Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

11 May, 2012

စိန်တုံးကြီးနဲ့ ဖက်ရှင်မမ

စိန်တုံးကြီးနဲ့ ဖက်ရှင်မမ
ယာမားရှီး
ဖက်ရှင်မမ ဆိုတာက ဒီနယ်တ၀ိုက်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ အလှမယ်တဦး။ ချစ်သူဝိုင်းဝိုင်းလည်နေရော။ သူကို့ တကယ်ချစ်နေတာက မောင်လုထူ။ ရိုးတယ်။ ပွင့်လင်းတယ်။ လွတ်လွတ်လပ်လပ် နေတတ်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ ခွန်အားဗလ ကောင်းတယ်။ ဒါပေမယ့် ဆင်းရဲတယ်။ ထူးဆန်းတာက ဖက်ရှင်မမ ကလည်း သူ့ကို ချစ်သတဲ့ဗျ။ လုထူကို မမ သိပ်ချစ်တယ်။ လုထူက မမကို ချစ်တာ မမသိတယ်။ လုထူကို ဆင်းရဲတွင်းက လွတ်အောင် မမ ကြိုးစားပေးမယ်။ မမကို လုထူက ချစ်သူအဖြစ် ရွေးချယ်ပေးထားတော့ မမကလည်း လုထူရဲ့အချစ်ကို အသိအမှတ်ပြုပါတယ်။ လုထူအခက်အခဲတွေ မမကို ပြော။ ဒါမှ ဖြေရှင်းပေးလို့ ရမှာပေါ့။ ရွှန်းရွှန်းဝေနေရော။ မောင်လုထူကလည်း မမမျက်နှာလေးကို ကြည့်လို့ပျော်နေရော။ ******* စိန်တုံးကြီး ဆိုတာက ဒီနယ်ပိုင်ကြီး။ နာမည်အရင်းက စိန်တုံး။ နယ်ပိုင်ကြီးဖြစ်သွားတော့ နယ်သူသားတွေက လေးစားသမှုနဲ့ ကြီး ထည့်ခေါ်တာပါ။ စိန်တုံးက မျိုးနဲ့ ရိုးနဲ့ ချမ်းသာတာ။ ******* စိန်တုံးကြီး ပေါ်လာတဲ့ ဇာတ်လမ်းက ဒီလို … သူ့အဖေက ရွှေတုံးကြီး။ တော်တော်ဆိုးတာ။ မဟုတ်တာတွေ အကုန်လုပ်ပြီး သေသွားတာ။ ချမ်းသာတယ်ဆိုတော့။ လူမိုက်တွေ အများကြီး မွေးထားနိုင်တယ်။ မျက်လုံးစိမ်းစိမ်း ခွေးကြီးတကောင်ကိုလည်း ပိုင်သေးတယ်။ ခွေးကြီးက ဗလကောင်းပြီး လူတွေကို ရက်ရက်စက်စက် ကိုက်တတ်တယ်။ နှစ်ပေါင်း ၆၀ ကျော်နေပြီ။ မောင်လူထုရဲ့ ဘိုးဘွားပိုင်လယ်မြေတွေကို ဦးရွှေတုံး အတင်းသိမ်းလို့ ပြန်ပေးဖို့ တောင်းဆိုတာကို ခွေးကြီးနဲ့ ကိုက်ခိုင်းတာ။ မောင်လူထု စုတ်ပြတ်သတ်သွားတာပေါ့။ ဘိုးဘွားပိုင် မြေယာတွေကို ငါက တိုးတက်အောင် လုပ်ပေးနေတာကွ။ ကာကွယ်စောင့်ရှောက်ပေးနေတာကွလို့ အမြဲကြုံးဝါးနေတာ။ အချိန်တန်ရင် ပြန်ပေးမှာပေါ့လို့ ပြောလေ့ရှိတယ်။ မောင်လုထူကို နှောင့်ယှက်ဖျက်ဆီးသူဆိုပြီး ဖမ်းလိုက် လွှတ်လိုက် လုပ်နေတာပေါ့။ ကိုယ့်ပစ္စည်း ကိုယ်ပြန်တောင်းတာ မတရားဘူး။ အဆိုးမြင်ဝါဒီတဲ့။ ကောင်းရော။ ကိုယ်ပိုင်တဲ့ လယ်မြေတောင် ကိုယ်ပြန်ရပိုင်ခွင့်မရှိတဲ့ မောင်လုထူ ဆင်းရဲတာ ဆန်းသလား။ သူ့ခွေးကြီးလောက်တောင်မှ မောင်လုထူကို တန်ဘိုးမထား။ အဲဒီအချိန်မှာ သူရဲကောင်း ဖက်ရှင်မမက မောင်လုထူကို သနားသွားတယ်။ မောင်လူထုကို ကယ်တင်မယ်ပေါ့။ ဆင်ဖမ်းမယ်။ ကျားဖမ်းမယ် ပြောတာပေါ့။ မောင်လူထု ဘ၀ကို စာနာပါသတဲ့။ မောင်လုထူလက်ထဲ သူ့ပိုင်မြေတွေ ပြန်ရောက်အောင် လုပ်ပေးမယ်ဆိုပြီး ကတိတွေ အထပ်ထပ်ပေးခဲ့တယ်။ မောင်လုထူကိုလည်းသိပ်ချစ်သတဲ့။ နယ်ပိုင်ကြီးရွေးပွဲ သူဝင်မယ်တဲ့။ နယ်ပိုင်ကြီးဖြစ်မှ မောင်လူထုကို ကယ်နိုင်မှာတဲ့။ ဆင်းရဲတွင်းက လွတ်အောင် ကြံဆောင်ပေးမှာတဲ့။ သူဝင်ပြိုင်တယ်။ နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လိုက်မှန်းမသိ။ နောက်ဆုံး နယ်ပိုင်ကြီးက ရွှေတုံးကြီးသား စိန်တုံးဖြစ်သွားသတဲ့။ နယ်သူနယ်သားတွေ မကျေနပ်လို့ ၀ိုင်းကန့်ကွက်ကျလည်း … သမိုင်းလိုအပ်ချက်အရ နယ်ပိုင် ဆက်ခံရတာတဲ့။ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုပြီး မမကို ဖယ်ရှားပစ်တယ်။ ဖက်ရှင်မမကို မဲပေးခဲ့တဲ့ မောင်လူထုနဲ့ ဘော်ဒါတွေ ပန်လန်လက် (ပက်လက်လန်) ကုန်ရော။ ကံဆိုးတဲ့ မမ ဆိုပြီး သနားနေကြရော။ ဒီလိုနဲ့ နယ်ပိုင်ကြီး စိန်တုံးကြီး ပေါ်လာတာ။ စိန်တုံးကြီးက သိပ်တော်တာဆိုပြီး (နယ်ပိုင်လုပ်တာ) တနှစ်တောင် မပြည့်သေးဘူး ချီးကျူးခံရတယ်။ ဘာတွေ တော်မှန်းတော့မသိ။ ******* ဒါပေမယ့် ဖက်ရှင်မမပဲလေ။ ဘယ်ရမလဲ။ စိန်တုံးကြီးအုပ်စုကို အခြားနယ်တွေနဲ့ အဆက်ပြတ်အောင် ဖန်တီးပေးလိုက်တယ်။ စိန်တုံးကြီးတို့ လာဘ်ပိတ်သွားတယ်။ နောက်တော့ … ဆန်းတယ်ဗျာ။ စိန်တုံးကြီးက မောင်လုထူကို သနားတယ်။ သူ့ဟာတွေ ပြန်ပေးရအောင် ကြိုးစားမယ်လို့ ဆိုတယ်။ ပိုင်ရှင်အစစ်ကို လေးစားပါတယ်တဲ့။ မမကိုလည်း သနားသတဲ့။ တူတာတွေ တွဲလုပ်ပြီး မတူတာတွေ ဘေးဖယ်ထားမယ်တဲ့။ လုထူက မမကို သတိပေးတယ်။ စိန်တုံးကြီးကို သတိထားဖို့။ သူ သိပ်လည်တာနော်။ ရွှေတုံးကြီးရဲ့ အချစ်ဆုံးသားနော် မမ။ သိပ်အရောမ၀င်နဲ့ပေါ့။ မမက အေးပါ အေးပါတဲ့။ စိတ်ချပါတဲ့။ ******* ဒီလိုနဲ့ ဟိုလိုနဲ့ နောက်ဆုံး စိန်တုံးကြီး ဖက်ရှင်မမကို ကောက်ယူပစ်လိုက်ရော။ လုထူမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ထည့်သလို ခံစားရတယ်။ ယုံကြည်ထားသမျှတွေ အခုတော့ သဲထဲရေသွန်သလို။ ရည်းစားလူလု အူနုကြံ့ခတ်သလို။ အို ... အသည်းထဲက အတွင်းကြေ။ ******* တွေးရင်းတွေးရင်း မောင်လုထူ တော်တော် စိတ်ဆိုးလာတယ်။ ဖက်ရှင်မမက မောင်လေးအတွက်ပဲကွယ်။ မမကို နားလည်ပါနော်။ ဆိုပြီး ငိုပြတယ်။ လယ်မြေတွေ ပြန်ကို ရစေရမယ် ဆိုပြီး ကတိပေးပါတယ်။ လုထူလည်း ကြိုးစားပေါ့လို့ ဆိုတယ်။ မျက်လုံးစိမ်း ခွေးကြီးကိုလည်း ယဉ်ကျေးအောင် လုပ်ပေးဦးမှာတဲ့။ မောင်လုထူ မမကို ချစ်နေသေးသရွေ့ မမက အမြဲကြိုးစားပေးနေမှာတဲ့။ ******* ယူတာက ယူပေါ့ဗျာ။ အခုဟာက စိန်တုံးကြီးရဲ့ ဒုတိယမယား ဆိုတော့ ဘယ်လို ခံစားရမှန်း မသိတော့ဘူး။ မောင်လုထူ တွေးနေမိတယ်။ “ဒါက မောင်လေးအတွက်ပဲကွယ်။ စိတ်ရှည်မှပေါ့။ မမနဲ့ ပူးပေါင်းမှပေါ့” ချစ်တဲ့အတွက် ခေါင်းညိတ်လိုက်တယ်။ ရင်ထဲကတော့ မကျေနပ်။ ******* “ဘကြီးအောင် ညာတယ်။ အဲလေ ... မမ ညာတယ်” မောင်လုထူ အော်ပစ်လိုက်တယ်။ တနေ့ မမကို ပြန်ရအောင် လုပ်မယ်ဟု ဆုံးဖြတ်လိုက်တယ်။ လယ်မြေတွေ ပြန်ရအောင်လည်း နယ်ပိုင်ကြီးဆီမှာ အရေးဆိုရဦးမယ်။ မမက ဘယ်လိုကူညီမလဲ။ လောလောဆယ်တော့ နယ်ပိုင်ကြီးပေးတဲ့ ရာထူးရသွားသူ။ မျက်လုံးစိမ်းနဲ့ ခွေးကလည်း မာန်ဖီလို့ ကောင်းတုန်း။ ******* အချစ်ဆိုတာ တခါတလေ အသုံးမကျသော အရာတခုဖြစ်တယ်လို့ မောင်လုထူ မှတ်ချက်ချလိုက်တယ်။ မမကို ဆုံးရှုံးလိုက်ရပေမယ့် အချစ်ကတော့ ရှင်သန်နေဆဲ ...။ (ပြည်တွင်းဖြစ် အပေါစား အချစ်ဝတ္ထုတပုဒ်ဖြစ်တဲ့ စာရေးဆရာမကြီး အိုပန်းချယ်ရီအွန်အွန်မောဇာခြည်ရဲ့ “ထွေလီပွေလီ ရှုပ်တယ် ... လူညာတွေကြားက ဖက်ရှင်မမရယ်” ဆိုသော ဘုတ်အုတ်ပါ အကြောင်းအရာများကို မှီငြမ်းရေးသားအပ်ပါ၏။) ယာမားရှီး ၉-၅-၂၀၁၂

No comments:

Post a Comment