Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

05 March, 2012

ဒေါ်စုကိုခရီးဦးကြိုပြုနေမဲ့ ဒီပဲယင်းဝိဥာဉ်ရိပ်တွေထဲက သခင်မီးပွား ခေါ် ဦးထွန်းအောင်ကျော်သို့


  ဒေါ်စုကိုခရီးဦးကြိုပြုနေမဲ့ ဒီပဲယင်းဝိဥာဉ်ရိပ်တွေထဲက သခင်မီးပွား ခေါ် ဦးထွန်းအောင်ကျော်သို့
ကိုထက်

သ္ခင်မီးပွားရေ…. ဒေါ်စုရဲ့စည်းရုံးရေးခရီးစဉ်တဲ့ ။ မန္တလေးနဲ့စစ်ကိုင်းမြို့တွေမှာ မြို့လုံးကျွတ်ကြိုလိုက်ကြတာများဗျာ ။ အဲဒီမြင်ကွင်း ကိုတွေ့ရတော့ ကျွန်တော် သ္ခင်မီးပွားကို သတိရလိုက်တာဆိုတာလေ…။

သ္ခင်မီးပွားသာ သက်ရှိထင်ရှားရှိရင် မန္တလေးမှာထဲက ဒေါ်စုအနားကခွာတော့မှာမဟုတ်ဘူးနော် ။ ဘာလို့လည်းဆိုတော့ သ္ခင်မီးပွား က မုံရွာသားဆိုပေမဲ့ မန္တလေးသားတစ်ပိုင်း ဖြစ်ခဲ့တာကိုး ။ မန္တလေးတစ်မြို့လုံးက NLD ခေါင်းဆောင်တွေ ၊ ကျောင်းသားခေါင်း ဆောင်တွေဆိုတာလည်း သ္ခင်မီးပွားနဲ့မသိသူ ၊ မရင်းနှီးသူ မရှိသလောက်ပဲဟာ ။ နဂိုကထဲကမှ ကျောင်းဆရာပီသစွာ ဟိုလိုလုပ် ၊ ဒီလိုလုပ်နဲ့ ဆရာလုပ်နေရမှကျေနပ်တဲ့သူဆိုတော့ ဒေါ်စုဟောပြောဖို့ ပြင်ဆင်ပေးနေတဲ့သူတွေနားမှာ သူတို့စိတ်တိုပြီးတခုခုပြော အော်လွှတ်တဲ့အထိ ပွစိပွစိလုပ်နေမှာ သေချာလောက်ပါရဲ့ ။

ဒါနဲ့ သ္ခင်မီးပွားဆိုလို့ လူတွေက ဒါရိုက်တာမီးပွားနဲ့မှားနေပါဦးမယ် ။ သ္ခင်မီးပွားဆိုတာက ရောက်လေရာမှာ မီးပွားကျသလို ပြဿနာ တစ်ခုခုဖြစ်ပြီး လောင်တတ်လွန်းလို့ ရဲဘော်ရဲဘက်တွေ ၊ တပည့်ကျော်တွေက ချစ်စနိုးနဲ့ပေးထားတဲ့နာမည်လေ ။ နာမည်ရင်းက ဦးထွန်းအောင်ကျော် ။ ဗမာပြည်နိုင်ငံရေးလောကမှာ ထွန်းအောင်ကျော်တွေအများကြီးရှိတဲ့ထဲက မုံရွာဦးထွန်းအောင်ကျော် ။ ကျူ ရှင်ဆရာ ဦးထွန်းအောင်ကျော် ။ တောတန်းအိုင်ဦးထွန်းအောင်ကျော် ။ (တောတန်းအိုင်ဆိုတာက ဦးထွန်းအောင်ကျော်ရဲ့ မိသားစု တွေ မုံရွာမှာဖွင့်ခဲ့တဲ့ တောတန်းအိုင် ၊ ဒုတိယအိမ် ၊ တမ္ပ၀တီ ဆိုတဲ့ လ္ဘက်ရည်ဆိုင်တွေထဲက မုံရွာနယ်မှာမသိသူမရှိတဲ့ နာမည်) ၊ ၈၈မှာစစ်တပ်အာဏာသိမ်းလို့ ကျောင်းသားတွေတောခိုတော့ အိန္ဒိယနယ်စပ်ကိုရောက်သွားတဲ့ကျောင်းသားတွေကို ကူညီထောက်ပံ့ ခဲ့လို့ ညီအကိုနှစ်ယောက်လုံးထောင်ကျခဲ့ရတဲ့ ဦးထွန်းအောင်ကျော် ။ ၁၇(၁) ၅(ည)ပုဒ်မတွေနဲ့ မုံရွာထောင် ၊ မန္တလေးနန်းတွင်း ထောင် ၊ အိုးဖိုထောင်တွေကို အခေါက်ခေါက်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ဦးထွန်းအောင်ကျော် ။ မန္တလေး ထောင်မှာ ပထမအကြိမ်ထောင်ငါးနှစ်ကျထဲက ပန်းနာရင်ကြပ်ရောဂါနဲ့ သေမှာပဲလို့မှန်းထားခဲ့ကြပေမဲ့ နောက်ထပ်တစ်ကြိမ်ထပ်ကျ ပြီး ပြန်လွတ်သွားတဲ့အထိ အသက်ဆက်ခဲ့ပြီး ဒေါ်စုရဲ့ဒီပဲယင်းခရီးစဉ်ကျမှ ဒေါ်စုကိုလိုက်အားပေးရင်း ၊ ဒေါ်စုကိုကာကွယ်ရင်း ပိန်လှီချည့်နဲ့တဲ့ခန္ဓာကိုယ်လေးနဲ့မတန်အောင် အရိုက်ခံရတဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့် မုံရွာဆေးရုံမှာကျဆုံးခဲ့ရရှာသော အညတ ရသူရဲကောင်း ဦးထွန်းအောင်ကျော် ပါလေ ။


အခုဆိုရင် သ္ခင်မီးပွားရဲ့ဝိဥာဉ် ဘယ်ကိုရောက်နေပြီလဲဗျာ ။ ဒီပဲယင်းမှာအတူကျဆုံးခဲ့တဲ့ တခြားရဲဘော်တွေရဲ့ဝိဥာဉ်တွေနဲ့အတူ မုံရွာမြို့အ၀င်တနေရာကနေ ဒေါ်စုအလာကိုစောင့်မျှော်နေလေမလား ။ သေချာတာတော့ လွတ်လပ်မှ ၊ ဒီမိုကရေစီရမှ အမျှဝေပါဆို တဲ့ သ္ခင်မီးပွားတို့လို တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရသူတွေရဲ့ဝိဥာဉ်တွေက ဒီမိုကရေစီရရှိရေး-ဒို့အရေးလို့ ဟစ်ကြွေးချီတက်ခဲ့ကြတဲ့ လမ်းမ တွေပေါ်မှာပဲ ရှိနေဦးမှာပါ ။ ဒေါ်စုကိုယ်တိုင်ရေစက်ခွက်ကိုင်ပြီး မောင်ဘယ်သူဦးဘယ်သူရေ အမျှ… အမျှ… အမျှ လို့ ရေစက်သွန်း ချအမျှပေးဝေမဲ့နေ့မဟုတ်ရင် ဘယ်သူပေးတဲ့အမျှအတန်းကိုမှ သာဓုမခေါ်ဘူးဆိုတဲ့ ၀ိဥာဉ်တွေလည်းရှိနေမှာပါ ။

“ကျွန်တော်တို့အိမ်တွေကိုဝင်ပြီး ကျွန်တော်တို့မိသားစုတွေကို အားပေးစကားပြောပေးပါဒေါ်စုရယ် ။ ကျွန်တော်တို့ကိုမေ့မထားပါနဲ့ ။ ကျွန်တော်တို့အတွက် တရားမျှတမှုဖြစ်အောင် ဆောင်ရွက်ပေးပါ ။ ကျွန်တော်တို့ကျဆုံးခဲ့ရတာ ကိုးနှစ်နီးပါးရှိတော့မဲ့အချိန်အထိ ကျွန်တော်တို့ ဘယ်သူတွေ ၊ ဘယ်နှစ်ယောက်ကျဆုံးခဲ့ပါတယ်လို့တောင် အတိအကျမပြောနိုင်တာမျိုးဖြစ်နေတဲ့အခြေအနေနဲ့ ကျွန်တော်တို့ကိုရိုက်သတ်ခဲ့တဲ့တရားခံတွေ လွတ်မြောက်နေတဲ့အဖြစ်ကို စုံစမ်းဖေါ်ထုတ်ပေးပါ ။ ကျွန်တော်တို့ ဒေါ်စုကို ၀ိဥာဉ်ဘ၀ ရောက်နေသည့်တိုင်အောင်တောင် ယုံကြည်မျှော်ကိုးနေဆဲပါ” လို့ ပြောချင်နေတဲ့ သ္ခင်မီးပွားတို့ဆီကစကားသံတွေကို ကျွန်တော် ခံစားကြားယောင်မိပါတယ် ။

သ္ခင်မီးပွားရဲ့ဝိဥာဉ်သာ ရုပ်ရှင်တွေထဲကလို ပူးကပ်စကားပြောနိုင်တာမျိုးဆိုရင် လူ့ဘ၀မှာတုန်းက မငြင်းရမနေနိုင် အာဘောင်အာ ရင်းသန်သန်ပြောခဲ့သလိုမျိုး လက်ရှိနိုင်ငံရေးအခြေအနေကိုတွက်ပြနေဦးမှာ ၊ စစ်အုပ်စုပြောင်းလည်းလာပြီလို့ ပြောနေတဲ့သူတွေနဲ့  ငြင်းခုန်ရန်ဖြစ်နေဦးမှာ ကျွန်တော်သိပါတယ် ။

“ ဒီကောင်တွေမှာ ရိုးသားမှုမရှိဘူးဆိုတာအရှင်းကြီးဟာကိုကွာ ။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွှတ်သေးပဲ ချန်ထားတာကို ကြည့် ။ ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်ကမောင်းထုတ်တာကိုကြည့် ။ ဦးဂမ္ဗီရကို အာဏာစက်နဲ့အရေးယူမယ်ဆိုတာမျိုး သတင်းစာကနေခြိမ်းခြောက်တာကိုကြည့် ။ ဒေါ်စုရဲ့ခရီးစဉ်တွေမှာ ဟောပြောဖို့နေရာမရဖြစ်ဖြစ်နေတာတွေကိုကြည့် ။ ဒေါ်စုခရီးစဉ် ရှိရင် ၀န်ထမ်းတွေကိုကြံဖန်ရုံးတက်ခိုင်းတာမျိုး ။ ကျောင်းသားတွေကို စာမေးပွဲလုပ်လိုက်တာမျိုးဖြစ်နေတာတွေကိုကြည့် ။ ဒေါ်စုကို ကြိုမိတဲ့စစ်သားလေးကို ထိုးကြိတ်ရိုက်နှက်ပြီး အချုပ်ထဲထည့်လိုက်တာကိုကြည့် ။ ဘယ်မှာလဲ သူတို့ရဲ့ ဖြောင့်မတ်တဲ့သဘောထား ဆိုတာ ။ မင်းကိုနိုင်တို့ကို လွှတ်ပေးတာလေးလောက်ကို သဘောထားပြောင်းပါပြီပြောမလား ။ နေ၀င်းခေတ်ကနေ ခုချိန်ထိ နှစ်ငါး ဆယ်လုံး ဖမ်းချင်တဲ့အချိန်ဖမ်း ။ လွှတ်ချင်တဲ့အချိန်ပြန်လွှတ်လုပ်လာတာ အခါက်ပေါင်းမရေတွက်နိုင်တော့ဘူး ။ မင်းတို့မသိရင် နေ၀င်းခေတ်ကိုဖြတ်သန်းခဲ့တဲ့သူတွေကိုပြန်မေးကြည့် ။ အပစ်အခတ်ရပ်စဲရေးဆိုတာလည်း ဒီလိုပဲ ။ သူတို့ရပ်ချင်ရင် ရပ်တယ် ။ သူတို့တိုက်ချင်ရင် သူတို့ဘာသာရန်စကျူးကျော်မှုတွေအမျိုးမျိုးလုပ်ပြီး ပြန်တိုက်တယ် ။ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်လိုက်ပြန်ပစ် လိုက်ဖြစ်နေတာ ဘယ်နှစ်ကြိမ်ရှိနေပြီလည်း ။ ပြီးတော့ လက်နက်ကိုင်အင်အားစုအားလုံးကို တန်းတူရည်တူထားဆွေးနွေးတာမျိုး လည်းမဟုတ်ဘူး ။ အင်အားရှိတဲ့အဖွဲ့ကို ရှိသလိုဆွေးနွေးပြီး အင်အားနည်းရင်နည်းသလို မဆွေးနွေးပဲထားတာမျိုး ။ မင်းတို့ သိန်းစိန်ပြောင်းလဲပါပြီလို့ပြောနေတဲ့အချိန်မှာ စစ်ဘေးရှောင်ရင်းဘ၀ပျက်သထက်ပျက်နေရတဲ့ပြည်သူတွေ အများကြီးထပ်တိုးနေ သေးတယ် ။

ဝိဥာဉ်ဘ၀ကိုရောက်မှ မင်းတို့မမြင်နိုင်တဲ့ဝိဥာဉ်တွေနဲ့ ငါတွေ့ရတယ် ။ လမ်းမပေါ်မှာ ရက်ရက်စက်စက်ပစ်သတ်လိုက်လို့ ခေါင်း တွေ ၊ ရင်ဘတ်တွေပွင့်ထွက် ၊ ခန္ဓာကိုယ်တစ်ခုလုံး ဇကာပေါက်နဲ့ သွေးအလိမ်းလိမ်းသေခဲ့ရတဲ့ ၀ိဥာဉ်တွေ ၊  စစ်ကြောရေးစခန်းရဲ့ ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးကြောင့် ဖူးယောင်ပေါက်ပြဲဒဏ်ရာမျိုးစုံနဲ့ သေခဲ့ရတဲ့ဝိဥာဉ်တွေ ၊ စနစ်တကျလုပ်ကြံခံရလို့ ဘာဒဏ်ရာမှ မပေါ်ပဲ သေခဲ့ရတဲ့ဝိဥာဉ်တွေ ၊ အများကြီးတွေ့ရတယ် ။ သူတို့တင်ဘယ်ဟုတ်ဦးမလဲ ။ လုံလောက်တဲ့ ဆေးဝါးကုသမှုမရလို့ မသေ သင့်ပဲသေခဲ့ရတဲ့ ပြည်သူတွေရဲ့ဝိဥာဉ်တွေ ၊ အဟာရချို့တဲ့မှုကြောင့် ရောဂါဘယမျိုးစုံဝင်ပြီး သေခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ ၊  အဓမ္မ လုပ်အားပေးခိုင်းစေခံရလို့ ထိခိုက်ဖျားနာပြီးသေခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ ၊ ပေါ်တာဆွဲမိုင်းကွင်းဖြတ်ခိုင်းလို့ သေခဲ့ရတဲ့ဝိဥာဉ်တွေ မရေမတွက်နိုင်အောင်ရှိနေတယ် ။ သူတို့က ဘယ်လိုခွင့်လွှတ်နိုင်မှုတွေနဲ့ စစ်အာဏာရှင်တွေစိတ်ကောင်းဝင်နေပါပြီဆိုတာမျိုး နား လည်လက်ခံပေးနိုင်မလဲပြော ။ ငါတို့က အင်မတန်ရက်စက်ယုတ်မာမှုအောက်မှာ ကိုယ်တွေ့သေခဲ့ရသူတွေကွ ။ မင်းတို့က ရက် ရက်စက်စက်ရိုက်သတ်မခံရဖူးသေးတော့ ငါတို့လောက် စစ်အုပ်စုလှည်းစားတတ်တဲ့အကြောင်းတွေကို မသိသေးပါဘူးကွာ ” လို့ အနိုင်ပိုင်းပြောပြီး လူ့ဘ၀တုန်းကလို ချောင်းတွေတဟွတ်ဟွတ်ဆိုး မောပြနေဦးမှာ..။

ဟုတ်တယ်သခင်မီးပွားရေ … ။ စစ်အာဏာရှင်ခေတ် နှစ်ငါးဆယ်သက်တမ်းမှာ နိုင်ငံရေးအရအရမ်းရှုတ်ထွေးနေတဲ့အချိန်လို့တောင် တချို့ကပြောနေကြပါတယ် ။ “ တချို့တွေ ချီလာစဉ်ကျန်ရစ်ပြီ” ဆိုတဲ့သီချင်းလို ဘယ်အချိန်ကာလအထိ ဆက်ရဦးမယ်မှန်းမသိတဲ့ ခရီးမှာ ခြေကုန်လက်ပန်းကျသွားသူတွေကတော့ ကျန်ရစ်မှာပါပဲ ။ လက်နက်ချပြီး ရန်သူနဲ့ပြန်ပေါင်းထုတ်လိုသူတွေ ကိုယ့်ကိုယ် ကိုယ်ကာကွယ်လေ့ရှိတာကတော့ ရန်သူဟာ အရင်လိုမဟုတ်တော့ဘူး ။ ဒါကြောင့်သူတို့လည်း ပြုပြင်ပြောင်းလည်းရတာပါဆိုတာ မျိုးပေါ့လေ ။ စစ်အုပ်စုနဲ့ဆွေးနွေးချင်တဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆိုတာကလည်း ဥပမာရိုင်းရိုင်းနဲ့ပြောရရင် အို မင်းလာလို့ ငွေရှာရခက်လာတဲ့ပြည့်တန်ဆာမက သွားခေါခေါ ၊ အသားမည်းမည်း ၊ ဗိုက်ပူပူ ၊ အသက်ကြီးကြီးအဖိုးကြီးက မဖြစ်စ လောက်ငွေလေးနဲ့ ခေါ်တာကို ငယ်ရွယ်နုပျိုစဉ်ကလိုမငြင်းဆန်နိုင်ပဲ ရသလောက်နဲ့ လိုက်ရတော့တဲ့အခြေအနေမျိုး ဖြစ်နေတာကိုး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ သ္ခင်မီးပွားရေ ။ ကျဆုံးခဲ့ပြီးတဲ့ရဲဘော်တွေရဲ့ပေးဆပ်မှုဟာ အလကားဖြစ်သွားမှာမဟုတ်ပါဘူး ။ တော်လှန်ရေး ဆိုတာ ဖိနှိပ်ခံပြည်သူတွေကဆုံးဖြတ်တာပါ ။ ဖိနှိပ်ခံပြည်သူတွေရှိနေသမျှ တော်လှန်တဲ့သူတွေနဲ့ တော်လှန်ရေးတစ်ရပ် ရှိနေဦးမှာပါ ။
သ္ခင်မီးပွား ကောင်းရာသုဂတိလားပါစေလို့ ကျွန်တော်ဆုမတောင်းချင်သေးပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ ရင်း ကျဆုံးခဲ့ရတဲ့ သ္ခင်မီးပွားတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်အားကိုးတဲ့ဆန္ဒတွေပြည့်ဝနိုင်ပါစေလို့သာ ဆုတောင်း ပေးနေပါ့မယ် ။ “ ငါတို့သည် တိုက်ပွဲဝင်ရဲဘော်များနှင့် ကျဆုံးခဲ့ပြီးသောရဲဘော်များအပေါ် သစ္စာရှိပါမည်” ဆိုတဲ့ သစ္စာအဓိဌာန်ကို အကြိမ်ကြိမ်အထပ်ထပ်ရွတ်ဆိုရင်း ၊ သခင်မီးပွားနဲ့ ကျဆုံးခဲ့ရသောဝိဥာဉ်တွေကို အလေးပြုဦးညွတ်လိုက်ပါတယ် ။

ဒီပဲယင်းလူသတ်ပွဲ ကိုးနှစ်အကြာမှာ ပထမဆုံးအကြိမ်ပြန်ရောက်ခဲ့တဲ့ ဒေါ်စုရဲ့စစ်ကိုင်းတိုင်းခရီးစဉ်သို့…။
ကိုထက်

No comments:

Post a Comment