Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

24 January, 2012

ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာ (ကြည်ကြည်လွင်)

ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာ ပြုလုပ်သူက အသစ်အသစ်တွေပြုလုပ်သွားလို့ မေ့နေပေမယ့် ခံရတဲ့သူက မမေ့နိုင်ဘဲ အမြဲတန်း ခံစားနေရတာကိုဆိုပါတယ်။
ဦးခင်ညွန့်က ပြု့ခဲ့ပြီး အခုမှ ကံ ကံရဲ့အကျိုးပေးပါ ။ ဖြစ်ပြီးရင် ပျက်တာဘဲဆိုပေမယ့် သူ ဖြစ်စေခဲ့လို့ ပျက်ခဲ့ရတဲ့ ဘ၀ တွေ ပျက်ခဲ့ရတဲ့ မိသားစုထမင်းဝိုင်းတွေ ပျက်ခဲ့ရတဲ့ အနာဂတ်တွေ ပျက်ခဲ့ဆုံးခဲ့တဲ့ အသက်တွေ နာခဲ့ ကျိုးခဲ့ ကန်းခဲ့ ရတဲ့ ခန္ဒာတွေ အိပ်မက်ဆိုးကြီးကို အချိန်အကန့်အသတ်မရှိခံစားခဲ့ရတဲ
့ ခါးသီး ဆိုးရွားတဲ့ခံစားမှုတွေ အခုအောက်မှာဖတ်ခဲ့ရတဲ့ အတွေ့အကြုံတွေဆိုတာ ခံစားရသူမပြောနဲ့အုံး ဖတ်ရတဲ့ သူတွေပါ ရင်နဲ့မဆန့်အောင် ဖြစ်ခဲ့ပါတယ်။
ဒီတော့ သူလိုလူကို လူ့မြင်ကွင်းမှာတောင် မမြင်ချင်ဘူး။ မဟုတ်တန်းတရားတွေပြောနေတာလည်း မကြားချင်ဘူး။ သူကြောင့် လူတွေဘယ်လောက်ဒုက္ခရောက်ခဲ့ကြရသလဲ။ လူတွေ ကို လူလို မဆက်ဆံခဲ့ဘူး။
သူ့ပေါင်ပေါ်ကျတဲ့မီးကျတော့ပူတတ်လိုက်တာ။ မိသားစုတွေနဲ့ခုမှတွေ့ရပါသတဲ့။ စားဝတ်နေရေးအတွက် တခါဝတ် ပိုးပုဆိုးတွေရောင်းစားရပါသတဲ့။ ပန်းပင်စိုက်ပြီးအသက်ဆက်ခဲ့ရပါသတဲ့။ အိမ်ကြီးအိမ်ကောင်းထဲ အိပ်ရာအေကာင်းအစားကြီးထဲအိပ်နိုင် ရွှေရေးကနုတ်ပန်းတွေကွပ်ထားတဲ့ ဖဲ ဆိုဖာကြီးပေါ်မှာထိုင်ပြီး မိကျောင်းမျက်ရည်ကျပြနေတတ်လိုက်တာ။
ခုကျမှ ကိုယ့်ဖက်ကိုယ်ယက်ပြီးတရားကျပြနေလိုက်တာ ဒါတွေကို မီဒီယာတွေက လူမြင်ကွင်းကိုချပြနေတာက သူ့ကို နေရာပေးခြင်းတမျိုးလို့မြင်ပါတယ်။ ကျွန်မရဲ့အမြင်ဟာ အဆိုးမြင်တာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သူလုပ်လိုက်လို့ ဘာမှမသိဘဲ အဖမ်းခံရ အနှိပ်စက်ခံရ လူနဲ့မတူအောင် ထားခံရ၊ အိပ်စရာ ၃ပေလောက်မှာ စောင်ပါးနဲ့ ခေါင်းအုံးကလွဲပြီးမရှိ။ စားစရာ မသေရုံစားရ ရောဂါဖြစ်တာတောင် ဆေးကုလို့မရ ၊ မိသားစုတွေ လာမတွေ့နိုင်အောင်ဝေးလံခေါင်သီတဲ့ထောင်တွေမှာထားခံရ၊ ထောင်ဆိုတဲ့ လူ့ငရဲထဲမှာ ပြန်ပြောရင်တောင်မယုံနိုင်လောက်တဲ့ ဒုက္ခဆင်းရဲတွေနဲ့ပြည့်နှက်နေအောင် မသေမရှင်လုပ်ထားခံကြရ၊ သူအကျယ်ချုပ်နေရတာဟာ ဒါတွေနဲ့နှိုင်းရင် ငရဲ နဲ့ နိဗာန်ပါ။ သူဟာလောကကြီးနဲ့အဆက်ပြတ်နေလို့ စိတ်နှလုံးချုံးချူံးကျနေတဲ့ ပုံလည်းမပေါက်ပါဘူး။ စားရမဲ့ သောက်ရမဲ့ လူလို မနေနိုင် မစားနိုင်တာလည်းမဖြစ်သေးပါဘူး။
သူလိုလူမျိုး လူ့အသိုက်အ၀န်းကိုပြန်မခေါ်သင့်ဘူး။ လူမသိ သူမသိ နေထိုင်ပြီး လုပ်ခဲ့တဲ့ မတရားမှု အကုသိုလ်တွေအတွက် ပူဆွေးသောကတွေနဲ့ သေသင့်တယ်။
ပေဖြစ်တုန်းကတော့ ထုခဲ့ပြီး ကိုယ့်အလှည့်ခံရတော့မယ်ဆိုတော့ အများသနားအောင် ပြိတ္တာမျက်ရည်ကျပြနေသေးတယ်။
သူကောင်းအောင်လုပ်ပေးခဲ့တယ်လို့မြင်တဲ့ပြောတဲ့သူတွေလည်း ပြန်စဉ်းစားသင့်တယ်။ ကိုယ့်အမျှိုးတွေ သူ ဒုက္ခပေးတဲ့ အထဲ မပါလို့ ။ သူကောင်းတယ်လို့ပြောနေတာမျိုးမလုပ်ကြပါနဲ့။ခုထိ သူ့စနက်ကြောင့် မလွတ်သေးတဲ့သူတွေရှိနေသေးတယ်။ သူ့စနက်ကြောင့်အသက်ပေးခဲ့ကြသူတွေလည်းအများကြီးပါဘဲ။
အခုမှ မှားခဲ့ပါတယ် ဆိုလို့ သင်ပုန်းခြေဖို့အတွက် တော့ ခံခဲ့ကြရတဲ့ သူတွေ အတွက်လည်း မျက်နှာထောက်ထားကြဖို့ကောင်းတယ်။ အားနာ ကိုယ်ချင်းစာကြပါအုံး။ သည်းခံတယ် ခွင့်လွှတ်တယ် ဆိုတာ အရာတိုင်းအတွက်မဟုတ်ဘူး။ သူ့အတိုင်းအတာနဲ့သူရှိတယ်။ဒီနေရာမှာ နိဗာန်ရောက်ကြောင်းတရားရှာနေတာမဟုတ်လို့ သည်းခံ ခွင့်လွှတ်ဖို့ မပြောနိုင်ဘူး။ ဒီလိုသာ သည်းခံခွင့်လွှတ်ရရင် နောင်လည်း ဒါမျိုးတွေ လုပ်ချင်ရာလုပ်ပြီးမှ မှားသွားလို့ပါ၊ မလွန်ဆန်နိုင်လို့ပါ ဘွာတေး ဘွာတေး ဆိုပြီး ပြောနေရင် သည့်ထက်ဆိုးတဲ့ အဖြစ်တွေနဲ့ရင်ဆိုင်ဖို့ပဲရှိတော့တယ်။ သူလို လူတွေနောက်တခါ မလာရဲအောင် မလုပ်ရဲအောင် လုပ်ခဲ့တဲ့ ပြစ်မှုနဲ့ညီမျှတဲ့ ပြစ်ဒဏ်တော့ ရှိသင့်တယ်လေ။
ကိုယ့်ပေါင်ပေါ်ကျမှ မီး က ပူတာမဟုတ်ပါဘူး။ မီးဆိုတာ ဘယ်သူ့ပေါင်ပေါ်ဘဲကျကျ ပူတတ်တဲ့အရာပါ။
ကြည်ကြည်လွင်
ရန်ကုန်မြို့

No comments:

Post a Comment