိတယ်လို့ တိုင်တန်းခံရတဲ့ အစိုးရ ဝန်ကြီးဌာန တွေကို စာရင်း စစ်ချုပ်ရုံး က စစ်ဆေးပြီး သမ္မတဆီကို ပေးပို့တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို မိတ္တူပေးခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဘယ် ဝန်ကြီးဌာနတွေက ပြည်သူ့ ဘဏ္ဍာအလွဲသုံးစားလုပ်တာ တွေ့ရလဲ ဆိုတာကို မစုမြတ်မွန်က ဆက်ပြောပြပါဦးရှင်။

ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးခဲ့တဲ့ အစီရင်ခံစာထဲမှာ ဝန်ကြီးဌာန ၆ ခုမှာ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာတွေ့ရတယ်လို့ ဒီအစီရင်ခံစာ မိတ္တူကိုရခဲ့တဲ့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ခုလို ပြောပြပါတယ်၊

“ဝန်ကြီး ဌာနတွေ ဖြစ်တဲ့ စက်မှု ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီး ဌာန၊ ပြန်ကြားရေး ဝန်ကြီး ဌာန နဲ့ သမဝါယမ ဝန်ကြီး ဌာနတွေ ဖြစ်ပါတယ်။ အဲဒီ အပေါ်မှာ စက်မှု ဝန်ကြီး ဌာန မှာဆိုရင်လည်းဘဲ စက်သုံးဆီတွေကို ရောင်းစားပြီးတော့ စာရင်း လိမ်ပြထားတာပါ။ စက်သုံးဆီ ဂါလံပေါင်း (၂၀၉၃၄၀) ဂါလံ ဖြစ်ပြီးတော့ ကျပ်ငွေက (၃၂၀.၅၆) သန်း ဖြစ်ပါတယ်။ အဲဒါက စက်မှု ဝန်ကြီး ဌာန ကပေါ့။ လယ်ယာ စိုက်ပျိုးရေး နဲ့ ဆည်မြောင်း ဝန်ကြီး ဌာနက လည်းဘဲ အရှုံး စာရင်းကို လိမ်ညာပြီး ဖော်ပြထားပါတယ်တဲ့။ တကယ်တမ်း ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်ကနေ ပြီးတော့ ၂၀၁၀၊ ၂၀၁၁ အထိ ဆက်တိုက် အရှုံးပေါ်ခဲ့တာက စုစုပေါင်း ကျပ်သန်းပေါင်း (၁၅၂၅.၈၄) သန်း ဖြစ်ပါတယ်တဲ့။ နောက် သတ္တုတွင်း ဝန်ကြီး ဌာနက လည်းဘဲ ကြေးနီ ကုမ္ပဏီကို ဦးပိုင်သို့ လွှဲပြောင်းတဲ့ ကြားကာလမှာ ကြေးနီ သတ္တုစင် (၃၅.၄၃၃) သန်း ကို ထုတ်လုပ်ပြီးတော့ စာရင်းမှာ ဖျောက်ထားတယ် လို့ ပြောပါတယ်။ အဲဒီ တန်ဖိုးကို၊ ထုတ်လုပ်မှု မပြဘဲ ဖျောက်ထားတဲ့ တန်ဖိုးက ဘယ်လောက်လဲ ဆိုတာတော့ အမေရိကန် ဒေါ်လာ ဘယ်လောက် ရှိသလဲ ဆိုတော့ (၃,၂၀၆,၆၃၃.၆၅) တန်ဖိုး ရှိတယ် လို့ ဖော်ပြထားပါတယ်။ နောက် ပြန်ကြားရေး ဝန်ကြီး ဌာနကလည်း သတင်းစာဖိုး တွေကို ငွေ ကို လျှော့ပေါ့ပြီး အလွဲသုံးစား လုပ်ထားတယ်။ တကယ်တမ်း ရောင်းရငွေကို မတင်ပြဘဲနဲ့ မသမာ မှုတွေ နဲ့ တင်ပြထားတယ် လို့ ဖော်ပြထားပါတယ်။ သမဝါယမ ဝန်ကြီး ဌာနကလည်းဘဲ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် လုပ်ငန်းစဉ် များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က စစ်ဆေးခဲ့ပါတယ်တဲ့။ သမဝါယမ ပို့ကုန် သွင်းကုန် လုပ်ငန်း လှည့်ပတ် ရံပုံငွေ အတွက်ကျပ် သန်း ၉၀ အား ပြည်ထောင်စု ဝန်ကြီး ရုံး ပြည်တွင်း လှည့်လည် ငွေစာရင်းသို့ လွှဲပြောင်းထည့် ပေးပြီးတော့ နိုင်ငံတော် ဘတ်ဂျက် မှ ခွင့်ပြုထားခြင်း မရှိသော အသုံး စရိတ်ကို ကျခံ သုံးစွဲတာကြောင့် နိုင်ငံတော် သမ္မတရုံး သို့ ၉-၁-၂၀၁၂ ရက်စွဲ နဲ့ တင်ပြထားတာကို တွေ့ရှိရပါတယ်။ စုစုပေါင်း သုံးစွဲထားသည့် ငွေမှာ (၇) ကုဋေ ကျော်ပါတယ် ခင်ဗျ။”

တိုင်ကြားခံရတဲ့ အစိုးရဝန်ကြီး ဌာနတွေအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်က မမှန် မကန်လုပ်နေတာ ဟုတ်မဟုတ် စာရင်းစစ်ခဲ့တယ်ဆိုတော့ ဘယ်နှစ်ထဲက စပြီးစစ်ဆေးခဲ့တာပါလဲ။

“အဲဒါကလေ တစ်ခု နဲ့ တစ်ခု မတူဘူး ခင်ဗျာ။ ဌာန တစ်ခု နဲ့ တစ်ခု မတူပါဘူး။ ဒါပေမဲ့ သူတို့က အဓိက ကတော့ ထဲထဲ ဝင်ဝင် ပါဝင်နေတဲ့ သက်ဆိုင်သူတွေ ရဲ့ တိုင်ကြားချက်တွေ အပေါ်မှာ သူတို့ သွားပြီးတော့ စစ်ဆေးတာပါ။ အဲဒါကတော့ ဌာန တစ်ခု နဲ့ တစ်ခု အကြောင်းခြင်းကတော့ မတူဘူး။ ဒါပေမဲ့ အကြမ်းဖျင်း ပြောရ ရင်တော့ ၂၀၀၅-၀၆ တွေကတည်း က ဖြစ်နေတဲ့ ကိစ္စတွေလို့ ယူဆရပါတယ်။ ဒီမှာ ဖော်ပြထားတာကတော့ပေါ့လေ။ ”

ခုလို ဝန်ကြီး ဌာနတချို့ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်နေတာ တွေ နောက် စာရင်းလိမ် နေတာတွေကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေး တယ်ဆိုတော့ အစိုးရ အနေနဲ့ ပြည်သူ့ ဘဏ္ဍာ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်ပွင့် လင်းလင်း အသိ ပေးချင်တဲ့ သဘောလို့ ဦးဖေသန်း အနေနဲ့ ယူဆပါလား

“ဟုတ်ကဲ့ပါ။ အဲဒါကတော့ ပြည်သူ့ ကိုယ်စားလှယ်တွေကို တော့ အသိပေးတာပေါ့လေ။ တစ်ချိန်က ဒါမျိုးတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ အချိန်မှာတော့ တချိန်က လုပ်ဆောင်ချက်တွေ အပေါ် ဒီလို ဖော်ထုတ်မှဘဲ ဖြစ်တော့မယ်။ တိုင်စာတွေ ကလည်း ရောက်လာတယ်လေ။ အရင်က မတိုင်ခဲ့တဲ့ လူတွေ ရဲ့ တိုင်စာတွေ ပေါ့။ အဲဒီတော့ အဲဒီ တိုင်စာတွေကို အခြေခံပြီးတော့ ဒါက သမ္မတဆီကို သက်ဆိုင်ရာ ဝန်ကြီး အဖွဲ့ကို တင်ပေးထားတဲ့ စာတွေပါ။ အဲဒီ တိုင်စာတွေရဲ့ ဖြစ်စဉ်တွေ ရဲ့ ကောက်နုတ်ချက်ကို ကျနော်တို့ ဆီကို ပို့ပေးပါတယ်။ အဲဒါကြောင့် အရေးယူဖို့ အပိုင်းတွေက ဝန်ကြီး ဌာန နဲ့ သမ္မတရဲ့ တာဝန်တွေ ဖြစ်သွား ပါလိမ့်မယ်။ ဒီတော့ ကိုယ်စားလှယ် တွေကို အသိပေးတဲ့ အခြေအနေမျိုးသာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် တွေက သိထားတော့လည်း ကျနော်တို့ ဒီ ဥပဒေ ပြုရေး အပိုင်းမှာ ဝန်ကြီး ဌာနတွေ နဲ့ ပြောရေး ဆိုရေး ရှိတဲ့ အပိုင်းတွေမှာ ဒါတွေကို သိထားတော့ ပိုပြီး ကျနော် တို့အတွက် ပြောရ ဆိုရ ပိုကောင်းလာတာပေါ့။ အခုလို လာဘ်ပေး လာဘ်ယူ မသမာမှု တွေကို ဒီနေ့ ဒီ အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့က ဖော်ပြလာတာဟာ ပိုပြီး ပွင့်လင်းလာတဲ့ သဘော ဖြစ်ပါတယ်။ ကျနော် တို့ ပြည်သူ့ ကိုယ်စားလှယ်တွေ အနေနဲ့ အဲဒီလိုဘဲ ပွင့်လင်း လာနိုင်အောင် ဒါတွေ အပေါ်မှာ ဒီအစိုးရက ဒီလို လုပ်နေပါတယ် ဆိုတာ ပြည်သူတွေကို ချပြ နိုင်အောင် အသိပေးတယ် လို့ ကျနော်တို့က တော့ ယူဆပါတယ်။"

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းဘတ်ဂျက် ကိုပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြချိန်မှာ ခုလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment